Sunday, November 16, 2014

ဓာတ်အားလိုအပ်ချက် ထပ်မံဖြန့်ဖြူးပေးနိုင်တော့မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ====================================

ယခုအချိန်အခါသည် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသော ကာလဖြစ်သည်နှင့်အညီ နိုင်ငံတော်ဓာတ်အားလိုအပ်မှုသည် တိုးတက် မြင့်မားလျက်ရှိပေသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မှုမှာ ပြည်သူတစ်ရပ်လုံး၏ ၃၃ ရာခိုင် နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သည့် အခွင့်အရေးများ ရရှိနိုင်ပြီး ကျန် ၆၇ ရာခိုင် နှုန်းမှာ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနိုင်ခြင်း မရှိသေးပါ။

လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်သူ ၃၃ ရာခိုင်နှုန်းခန့်မှာ မြို့ကြီးများနှင့် အလှမ်းမကွာ သောဒေသမှ ပြည်သူများဖြစ်ပြီး ကျန် ၆၇ ရာခိုင်နှုန်းသော ပြည်သူများမှာ မြို့ကြီးများနှင့် အလှမ်းကွာဝေးလှသော ကျေးလက်နေပြည်သူ များ ဖြစ်ပါသည်။

နိုင်ငံတော်သည် ပြည်သူတစ်ရပ်လုံး လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းများကို အောက်ပါနည်းလမ်းများ အတိုင်း ဆောင်ရွက်အကောင်အထည်ဖော် လျက် ရှိပါသည်။

(၁) ရေအားမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
(၂) အပူစွမ်းအင်မှ ဓာတ်အား ထုတ်လုပ်ခြင်း
(၃) နေရောင်ခြည်၊ လေအားစသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ ထုတ်လုပ်ခြင်း စသည့် နည်းလမ်း

များဖြင့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးလျက် ရှိပါသည်။

ထိုသို့ ထုတ်လုပ်ခြင်းများအနက်မှ ရေအားမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း သည် ကုန်ကျစရိတ်များပြားခြင်း၊ တည် ဆောက်ချိန် အချိန်ကြာမြင့်သော်လည်း တည် ဆောက်ပြီးစီးပါက ကြာရှည်ခံခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လွန်စွာသက်သာ၍ ဓာတ်အားခ သက်သာခြင်းများကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းများကို မြန်မာနိုင်ငံတွင်သာမက ရေအားအရင်းအမြစ်ရှိသည့် နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိကြပါသည်။

မြန်မာနိုင်ငံသည် ရေသယံဇာတ ပေါကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ရေမှလျှပ်စစ်စွမ်းအင်များ ထုတ်ယူရရှိနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်တောင်းမြစ်၏ လက်တက်များမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှု များအား တင်ပြလိုပါသည်။

စစ်တောင်းမြစ်၏ မြစ်ဖျား (သို့မဟုတ်) ပေါင်းလောင်းမြစ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်အတွင်းတွင် စတင်မြစ်ဖျားခံခဲ့ပြီး ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်များသို့ ဖြတ်သန်းစီးဆင်းခဲ့ရာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့ဆုံရာ အချက်အချာကျသည့် မြစ်တစ်စင်းလည်းဖြစ်ပါသည်။ ပျဉ်းမနား မြို့နယ် အေလာမြို့အနီးတွင် မြစ်ငယ်၊ ချောင်းငယ် များ ပေါင်းဆုံစီးဝင်ပြီးနောက် စစ်တောင်းမြစ် အဖြစ် တောင်ဘက်သို့ ဆက်လက်စီးဆင်းခဲ့ပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်ပါသည်။

စစ်တောင်းမြစ်အတွင်းသို့ ပဲခူးရိုးမနှင့် ရှမ်းရိုးမတို့မှ မြစ်ငယ်၊ ချောင်းငယ်အများ အပြား စီးဆင်းခဲ့ကြပါသည်။ အရှေ့ဘက်တွင် ရှမ်းရိုးမမှ စီးဝင်သော ချောင်းများမှာ သောက်ရေခပ်ချောင်း၊ ဘောဂထချောင်း၊ ရွှေကျင်ချောင်း၊ ကျောက်ကြီးချောင်း စသည့် ချောင်းများဖြစ်ပြီး အနောက်ဘက်တွင် ပဲခူး ရိုးမမှ စီးဝင်သော ချောင်းများဖြစ်သည့် ဆွာချောင်း၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ကွန်းချောင်း၊ ရဲနွယ်ချောင်းစသည့် အဓိက စီးဝင်သည့် ချောင်းများ တည်ရှိကြပါသည်။

စစ်တောင်းမြစ်သည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး လေးစင်းတွင် အတိုဆုံးမြစ် တစ်ခုဖြစ်သော်လည်း စစ်တောင်းမြစ်၏ မြစ်ဖျားပိုင်းနှင့် လက်တက်ချောင်းငယ်များပေါ် တွင် ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက် ရန် ပင်မစီမံချက် Master Plan ကို ကုလသမဂ္ဂ ပညာရှင်များအဖွဲ့မှ ၁၉၆၄ ခုနှစ် ကတည်းကပင် ရေးဆွဲခဲ့ပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေးအတွက် ဦးစားပေးဆောင်ရွက်သင့် သည့် စီမံကိန်းများဖြစ်ကြောင်း အကြံပြုခဲ့ပါ သည်။

စစ်တောင်းမြစ်ဝှမ်းဒေသတွင် ကုလသမဂ္ဂ မှ ပညာရှင်များ၏ ရေးဆွဲခဲ့သော Master Plan (1964) ပါ စီမံကိန်းများကို နိုင်ငံတော်မှ ခေတ်အဆက်ဆက် ရေအားလျှပ်စစ်ပညာရှင် များမှ အဓိကအကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ စီမံကိန်းအများအပြားပင် ဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ကျန်စီမံကိန်းများကို လည်း ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းများ ၏ အခြေအနေကို အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-

စစ်တောင်းမြစ်ဝှမ်း ဒေသတစ်လျှောက်မှ Master Plan ပါ စီမံကိန်း ၁၃ ခုအနက်မှ ၁ဝ ခု စုစုပေါင်း ၈၃ဝ မဂ္ဂါဝပ်မှာ အကောင် အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ကျန် စီမံကိန်း သုံးခု စုစုပေါင်း ၄၁ဝ မဂ္ဂါဝပ်မှာလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ရာ မကြာမီကာလတွင် စစ်တောင်း မြစ်ဝှမ်းတစ်ခုလုံးမှ စီမံကိန်းအားလုံး ပြီးစီးတော့ မည်ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့သော စစ်တောင်း မြစ်ဝှမ်းဒေသတစ်လျှောက်ရှိ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင် ရွက်မှုတွင် မကြာမီကာလက နောက်ဆုံး စက်စမ်းသပ်လည်ပတ်ပြီးစီးခဲ့သော အထက် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ သိကောင်းစရာများအား သိရှိ နိုင်ပါရန် တင်ပြအပ်ပါသည်။ (ကျန်စီမံကိန်း များနှင့် ပတ်သက်၍လည်း အလျဉ်းသင့်သလို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။)

အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ဆုံရာအနီး ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိ ပါသည်။ အထက်ပေါင်းလောင်းစက်ရုံ၏ တပ်ဆင်စက်အင်အား ၁၄ဝ မဂ္ဂါဝပ်မှ လျှပ်စစ် စွမ်းအင် ကီလိုဝပ်နာရီ ၄၅၄ သန်း ရရှိနိုင်မည် ဖြစ်သလို အောက်ဘက်တွင်ရှိသော တည် ဆောက်ပြီး ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ တစ်နှစ်ထုတ်လုပ်နိုင်မှု ကိုလည်း ကီလိုဝပ်နာရီ ၉၁၁ သန်းမှ ၉၄၃ သန်း သို့ တိုး၍ ထုတ်လုပ်နိုင်စေမည်ဖြစ်ပါသည်။ အထက်ပေါင်းလောင်း တမံ၏ ရေသိုလှောင် နိုင်မှုကြောင့် အောက်ပေါင်းလောင်း ဓာတ်အား ပေးစက်ရုံသည်လည်း နှစ်စဉ်ဓာတ်အား ထုတ်လုပ်မှု ပိုမိုလာခြင်းဖြစ်ပါသည်။

အထက်ပေါင်းလောင်းစီမံကိန်းကို စူးစမ်း လေ့လာမှု၊ ဒီဇိုင်းပုံထုတ်မှုနှင့် အကောင်အထည် ဖော်ဆောင်ရွက်မှုများအပါအဝင် ဆောင်ရွက် သော လုပ်ငန်းအရပ်ရပ်ကို ၂ဝဝ၄-၂ဝဝ၅ခုနှစ် မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် အောက် တိုဘာလအတွင်းတွင် ပထမဓာတ်အားပေးစက် (စက်အမှတ်-၂)ကို ၃-၁ဝ-၂ဝ၁၄ ရက်တွင် လည်းကောင်း၊ ဒုတိယဓာတ်အားပေးစက် (စက်အမှတ်-၁)ကို ၈-၁ဝ-၂ဝ၁၄ ရက်တွင် လည်းကောင်း စက်စမ်းသပ်ဓာတ်အားထုတ်လုပ် မှုများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

အဓိကတည်ဆောက်ရမည့် ပင်မတမံနှင့် ရေအားအဆောက်အအုံများ၊ ဓာတ်အားပေး စက်ရုံများတည်ဆောက်ရန်အတွက် ပေါင်းလောင်း မြစ်ရေ လွှဲခြင်းလုပ်ငန်းကို ဦးစွာဆောင်ရွက်ရပါသည်။

မြစ်ရေလွှဲနိုင်ရန် ရေလွှဲဥမင်လိုဏ်တစ်ခု ကို ဦးစွာဖောက်လုပ်တည်ဆောက်ရပါသည်။ ရေလွှဲဥမင်လိုဏ်သည် အလျား ၉၆၈ ပေရှိပြီး အချင်း ၃၃ ပေရှိပါသည်။ မြစ်ရေလွှဲခြင်းကို ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဆောင်ရွက် နိုင်ခဲ့ပါသည်။

ပေါင်းလောင်းမြစ်ရေအား ဥမင်လိုဏ်ဖြင့် လွှဲထုတ်ပြီးနောက်တွင် မူလမြစ်ကြောင်းပေါ်တွင် ပင်မတမံ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ပင်မတမံသည်RCC(Roller Compacted Concrete) အမျိုး အစားဖြစ်ပြီး အလျားပေ ၁၆၉ဝ၊ အမြင့် ၃၂၂ ပေရှိပါသည်။RCC ကွန်ကရစ်ကျင်းပေါင်း ၃၃၅၇ဝဝ ကျင်းခန့် ဆောင်ရွက်ခဲ့ရပါသည်။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ပင်မတမံ RCC လုပ်ငန်းများ ပြီးစီးခဲ့ပါသည်။

ဓာတ်အားပေးစက်ရုံကို ပင်မတမံ၏ အောက်ခြေတွင် တည်ဆောက်ထားပြီး ဓာတ်အားပေးစက်ရုံတွင် ဖရန်စစ်တာဘိုင်(Francis Turbine) အမျိုးအစား ၇ဝ မဂ္ဂါဝပ် ရှိသော ဓာတ်အားပေးစက် (Generator) နှစ်လုံး တပ်ဆင်ထားပါသည်။ ထွက်ရှိလာသော ဓာတ်အားစုစုပေါင်း ၁၄ဝ မဂ္ဂါဝပ်ကို နိုင်ငံတော် ဓာတ်အားစနစ် (National Grid) သို့ ၂၃ဝ KV ဓာတ်အားလိုင်းဖြင့် ပို့လွှတ်ပါသည်။

အထက်ပေါင်းလောင်း ရေလှောင်တမံ သည် ပင်လယ်ရေမျက်နှာပြင် နိမ့်မြင့်အမှတ် ၃၇ဝ မီတာသည် ကန်ရေပြင်အမှတ်ဖြစ်သော် လည်း ယခုအခါ ကန်ရေပြင်နိမ့်မြင့် အမှတ် ၃၆၆ မီတာခန့်ထိ သိုလှောင်ထားရှိပြီးဖြစ်ပါ သည်။ စီမံကိန်းလုပ်ငန်းများ အများစုပြီးစီးနေပြီး ပွင့်လင်းရာသီ ဓာတ်အားပိုမိုလိုအပ်ချိန်တွင် ဓာတ်အားထုတ်လုပ်ရန် အဆင်သင့်အနေ အထားရောက်ရှိနေပြီဖြစ်ပါသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်ချိန်တွင် ဒေသခံပြည်သူများ၊ ရေဝပ်ဧရိယာအတွင်း ကျရောက်သော ရွာသူ ရွာသားများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ရဟန်းသံဃာတော်များ၏ အစစ အရာရာ ပူးပေါင်းပါဝင် ကူညီပံ့ပိုးပေးခဲ့ကြသည့် အတွက် အောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးဇူးတင်ပါကြောင်း၊ မှတ်တမ်းတင်ပါ ကြောင်း အလေးအနက်ဖော်ပြအပ်ပါသည်။

ရေဝပ်ဧရိယာအတွင်းတွင် ပင်လောင်း မြို့နယ်၏ သပြေကုန်းကျေးရွာအုပ်စုနှင့် ထိန်ပင်ကျေးရွာအုပ်စုနှစ်စုမှ ကျေးရွာပေါင်း ၂၃ ရွာ ကျရောက်ရာ ဆည်အတွင်း ရေ သိုလှောင်ခြင်းမပြုမီ အဆိုပါကျေးရွာ ၂၃ ရွာ၏ ပြန်လည်နေရာချထားမှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ ၁ဝဝဝဝ ခန့်ရှိရာ ပူးပေါင်းကူညီ ဆောင်ရွက် ပေးမှုကြောင့်သာ ဤအထက်ပေါင်းလောင်းစီမံ ကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ု

အထက်ပေါင်းလောင်း ရေလှောင်တမံ အတွင်းတွင် ကျေးရွာ ၂၃ ရွာ၊ အိမ်ခြေ ၁ယ၆၇၁ အိမ်၊ အိမ်ထောင်စုပေါင်း ၂ယ၅၂၄ စု၊ လူဦးရေ ၁ဝယဝဝဝ ခန့်ရှိရာ ၎င်းဒေသခံပြည်သူများ အတွက် ကျေးရွာသစ်မြေနေရာများပေါ်တွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ရာတွင် ရွာအလိုက် ရွာသူ၊ ရွာသားများ ၏ စိတ်ကြိုက်နေရာရွေးချယ်စေ၍ ရွာသစ် တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ ပါသည်။ ကျေးရွာနေပြည်သူများ၏ မိရိုးဖလာ နေထိုင်လုပ်ကိုင်မှု အဆင်ပြေစေရန် အိမ် ထောင်စု တစ်စုအတွက် အိမ်ရာအကွက် အကျယ်အဝန်းကို ပေ ၈ဝ x ပေ ၈ဝ မှ ပေ ၁ဝဝ x ပေ ၁ဝဝ အကျယ်ရှိ မြေကွက်များ ဖော်ထုတ်ပေးခြင်း၊ ၂၅ ပေအကျယ် ကျေးရွာ တွင်းလမ်းများ၊ ပေ ၃ဝ အကျယ် ကျေးရွာချင်း ဆက်လမ်းများကို ကျေးရွာစုစုပေါင်း ၂၃ ရွာ လုံးအတွက် ဖော်ထုတ်ဆောင်ရွက်ပေးခဲ့ပါသည်။

ဒေသခံပြည်သူများအား ပြည်သူများ၏ သဘောဆန္ဒများနှင့်အညီ အောက်ဖော်ပြပါ အစီအစဉ်များကို နိုင်ငံတော်မှ ဆောင်ရွက် ပေးခဲ့ပါသည်-

(က) ဘာသာရေး၊ ကျန်းမာရေး၊ ပညာ ရေးနှင့် အုပ်ချုပ်ရေးစသည်များနှင့် သက်ဆိုင်သော အဆောက်အအုံ များအား ကျေးရွာသစ်နေရာများ တွင် မူလရှိရင်းထက် သာလွန် ကောင်းမွန်သော ပုံစံဖြင့် ပြန်လည် အစားထိုး ဆောက်လုပ်ပေးခြင်း။

(ခ) လူနေအိမ်များအား ကျေးရွာသူ ရွာသားများ စိတ်ကြိုက် ပြန်လည် ဆောက်လုပ်နိုင်ရေး လိုအပ်သော ကူညီပံ့ပိုးမှုနှင့် ငွေကြေးပံ့ပိုးပေး ခြင်း။

(ဂ) ကျေးရွာချင်းဆက် လမ်းများ၊ ကျေးရွာတွင်းလမ်းများ စနစ်တကျ ဖောက်လုပ်ပေးခြင်း။

(ဃ) ကျေးရွာသစ်များအတွက် သောက် သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်း။

(င) ကျေးရွာသစ်များ လျှပ်စစ်မီးရရှိရေး အတွက် အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံမှ ဓာတ်အား လိုင်းသွယ်တန်းခြင်းနှင့် နေအိမ် များအရောက် မီတာတပ်ဆင်ခြင်းများ ဆောင်ရွက်ပေးခြင်းများ ဖြစ်ပါသည်။

ယခုအခါတွင် အထက်တွင်ဖော်ပြခဲ့သော ဆောင်ရွက်ပေးရန်လုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက်ခဲ့ရာ အားလုံးနီးပါး ဆောင်ရွက်ပြီး ခဲ့ပြီး ကျေးရွာသစ်နေရာများတွင် အားလုံး ရွှေ့ပြောင်းနေထိုင်လျက်ရှိကြပြီဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားရရှိ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ဓာတ်အားလိုင်း လုပ်ငန်းများ အများစုပြီးစီးနေပြီဖြစ်၍ မကြာမီ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှလည်း ရေဝပ်ရွှေ့ပြောင်း ကျေးရွာများနေ ပြည်သူများအတွက် စိုက်ပျိုးအသက်မွေးမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရန်အတွက် ကျေးရွာ ၂၃ ရွာမှ တင်ပြ တောင်းခံထားသော ကျေးရွာဧရိယာ ၁၄၁၁ ဧကနှင့် စိုက်ပျိုးမြေဧရိယာ ၈၂၉၇ ဧက စုစုပေါင်း ၉၇ဝ၈ ဧကအား သစ်တောမြေအဖြစ်မှ ပလပ်ဆောင်ရွက်ပေးမှုဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ကျေးရွာနေ ပြည်သူများမှ ဆောင်ရွက်လိုသော မွေးမြူရေး လုပ်ငန်းများအတွက် ကွင်းဆင်းလေ့လာပြီး မွေးမြူရေးရန်ပုံငွေများ ထုတ်ချေးရေးလုပ်ငန်း များလည်း ကူညီဆောင်ရွက်ပေးနေပြီဖြစ်ပါ သည်။

ယခင်က နေပြည်တော်၊ တပ်ကုန်းမြို့နှင့် ပင်လောင်းမြို့အကြား ဤနေရာဒေသကို ရောက်လျှင် ရွာငယ်များ မလှမ်းမကမ်းတွင် မြင်တွေ့နေရရာမှ ယခုအခါတွင် အသွင်ပြောင်း ပြီး မြို့ငယ်လေးတစ်ခုအဖြစ် မြင်တွေ့နေရပြီး မကြာမီကာလတွင် မြို့တစ်မြို့အဖြစ် မြင်တွေ့ရ တော့မည် ဖြစ်ပါသည်။

ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုသကဲ့သို့ နိုင်ငံတော်၏ ဓာတ်အားလိုအပ် ချက်ကိုလည်း ထပ်မံဖြည့်ဆည်းပေးမည့် ၁၄ဝ မဂ္ဂါဝပ်တပ်ဆင်ထားသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ရုံ မကြာမီဖွင့်လှစ် ပေးနိုင်တော့မည်ဖြစ်ပါသည်။ ဤသို့အောင်မြင်အောင် ဆောင်ရွက်နိုင်မှု၏ အခြေခံအချက် များမှာ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ခဲ့မှုကြောင့်လည်းကောင်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အားပေးထောက်ကူမှု ကြောင့်လည်းကောင်း၊ ဒေသခံအဖွဲ့အစည်းများ နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အနီးကပ်ကူညီမှုများကြောင့် လည်းကောင်း၊ ဒေသခံပြည်သူ တိုင်းရင်းသားများ၏ ဒေသ ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးကိစ္စများ အပေါ် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင် ရွက်မှုကြောင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အားသွန် ခွန်စိုက် ကြိုးပမ်းမှုများကြောင့်လည်းကောင်း အောင်မြင်ခြင်းကြောင့် လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင် တင်ပြအပ်ပါသည်။ ။

Friday, November 14, 2014

နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စ နိုင်ငံတော်အစိုးကရ အစဉ်အမြဲစဉ်းစားသုံးသပ်ဆောင်ရွက်ခဲ့

နိုဝင်ဘာ ၁၂ ရက်က ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးဇော်မြင့်ဖေ တင်သွင်းသည့် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် အောင်မြင်စွာ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးသင့်သည့် နိုင်ငံ့ဝန်ထမ်းများ (တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင်)အတွက် ထိုက်သင့်သောလစာ၊ စရိတ်များတိုးမြှင့်သတ်မှတ်ပေးရေး၊ အလုပ်သမားများ သင့်တင့်မျှတသော အနိမ့်ဆုံးလုပ်ခ၊ လစာရရှိရေးအတွက် လိုအပ်လျက်ရှိသည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန်ဆောင်ရွက်ပေးရေး၊ တောင်သူလယ်သမားများဘဝ တိုးတက်ရေးအတွက် တောင်သူလယ်သမားအခွင့် အရေးကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးဥပဒေနှင့်အညီ လိုအပ်သည့်နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သင့်တင့်မျှတစွာ ပြင်ဆင်သတ်မှတ်ရေးတို့ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် စတင်သည့်ကာလမှစ၍ အကောင်အထည်ဖော်နိုင်ရေး၊ စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း'' အရေး ကြီးအဆိုပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ နိုင်ငံတော်တွင် သန့်ရှင်းသော၊ ကောင်းမွန်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေး၊ အလုပ်သမားများ၊ တောင်သူလယ်သမားများ အခွင့်အရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း၊နည်းဥပဒေများ အချိန်မီထုတ်ပြန်ပေးရေး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်များကို သင့်တင့်မျှတစွာ ပြင်ဆင်သတ်မှတ် ရေးကိစ္စကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် စတင်သည့်ကာလမှစ၍ အကောင်အထည်ဖော်နိုင်ရေးကိစ္စ အဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအနေဖြင့် ရှင်းလင်းတင်ပြလိုပါကြောင်း။ ယနေ့အရေးတကြီးတင်သွင်းသည့်အဆိုသည် လွန်စွာမင်္ဂလာရှိ သည့်ကိစ္စတစ်ရပ် ဖြစ်ပါကြောင်း။ ရသင့်ရထိုက်သည့်အခွင့်အရေးများရရန်အတွက် တင်ပြသည့်အဆိုဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာရှိသောအဆိုတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့အတူ လစာတိုးမြှင့်ပေးရေးကိစ္စနှင့်ဆက်စပ်သည့် အကြောင်းအရာနှင့်ပတ်သက်၍ အနည်းငယ်ဖြည့်စွက် တင်ပြလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် လစာတိုးမြှင့်ရေးကိစ္စသည် နိုင်ငံတော်အစိုးရတစ်ရပ်အနေဖြင့် ပြည်သူပြည်သားများအကျိုးနှင့် နိုင်ငံတော်၏အကျိုးစီးပွားဖော်ဆောင်ပေးရေးသည် နိုင်ငံတော်အစိုးရ၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပါကြောင်း။ ပြည်သူ ပြည်သားများအပြင် နိုင်ငံ့ဝန်ထမ်းများသည်လည်း နိုင်ငံတော်အစိုးရအဖွဲ့အစည်းထဲတွင် ပါဝင်ဆောင်ရွက်နေသည့်အတွက် မိဘနှင့်သားသမီးများ ဖြစ်ကြပါကြောင်း၊ ထို့အတွက် မိဘသည် သားသမီး အကျိုးခံစားခွင့်အတွက်ကို အမြဲတမ်း စဉ်းစားဆောင်ရွက်ပေးရသည်မှာ နိုင်ငံတော်အစိုးရတိုင်း၏ တာဝန်၊ မိဘတိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စကို အစဉ်အမြဲစဉ်းစားသုံးသပ်ဆောင်ရွက် ခဲ့ပါကြောင်း။ ထို့အတူ မိဘက သားသမီးအပေါ် စေတနာရှိသည့် အနေအထားအပေါ်တွင် ဆောင်ရွက်ပေးနိုင်သည်များကို အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးရန် မိဘတိုင်းဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် အစဉ်အမြဲစဉ်းစားနေသည့် အနေအထားတွင် ထည့်သွင်း စဉ်းစားသည့်အချက်များကို အဆိုရှင် ဦးဇော်မြင့်ဖေအပါအဝင် ထောက်ခံဆွေးနွေးသူများ၏ တင်ပြချက်များတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ စဉ်းစားသင့်သည့်အချက်ထဲတွင် ဝန်ထမ်းများနှင့်ဆက်စပ်ပြီး အငြိမ်းစားဝန်ထမ်းများကိုပါ စဉ်းစားရမည်ဖြစ်ပါကြောင်း၊ စဉ်းစားသည့်နေရာတွင် ဖြစ်ချင်သည့်ဆန္ဒ၊ ဖြစ်နိုင်သည့်သဘာဝများကို သုံးသပ်ပြီး ပဓာနကျသည့် ဖြစ်သင့် သည်များကို ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ ထို့အတူ ဆောင်ရွက်သည့်နေရာတွင်လည်း အချိန်မီမဆောင်ရွက်နိုင်လျှင်၊ အချိန်မီမလုပ် နိုင်လျှင် ဆုံးရှုံးနိုင်မှုများ ရှိနိုင်သကဲ့သို့ အချိန်မီ၊ အချိန်ကိုက်ဆောင်ရွက် နိုင်ရန်ကိုလည်း တွက်ချက်ဆောင်ရွက် သင့်ပါကြောင်း။ ထည့်သွင်းစဉ်းစားရမည့်အပိုင်းများ၌စာရွက်၊ စာတမ်း၊ ကိန်းဂဏန်းများအပေါ်တွင် ကြည့်၍မရသည့် အနေအထားများကိုလည်း လက်တွေ့ မြေပြင်နှင့်ဆက်စပ်၍ ပေါင်းစပ်စဉ်းစားမှသာလျှင် ဖြစ်ချင်သည့်ဆန္ဒကို ဖြစ်နိုင်သည့်သဘာဝနှင့်ပေါင်းစပ်မှသာ ဖြစ်သင့်သည့်ပဓာနထွက်ပေါ်လာမည်ဖြစ်သည့်အတွက် အားလုံးကို ပေါင်းစပ်ဆက်စပ်စဉ်းစားပြီး လက်ရှိထိရောက်ပတ်သက်မှု၊ ထိခိုက်နိုင်မှုဖြစ်ပေါ်လာမည့်အကျိုးဆက်၊ နောင်အနာဂတ်တွင် ရေရှည်ဆက်သွားမည့် အကျိုးဆက်များကိုပါ ထည့်သွင်းပေါင်းစပ်စဉ်းစားပြီး ယခုအဆိုကို ဆက်လက်ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။