ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ မံကင်းကျေးရွာအနီး နန့်ဖားရွှေမှော်တွင် သြဂုတ် ၂၄ ရက်နေ့၌ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ စက်ဆိုင်းများအား ဆက်ကြေးငွေ လာရောက်ကောက်ခံသွားကြောင်း ယင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာ၏ တောင်ဘက် ၈ မိုင်ခန့်အကွာ ကျောက်ချောင်းနှင့် နန့်ဖားချောင်းဆုံတစ်ဝိုက်တွင် နန့်ဖား ရွှေမှော် အဖြစ် သတ်မှတ်ပြီး ရွှေတူးဖော်နေသော လုပ်ငန်းရှင်များအား ဆက်ကြေးကောက်နေခြင်းဖြစ်ကြောင်း စက်ဆိုင်းလုပ်သားတစ်ဦးက ပြောသည်။
``အဲဒီမှော်ထဲမှာ စက်ဆိုင်းတွေက နှစ်ဆယ်လောက်ရှိတယ်၊ စက်ဆိုင်းတစ်ဆိုင်းကို ၃ သိန်းနှုန်းကောက်တယ် လို့ကြားတယ်´´ ဟု ဆင်ဘိုမြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါရွှေမှော်တွင် တူးဖော်နေသော စက်ဆိုင်းပိုင်ရှင်များမှာ စီပွားဖြစ်မဟုတ်ဘဲ တစ်ပိုင်တစ်နိုင်တူးဖော်နေ ခြင်းဖြစ်ပြီး KIA အဖွဲ့မှ တောင်းသော ဆက်ကြေးငွေမှာ အဆမတန်များပြားသဖြင့် အရှုံးပေါ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဆင်ဘိုမြို့သစ်တောဦးစီးဌာနမှ မြို့ခံတစ်ဦးက ``ချောင်းဆုံမှာ စက်ဆိုင်းတွေနဲ့ ရွှေတူးတာဆိုတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာပေါ့၊ ရေစီးရေလာမကောင်းဘဲ ရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်လေ၊ ဒါပေမယ့် အစိုးရဌာနဆိုင်ရာအဖွဲ့တွေသွားဖို့ကလည်း နယ်မြေလုံခြုံရေးက စိတ်မချရသေးတော့ သိပေမယ့် ဘာမှ လုပ်လို့ မရဘူးဖြစ်နေတယ်´´ ဟု ပြောသည်။
``KIA စခန်းလည်းရှိတယ်၊ ပန်းတန်းစခန်းလို့ခေါ်တယ်ဗျ၊ အဲဒီစခန်းကနေလာပြီး ဆက်ကြေးလာကောက်တာ၊ ရွှေတူးတဲ့ပိုင်ရှင်တွေလည်း KIA ကိုဆက်ကြေးပေး၊ အလုပ်သမားခ၊ စက်ဆိုင်းကုန်ကျစရိတ်နဲ့ ဘာမှ မကျန် ပါဘူး၊ KIA အတွက် ငွေရှာပေးသလိုဖြစ်နေတာပေါ့´´ ဟု မံကင်းရွာသားတစ်ဦးက ပြောကြားသွားသည်။
ထိုက်ဇော်
မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ
Websiteလိပ်စာ
http://mohnyinnews.blogspot.com
သို့မဟုတ် google မှာလဲ မိုးညှင်းသတင်း လို့ရှိက်ပြီဝင်ရောက်
ကြညိ့ရှုနိုင်ပါတယ်
Posted via Blogaway
No comments:
Post a Comment