ရွှေဖရုံသီးဟင်း
ဒီဟင်းကတော့ မာမာ့အကြိုက်ထဲက ဟင်းတစ်မယ်ပါ ချက်ရတာလဲလွယ်ပါတယ် စားရတာလဲကောင်းပါတယ် ငပိထောင်းလေးနဲ့များတွဲပြီးစားလိုက်ရင် ဆွေမေ့မျိုးမေ့ပေါ့နော်။
ရွှေဖရုံသီးက စီးရင်ပိုပြီးစားကောင်းပါတယ် ဒီမှာတော့ ပလပ်စတစ်တွေအုပ်ထားတဲ့အတွက် စီးမစီး မသိရပါဘူး မြန်မာပြည်မှာဆိုရင် ရွှေဖရုံသီးကို လက်သည်းလေးနဲ့ထိုးလိုက် ထွက်လာတဲ့အစည်းကိုလက်မနဲ့ လက်ညှိုးလေး၂ခုမှာကပ်ပြီးကြည့်လိုက်လို့ ကပ်နေရင်စီးတယ်ပေါ့နော် ဒီမှာကလိုချင်တဲ့အလုံး ကောက်ယူလာပြီး ချက်ရတော့တာပါဘဲ ကံကောင်းရင် အစီးသီးရမယ် ကံမကောင်းရင် ဖွာတာတာအသီးလေး စားရမယ်ပေါ့နော်။
ပါဝင်ရမှာလေးတွေပြောပါမယ်
- အခွံခွာပြီး ရေစင်အောင်ဆေးထားသော ရွှေဖရုံသီး - 1kg
- အခွံခွာပြီး ကြောခွဲအမဲကြောင်းထုတ်ထားသောပုဇွန်ထုတ် - ဆယ်ကောင်
- ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ညက်နေအောင်ထောင်းသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ညက်နေအောင်ထောင်းထားသော ချင်း - လက်တစ်ဆစ်
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ချက်ဖို့ပြင်ပါမယ်
- ဟင်းရည်သောက်ချက်ရန်အိုးတစ်လုံးထဲသို့ရွှေဖရုံသီးနဲ့အတူ ပါဝင်ပစ္စည်းအားလုံးကိုထဲ့ပြီးနယ်ပေးပါ
- ရေအနည်းငယ်ထဲ့ပြီး တည်ပေးပါ
- ရေခမ်းကာနီး ဆီသံမကြားခင်ရေလိုသလောက်ထဲ့ပြီးတည်ပေးပါ
- ရွှေဖရုံသီးနူးတာနဲ့ ဟင်းရည်အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
- ပြီးရင်စားသုံးရန်ရပါပြီ။
No comments:
Post a Comment