........

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ လွယ်ဆေးတောင်ကြောအနီးတွင် သြဂုတ်တတိယပတ်မှစ၍ ဒေသခံရှမ်း တိုင်းရင်းသား ၊ တိုင်းရင်းသူများအား ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)အဖွဲ့မှ အကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါတောင်ကြောအနီးရှိ နားပိန်းကျေးရွာ အနီးတစ်ဝိုက်တွင် SSPP/SSA အဖွဲ့မှ ဒေသခံအမျိုးသား/ အမျိုးသမီး(၂၀)ဦး ခန့်အား ဖမ်းဆီးချုပ်နှောင်ထားကြောင်း မျက်မြင်ရွာသားတစ်ဦးက ပြောသည်။
`` ရွာထဲဝင်ပြီး ဖမ်းသွားလည်း ဒီအတိုင်းငြိမ်နေရတာပဲလေ၊ လက်ထဲမှာသေနတ်တွေကိုင်ထားတော့ ဘာမှပြန်မပြော ရဲဘူး၊ သူတို့အဖွဲ့လုပ်သမျှ ခံနေရတာပဲ ´´ ဟု နားပိန်းရွာသား ဦးစိုင်းမြကပြောသည်။
SSPP/SSAအဖွဲ့မှ ဒေသခံများအား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားပြုလုပ်ခြင်းနှင့် အခြားသောပြစ်မှု များကို ကျုးလွန်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
`` အမျိုးမျိုးစွပ်စွဲပြီး ဖမ်းသွားတာပါ၊ ကြားရတာကတော့ အကျဉ်းစခန်းလုပ်ပြီးတော့ ချုပ်နှောင်ထားတာကို သိရတယ်၊ မိဘဆွေမျိုးတွေကို ငွေနဲ့လာရွေးခိုင်းတယ်လေ၊ ဒီလုပ်ရပ်ဟာ ပြန်ပေးဆွဲတာပဲပေါ့ ´´ ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ဖြစ် သူက ပြောသည်။
အဆိုပါအဖွဲ့မှဖမ်းဆီးထားသော ရွာသူရွာသားများအားတစ်ဦးထား ငွေ(၁၀)သိန်းကျပ်ပေးလျှင် အချုပ်မှပြန်လွှတ်ပေး မည်ဖြစ်ပြီးငွေမပေးနိုင်ပါက ယင်းတပ်ဖွဲ့ထဲသို့ လူသစ်အဖြစ်ဝင်ရောက်ရမည်ဟု ခြိမ်းခြောက်ထားပြီး အချို့ဆိုရင် (၆)လခန့် အထိ ချုပ်နှောင်ထားပြီး ပြစ်ဒဏ်ကျခံရမည်ဟု ပြောဆိုထားမှုကြောင့် မိသားစုများလည်း စိုးရိမ်ပူပန်နေကြကြောင်း သိရှိရ ပါသည်။
ကောင်းစံ(ရှမ်း/မြောက်)
Posted via Blogaway
No comments:
Post a Comment