ယခုလကုန်တွင် မုတ်သုံလေ တစ်နိုင်ငံလုံးမှ ဆုတ်ခွာမည်
Sunday, September 27, 2015
အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ရာ ယခုလကုန်တွင် မြန်မာတစ်နိုင်ငံလုံးမှဆုတ်ခွာဖွယ်ရှိကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။
စက်တင်ဘာ ၂၆ ရက် ညက မြေပြင်လေတိုက်ခတ်မှု အခြေအနေ၊ ဂြိုဟ်တုတိမ်ပုံနှင့် လာမည့်သုံးရက်အတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေများစသည်တို့ အပေါ်တွင် သုံးသပ်ချက်အရ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ခွာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မုတ်သုံလေဆုတ်ခွာပြီး နောက်ပိုင်းတွင်လည်း မိုးတိမ်တောင်များကြောင့် ပြန်ကျမိုးများ၊ မုန်တိုင်းမိုးများ၊ အနောက်လေစီးကြောင်းမိုးများ၊အရှေ့လေပွေလှိုင်းမိုးများ နိုဝင်ဘာကုန်အထိရွာနိုင်သေးကြောင်း ၎င်းကဆက်လက်ပြောသည်။
တစ်နိုင်ငံလုံးမှ မုတ်သုံဆုတ်ခွာပြီးချိန် အောက်တိုဘာလဆန်းမှ နိုဝင်ဘာလကုန်အထိကာလမှာ မုန်တိုင်းများဖြစ်သည့်ကာလဖြစ်ပြီး မိုးရွာနိုင်သေးကြောင်း၊ ၂၀၀၆ မှစတင်ပြီး မိုးလွန်ကာလဖြစ်သည့်အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတွင်မုန်တိုင်းဖြစ်ပေါ်မှုနှုန်းမြင့်မားနေပြီး တစ်နှစ်လျှင် ပျမ်းမျှ ၃ ဒသမ ၂ လုံးဖြစ်ပေါ်ခဲ့ကြောင်း၊ မုန်တိုင်းများဖြစ်လာလျှင် မုန်တိုင်းဝင်ရောက်မည့်အန္တရာယ်နှင့် အခါမဲ့မိုးခေါ်ဖျက်မိုးရွာသွန်းခြင်းများကို သတိထားရမည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
၂၀၀၆ မှ ၂၀၁၄ အထိ နှစ်စဉ် ဖျက်မိုးများ ကြုံခဲ့ရပြီး ၁၈၇၇မှ၂၀၁၄ အထိ နှစ်ပေါင်း ၁၃၇ နှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံရောက်ခဲ့သည့် မုန်တိုင်း ၈၅ လုံး၏ ၄၉ ရာခိုင်နှုန်းမှာ မိုးလွန်ကာလတွင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုကြောင့် မုန်တိုင်းဖြစ်ပေါ်မှုကိုလျော့နည်းစေနိုင်ကြောင်း ၎င်းကပြောသည်။
7Day Daily
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment