Tuesday, August 26, 2014

ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးအား KIA အဖွဲ့မှ ပစ်သတ်

သြဂုတ် ၂၆ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ တုံပင်ကျေးရွာအနီးတွင် သြဂုတ် ၂၄ ရက်နေ့၌ ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ တုံပင်ကျေးရွာနေ ရှမ်းတိုင်းရင်းသားတစ်ဦးသည် တူမီးသေနတ်ဖြင့် တောလည်သွားစဉ် နေ့လယ် ၃ နာရီခွဲခန့်အချိန် တောအုပ်ထဲ၌ KIA အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သူက မုဆိုးပါ၊ အမြဲတမ်း တောလည်နေတာ၊ ဟိုတစ်နေ့က ရွာအပြင်တောအုပ်ထဲမှာ သေနတ်သံ သုံးလေးချက်ကြားတာနဲ့ ရွာကလူတွေ သွားကြည့်တော့ သေနတ်မှန်ပြီး သေနေတာတွေ့တယ် ” ဟု တုံပင် ရွာသား တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သွားသော ဒေသခံရှမ်းတိုင်းရင်းသားမှာ တုံပင်ကျေးရွာနေ ဦးအိုက်မောင် (၃၆) နှစ်၊ (ဘ) ဦးအိုက်ရွှေ၊ ရှမ်း/ ဗုဒ္ဓ၊ တောင်သူ လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။

“ ဒီရွာထဲကို KIA စစ်သားတွေဝင်လာကြတယ်၊ အိုက်မောင်ကို ပစ်သတ်တာ သူတို့ဆိုတာ သေချာတယ်၊ ကျန်ရစ်တဲ့ မိသားစုကို ဘာမှမေးမြန်းတာမရှိဘူး၊ ဒေသခံတစ်ဦးက အကြောင်းမဲ့ သက်သက်ပစ်သတ်ခံရတာ ” ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

ယင်းရွာသားအား ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ KIA အဖွဲ့မှ အရာရှိတစ်ဦးအား ရပ်မိရပ်ဖများမှ သွားရောက် မေးမြန်းခဲ့ရာ အစိုးရတပ်မှ စစ်သားဟု ထင်မှတ်၍ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း အကြောင်းပြချက် ပေးခဲ့ပြီး ကူညီထောက်ပံ့မှု ၊ မိသားစုအား လာရောက်တောင်းပန်မှုလည်း မပြုလုပ်ကြောင်း သိရသည်။

မိုးညှင်းမြို့ခံ ရှမ်းတိုင်းရင်းသားတစ်ဦးက “ အပြစ်မဲ့ ပြည်သူကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာဟာ အကြမ်း ဖက်လုပ်ရပ်ပါ၊ KIA အဖွဲ့ဆိုတာ ဒေသခံရှမ်းတွေကို အမြဲတမ်းအနိုင်ကျင့် နှိပ်စက်နေကြပါ၊ အခုလည်း သေနတ်နဲ့ ပစ်သတ်သွားပြန်ပြီ၊ ဘယ်လိုပဲ အကြောင်းပြချက်ပေးပေး ဒီကိစ္စအပေါ် KIA ခေါင်းဆောင်တွေ အနေနဲ့ ဖြေရှင်းပေးဖို့ လိုပါတယ် ” ဟု ပြောကြားသွားသည်။

ကောင်းထက်


Posted via Blogaway

No comments:

Post a Comment