Friday, January 2, 2015

မူးယစ်ကျေးကျွန်၊ မက်သဒုန်းကျေးကျွန်မှ ဘဝသစ်ဆီသို့


 မူးယစ်ကျေးကျွန်၊ မက်သဒုန်းကျေးကျွန်မှ ဘဝသစ်ဆီသို့

မျက်လုံးနှစ်ဖက်ဖွင့်၊ အိပ်ရာထပြီး ဘာအလုပ်မှ စိတ်မဝင်စား။ ကိုမောင် (အမည်လွှဲထား) တစ်ယောက် အရင်ဆုံး စံပြဆေးရုံသို့ သွားရန် ပြင်ဆင်နေရသည်။ ထိုကဲ့သို့ မနက်တိုင်း ဆေးရုံသို့ ပြေးလာနေရသည်မှာ နှစ်ချီရှိနေပြီ ဖြစ်သည်။
“မက်သဒုန်း သောက်နေတာ ရှစ်နှစ်ရှိပြီ” ဟု အသက် ၃၃ နှစ်အရွယ် ကိုမောင်က ဆိုသည်။

ကိုမောင်သည် ဆယ်ကျော်သက် (၁၇ နှစ်ဝန်းကျင်) အရွယ်ကတည်းကပင် ဘိန်းဖြူဟု ခေါ်သည့် မူးယစ်ဆေးကို အကြောထဲ စတင်ထိုးသွင်းခဲ့ဖူးကာ ယစ်ဝေဝေ မူးယစ်ကမ္ဘာတွင် ကျင်လည်လှုပ်ရှားနေခဲ့သည်။ ၁၉၉၉ ခုနှစ် အထက်တန်းကျောင်းသား ဘဝတွင် ကိုယ့်ထက် အသက်ကြီးသူများနှင့်တွဲကာ ဘိန်းဖြူကို စမ်းသပ်သုံးစွဲရာမှာ စွဲလမ်းခဲ့ခြင်း ဖြစ်သည်။ ထိုအခါက ပင်နီဆီလင်း ပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူတစ်ပုလင်းမှ ရှစ်ထောင်ကျပ်သာ ရှိသေးသည်။ နေ့တိုင်းသုံးစွဲပြီး ဘိန်းဖြူစွဲလမ်းသည့် ယင်းထသည့်အချိန်တွင် “ငါသုံးလိုက်တာ မှားပြီ” ဟု နောင်တရကာ သိလိုက်သည့်အချိန်မှာ ဘိန်းဖြူနွံထဲမှ ထွက်ရခက်နေလေသည်။ ထို့ကြောင့် ကိုမောင်တစ်ယောက် ဘိန်းဖြူဖြတ်ရန် အကြိမ်ကြိမ် အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် ဖြတ်မရ။ ရုန်းလေလေ နစ်လေလေဖြင့် ယခုဆိုလျှင် ၁၆ နှစ်နီးပါး ရှိလာလေပြီ။

ဘိန်းဖြူစွဲလမ်းမှု ယင်းထခြင်းသည် အရိုးခြင်ဆီထဲက ကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းလျှောဝမ်းကိုက်၊ စိတ်ကယောင်ချောက်ချား စသဖြင့် အလူးအလဲ သုံးရက်ခံနိုင်လျှင် သက်သာသွားသည်။ ခန္ဓာကိုယ်က ယင်းမကိုက်တော့သော်လည်း စိတ်စွဲလမ်းမှု ယင်းက မပြတ်။ စိတ်ပြတ်ရန် အနည်းဆုံး ခြောက်လခန့် လုံးလုံးမသုံးတော့မှသာ ပြတ်နိုင်သည်ဟု ဆိုကြသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကမူ မူးယစ်ဆေးဝါး စွဲခြင်းကို နာတာရှည်ရောဂါ အဖြစ် သတ်မှတ်ပြီး အချိန်မရွေး ပြန်ပေါ်သုံးစွဲနိုင်သည်ဟု ဆိုထားသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး စွဲနေသူများကို မက်သဒုန်း ဆေးရည်ဖြင့် ကုသကာ ဖြတ်ခြင်းသည် ၎င်းတို့၏ဘဝ ပြောင်းလဲမှုအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ဆရာဝန်အများစုက ဆိုထားသည်။

၂၀၀၆ ခုနှစ် အစောပိုင်းကာလတွင် မူးယစ်ဆေး ဖြတ်သူများကို OP ဖြင့်သာ ဖြတ်ပေးခဲ့သည်။ ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် UNODC ၏ အစီအစဉ်ဖြင့် မူးယစ်ဆေး အစားထိုးဆေးရည် မက်သဒုန်း စီမံချက်ကို စတင်ခဲ့သည်။

ကိုမောင်သည်လည်း ယစ်ဝေဝေ မူးယစ်နွံထဲမှ ရုန်းထွက်နိုင်ရန် မက်သဒုန်း အစားထိုးဆေးရည် စီမံချက် စတင်ကတည်းကပင် ကုသမှု ခံယူခဲ့သူဖြစ်ပြီး လက်ရှိ အချိန်ထိလည်း ကုသမှု ခံယူနေဆဲဖြစ်ကာ သင်္ဃန်းကျွန်းဆေးရုံတွင် မနက်တိုင်း ဆေးလာသောက်နေခြင်း ဖြစ်သည်။ ကိုမောင်ကဲ့သို့ မက်သဒုန်း သောက်သုံးကာ ကုသမှု ခံယူနေသူ မူးယစ်လောကသားများမှာ လူ ၂၅၀ ခန့်ရှိသည်။

ကျန်းမားရေး ဝန်ကြီးဌာန၏ စာရင်းဇယားအရ မူးယစ်ဆေးဝါး ပပျောက်ရေး ပထမငါးနှစ် စီမံကိန်း (၁၉၉၉-၂၀၀၄) တွင် မူးယစ်ဆေးစွဲ လူနာသစ်ပေါင်း ၄၄၆၈ ဦး၊ ဒုတိယငါးနှစ် စီမံကိန်းတွင် ၅၆၆၂ ဦး၊ တတိယငါးနှစ် စီမံကိန်းတွင် ၁၀၆၃၅ ဦး၊ စုစုပေါင်း မူးယစ်ဆေးစွဲ လူနာသစ်ပေါင်း ၂၀၇၈၃ ဦးအား ကုသပေးနိုင်ခဲ့သည်။

မူးယစ်ဆေးဝါး သုံးစွဲမှုတွင် အမျိုးသားများသာမက အမျိုးသမီးတို့၏ သုံးစွဲမှုမှာလည်း မြင့်မားလာပြီး အများစုမှာ စိတ်ကြွဆေးကို သုံးကြသည်။ မူးယစ်ဆေး၊ စိတ်ကြွဆေးပြား သုံးကာ ဆေးကုသမှု ခံယူသူနှင့် လက်ဝယ်ဖမ်းဆီး ရရှိမှုများကို အခြေခံတွက်ချက်ရာတွင် အမျိုးသမီး သုံးစွဲမှုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) ဆေးရုံအုပ် ဒေါက်တာလှဌေး၏ ပြောဆိုချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

လက်ရှိတွင် အဓိက မူးယစ်ဆေးစွဲ ရောဂါကု ဌာနကြီး ၂၆ ခု၊ ဆေးကုဌာနငယ် ၄၇ ခု၊ စုစုပေါင်း မူးယစ်ဆေးစွဲ ရောဂါကုဌာန ၇၃ ခု ဖွင့်လှစ်ထားပြီး မက်သဒုန်း အစားထိုးဆေးရည် တိုက်ကျွေးရေး ဌာနများကို ရှမ်းပြည်နယ်တွင် ၁၁ ခု၊ ကချင်ပြည်နယ်တွင် ၁၁ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ခု ဖွင့်လှစ်ထားသည်။

လူမှုပတ်ဝန်းကျင်တွင်မူ မူးယစ်ဆေး သုံးစွဲသူများကို အထင်သေးအမြင် သေးကြပြီး အယုံအကြည်မဲ့ကြသည်။ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေး သုံးစွဲသူများသည် နေရာဒေသ အသီးသီးနှင့် အဆင့်တိုင်းတွင် ပြစ်တင်နှိမ့်ချ ခွဲခြားဆက်ဆံခြင်းများ ကင်းဝေးပြီး ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ရန် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက်ကို ဖွဲ့စည်းလာသည်။ ကနဦးအစတွင် ဇီဝဇိုး (Swists) ကိုယ်ထူကိုယ်ထ အဖွဲ့လေးဖွဲ့ကာ စတင်ခဲ့ပြီး နောက်ပိုင်းတွင် UNODC ၏ ကူညီထောက်ပံ့မှုဖြင့် ဘားနက်အင်စတီကျုတို့နှင့် ချိတ်ဆက်ကာ ကွန်ရက်ကို ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

မူးယစ်ဆေး သုံးစွဲသူများအား ခွဲခြားနှိမ်ချ ဆက်ဆံခြင်းကို လျှော့ချစေသော အစီအစဉ်များကို ကျယ်ပြန့်စွာ လုပ်ဆောင်ရာတွင် ဦးဆောင်ကြပြီး အိတ်ခ်ျအိုင်ဗီနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုဆိုင်ရာ လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ရာတွင် ဘဝတူများနှင့် တခြားသော နီးစပ်ဆက်နွှယ်သော အဖွဲ့များနှင့် မိတ်ဖက်ဆောင်ရွက်ခြင်းတွင် ပါဝင်လုပ်ဆောင်လာကြသည်။

မူးယစ်သားကောင် ဘဝမှ ရုန်းထွက်လိုသူများသည် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် အနည်းဆုံး နှစ်ပတ်ကြာ မက်သဒုန်းဆေးရည် သောက်သုံးခြင်း ကုသမှု ခံယူပြီးမှသာ သင်္ဃန်းကျွန်းဆေးရုံရှိ မက်သဒုန်း ဆေးတိုက်သည့် ဌာနဖြစ်စေ၊ ရွာသာကြီးဆေးရုံတွင် ဖြစ်စေ အနည်းဆုံး ခြောက်လတိတိ မက်သဒုန်းဆေးရည်ကို သောက်သုံးရမည် ဖြစ်သည်။ ပြီးမှ ဆေးရည်ကို တဖြည်းဖြည်းချင်း ပြန်လျှော့ချကာ ဖြတ်တောက်ရမည် ဖြစ်သည်။

မူးယစ်ဆေးဖြတ်သူများကို ဘိန်းမည်းဖြင့် အရည်ဖျော်ဖော်စပ်ထားသည့် OP ကိုသောက်ကာ တစ်ခါတည်း အပြတ်ဖြတ်နည်းနှင့် မူးယစ်ဆေး အစားထိုးဆေးရည် မက်သဒုန်း သောက်သုံးခြင်းဖြင့် ကုသခြင်းတို့ဖြင့် ကုသပေးလျက်ရှိသည်။

မူးယစ်ဆေးစွဲသူတို့သည် ဆေးဖြတ်ရန် ကုသမှု ခံယူလိုလျှင် နေအိမ်မှ အုပ်ထိန်းသူ သို့မဟုတ် တာဝန်ယူပေးမည့်သူ တစ်ဦးဦး လက်မှတ်ထိုးပေးရန်နှင့် ဆေးကုသမှု မှတ်ပုံတင်ရန်အတွက် လိုင်စင်ဓာတ်ပုံ ခုနစ်ပုံ လိုအပ်သည်။ ထို့နောက် လူနာကို ထွက်ပြေး၍ မရရန် သော့ခတ်ထားသည့် အဆောက်အအုံထဲတွင် နေထိုင်ကုသရသည်။ မက်သဒုန်းဖြင့် ကုသမှုခံယူနေသူကို နေ့စဉ် နံနက်ပိုင်း တစ်ကြိမ်တိုက်ပြီး OP ဖြင့် ကုသသူများကို တစ်ရက် နှစ်ကြိမ်တိုက်သည်။ မက်သဒုန်း ကုသမှုမှာ သောက်ရသည့် ဆေးရည် တဖြည်းဖြည်း များသွားပြီး OP ကုသမှုမှာလည်း ဆေးရည်ကို တဖြည်းဖြည်းများကာ တဖြည်းဖြည်း ပြန်လျှော့ချကာ နောက်ပိုင်း ဆေးရည် လုံးဝမတိုက်တော့ဘဲ
ဖြတ်တောက်ပြီး ကုသပေးသည်။ ဆေးသောက်ရန် ပျက်ကွက်ခြင်း မရှိရပေ။ “သေရေးရှင်းရေး
ဖြစ်နေရင်တောင် မက်သဒုန်း သောက်တာကို ပျက်လို့မရဘူး။ နေ့တိုင်းရက်ဆက် သောက်ရပါမယ်” ဟု ရွာသာကြီးဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ဆေးစွဲကာ ကုသမှုခံယူခဲ့ဖူးသူ အများစု၏ အဆိုအရမူ OP ကုသသူ အများစုသည် မူးယစ်ဆေး ပြန်သုံးစွဲကြပြီး မက်သဒုန်း ကုသသူများမှာလည်း ဆေးပြတ်သွားသူ ရှိသော်လည်း နည်းပါးသည်ဟု ဆိုကြသည်။
“မက်သဒုန်းကို ဖြတ်တာ လေးခါရှိပြီ။ ဖြတ်တာမခံနိုင်လို့ တစ်ပတ်လည်ပြီး ပြန်သောက်ရတာပဲ” ဟု ကိုမောင်က ပြောပြသည်။

မူးယစ်ဆေးအစားထိုး မက်သဒုန်းဆေးရည် ပုံမှန်သောက်သုံးခြင်းဖြင့် မူးယစ်ဆေးအတွက် ပိုက်ဆံမကုန်တော့ခြင်း၊ မူးယစ်ဆေးသုံးစွဲမှု ဘယ်လောက်များများ မက်သဒုန်း သောက်ရုံဖြင့် ဆာလောင်မှု ယင်းမကိုက်ဘဲ နေထိုင်ခြင်း၊ မူးယစ်ဆေး မသုံးရသည့်အတွက် အိပ်မပျော်မဖြစ်ခြင်း စသည့် အားသာချက်များကြောင့် လက်ရှိတွင် မက်သဒုန်းဖြင့် ဆေးဝါးကုသသူတို့သည် များသထက် များလာသည်။ သို့သော်လည်း မက်သဒုန်း သောက်သုံးခြင်းကြောင့် ဝမ်းချုပ်သည့်အပြင် အချိန်တန်လျှင် ယင်း (ဆာလောင်မှု) ဖြစ်သည့် အားနည်းချက်တော့ ရှိသည်။

မက်သဒုန်း ယင်းကမူ ထိုသို့မဟုတ် သုံးရက်ခန့်မှ စတင်၍ အလူးအလဲ ခံရသည်။ လည်ချောင်းမှ တစ်ဆင့် အစာအိမ်အထိ မက်သဒုန်း ဆာလောင်မှုကြောင့် အောင့်သလိုလို ခံစားရသည်။ စိတ်ကယောက်
ကယက် ဖြစ်သည်။ ဝမ်းပေါက် (လျှော) လျှင် သွေးဝမ်းများပင် ပါသည်အထိ ဖြစ်တတ်သည်။ ထို့ကြောင့် မက်သဒုန်းကို သောက်ရသည့် ဆေးရည်ကို တဖြည်းဖြည်း လျှော့ချခြင်းဖြင့်
ဖြတ်တောက်ပေးခြင်း ဖြစ်သည်။ မက်သဒုန်းကို အနည်းဆုံး ခြောက်လသောက်ပြီး တဖြည်းဖြည်းချင်း ပြန်လျှော့ချကာ ခြောက်လဖြတ်ခြင်းဖြင့် ကုသပေးသော်လည်း ဆေးရည်
သောက်သူများမှာ ခြောက်လဖြင့် ဖြတ်ကြသူ ရှားကြသည်။

“မူးယစ်ဆေးသုံးတဲ့ သူတွေဟာ ပြတ်တယ်လို့ မရှိဘူး။ နားတယ်ဆိုတာ ပြီးရင် ပြန်ရောက်လာတာ များတယ်” ဟု တာမွေမြို့နယ် ကျောက်မြောင်းရှိ အသက် ၄၇ နှစ်အရွယ် မက်သဒုန်းဆေးရည် သောက်နေသူတစ်ဦးက မှတ်ချက်ပြုသည်။

၁၉၈၈ ခုနှစ် မတိုင်ခင်က ရန်ကုန်မြို့တော်၏ လူငယ်အသိုင်းအဝိုင်းကြားတွင် ဖင်ဆီဒိုင်းဟု ခေါ်သည့် မူးယစ်ဆေးဝါးကိုသာ အများဆုံး သုံးစွဲခဲ့ကြသည်။ ယင်းနောက် ကြည့်မြင်တိုင်၊ ကြံတောသုသာန် တစ်ဝိုက်တွင် အနာကြီးရောဂါသည်များထံ နံပါတ်ဖိုး (ဘိန်းဖြူ) နှင့် ဘိန်းမည်းကို ဝယ်ယူသုံးစွဲခဲ့ကြသည်။ ရွံရှာခြင်း မရှိကြ။ လမ်းကြားတွင် ချုံကွယ်ကာ ဘိန်းဖြူ အကြောထဲ ထိုးသွင်းကြသည်။ နာမည်ကျော် အဆိုတော်များ၊ သရုပ်ဆောင်များပင် ဆေးလွန်သုံးစွဲမှု ဖြစ်ကာ သေဆုံးခဲ့ရသည် မှာ ရှိခဲ့သည်။ ယင်းတို့ကို နှိမ်နင်းပြီးနောက် လူငယ်များအကြားတွင် စိတ်ကြွဆေးပြားများ ဗုံးပေါလအော မိတ်ဆက် ဝင်ရောက်လာတော့သည်။ ညပိုင်း နိုက်ကလပ်များတွင်ပင် အချိတ်အဆက်များနှင့် ဝယ်ယူနိုင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ မူးယစ်ဆေးဝါးမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရပြီး ယခု နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် မြန်မာနိုင်ငံ၏ ထိပ်သီးချမ်းသာသူ တစ်ဦးဖြစ်သူကို ထိုစဉ်က ဖမ်းဆီးပြီးနောက် စိတ်ကြွဆေးပြား သုံးစွဲမှု လျော့ကျလာသော်လည်း နောက်ပိုင်းတွင် ဒုံရင်းဒုံရင်းသာ ဖြစ်ပြီး ယခင်ကထက်ပင် များသထက် များလာသည်။

လက်ရှိ ရန်ကုန်မြို့တွင် ရာဘ (ရာမ)၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဆေးခြောက်တို့ကို အများဆုံး သုံးစွဲခဲ့ကြပြီး ၂၀၁၀ နောက်ပိုင်းတွင် ICE (ရေခဲ) ဟု ခေါ်သည့် စိတ်ကြွဆေးများ ခေတ်စားလာခဲ့သည်။ သရုပ်ဆောင် အမျိုးသမီးများကြားတွင်ပင် ရေပန်းစားခဲ့သည်။ ICE သည် ရေခဲကဲ့သို့ ကြည်လင်နေသည့် အစိုင်အခဲဖြစ်ပြီး စိတ်ကြွဆေးတစ်မျိုး ဖြစ်ကာ ရာဘတို့ထက် ဈေးမြင့်သည်။ လက်သည်းခွံခန့်သာ ရှိသည့် ရေခဲတစ်ဂရမ်လျှင် တစ်သိန်းနှစ်သောင်း ပေါက်ဈေးရှိသည်။

၂၀၀၈၊ ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က ရန်ကုန်မြို့တွင် ဘိန်းဖြူရောင်းချသူ နည်းပါးခဲ့ပြီး ဈေးနှုန်းလည်း ခေါင်ခိုက်လှသည်။ ပင်နီဆီလင် တစ်လုံးလျှင် တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲဝန်းကျင် အထိပင် ပေါက်ခဲ့သည်။ သို့သော် ၂၀၁၀ နောက်ပိုင်းတွင် တစ်လုံးလျှင် ခြောက်သောင်းကျော် ခုနစ်သောင်းမှ ယခုဆိုလျှင် လေးသောင်းခွဲ၊ လေးသောင်း ဝန်းကျင်ဖြင့် လွယ်ကူစွာ ဝယ်ယူ၍ ရနိုင်သည့် အခြေအနေအထိ ပေါများလာသည်။
“လူငယ်တော်တော်များများ လုပ်နေတာ နေရာတိုင်းမှာ တွေ့လာရတယ်” ဟု ကိုမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုမောင်ကဲ့သို့ လူငယ်ဘဝတွင် အပျော်အပါးဖြင့် စမ်းသပ်ခဲ့ရာမှ မူးယစ်နွံထဲ သားကောင်ပမာ နစ်နေသည့် လူငယ်ပေါင်း မည်မျှရှိနေပြီလဲ ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

မူးယစ်ဆေးသမား ဆိုလျှင်တော့ လူ့ပတ်ဝန်းကျင်၏ အထင်သေးခြင်း၊ အမြင်သေးခြင်း၊ မယုံကြည်ခြင်း စသော ခွဲခြားဆက်ဆံမှုများနှင့် ကြုံရမည် ဖြစ်သည်။ ရုန်းထွက်လိုသူများမှာ အစိုးရဆေးရုံမှသာ မဟုတ် ပုဂ္ဂလိကဆေးခန်းများ၊ NGO များဖြင့် အလွယ်တကူ ချိတ်ဆက် နိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် ကိုမောင်မှသာမဟုတ် မူးယစ်ဆေး သုံးစွဲသူတို့သည် ယစ်ဝေဝေ မူးယစ်ကျေးကျွန်ဘဝ၊ နေ့စဉ် ဆေးရုံကို ပြေးနေရသည့် မက်သဒုန်း ကျေးကျွန်ဘဝမှ စိတ်အားတင်းကာ ရုန်းထွက်နိုင်ခဲ့လျှင် သာယာပျော်ရွှင်ဖွယ် ကောင်းသော လူမှုဘဝက လက်ကမ်းကြိုဆို နေလိမ့်မည်မှာ မလွဲပင်ဖြစ်သည်။

မင်းထက်စံ


မိုးညှင်းသတင်း apk ဘားရှင်း 3.0ရွှေရောင် အသုံးပြုနေသူများအတွက် အထူးသတင်းကောင်း ရွှေရောင်ဘားရှင်းအသစ်မှာ လူထုအော်သံ blogတစ်ခုထည့် ပေးထားပါသည် အဲဒီအတွက်ကြောင့်ကျွန်တော်များ မိုးညှင်းသတင်းapkသို့ မိမိတို့ဖြစ်ပျက်နေသော ခံစားနေရသော အကြောင်းအရာများကို ကျွန်တော်များမိုးညှင်းသတင်း apkgmailလိပ်စာအသစ်သို့ပို့ခဲ့ပါ gmailလိပ်စာအသစ် mohnyinnews@gmail.com  ပါ ယခု gmailအသစ်က မိုးညှင်းသတင်းapkနှင့်Automatic ဆက်သွယ်ထားသည့်အတွက် ညီအကိုမောင်နှမများပေးပို့ခဲ့ပါက မိုးညှင်းသတင်းapkမှာပို့ပြီး ၃နာရီအတွင်းAutomatic မြင်တွေ့ရမှာဖြစ်ပါတယ် gmailအသစ်ကapk ထဲကိုAutomatic ရောက်ရှိတဲ့အတွက်ကြော်ငြာများ မပေးပို့ကြပါရန်အထူး မေတ္တာရပ်ခံပါသည် ကြော်ငြာများပေးပို့ပါက အာက်ပါgmailသို့ ပေးပို့ကြပါရန် mohnyinnewsnow@gmail.com

No comments:

Post a Comment