Saturday, September 26, 2015

ကလေးလူငယ်တွေကို နိုင်ငံရေးသင်ကြားပေးဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို ------------------------------------

ကလေးလူငယ်တွေကို နိုင်ငံရေးသင်ကြားပေးဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို
------------------------------------

နိုင်ငံရဲ့ ကလေးလူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့အတွက် ကလေးလူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားစေဖို့ သင်ပေးဖို့ လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာမှာ ဒီနေ့ (စက်တင်ဘာလ ၂၆ ရက်) နံနက် ၁၁ နာရီ ၃၀ မိနစ်က ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီကလေးတွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါပဲ။ ကျွန်မတို့နိုင်ငံကို တစ်နေ့နေ့ တစ်ချိန်ကျရင် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့် အခြေအနေကို သူတို့က လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးလူငယ်တွေကို အားပေးဖို့ လိုပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

လူငယ်အများစုမှာ ခေတ်အဆက်ဆက် အုပ်ချုပ်ရေး ယန္တရားအဆက်ဆက်ရဲ့ အကြောက်တရား လွှမ်းမိုးမှုကို ခံခဲ့ရတာကြောင့် နိုင်ငံရေးမှာ စိတ်ဝင်စားမှု အားနည်းတာကို တွေ့ရပြီး အခု ၂၀၁၅ ရွေးကောက်ပွဲ ရောက်မှသာ နိုင်ငံရေး အပြောင်းအလဲ အရွေ့တစ်ခု သွားချင်တာကြောင့် လူငယ်အများအပြား နိုင်ငံရေး စိတ်ဝင်စားလာတာကို တွေ့ရတယ်လို့ ထမံသီကျေးရွာ ဒေသခံတစ်ဦးက မှတ်ချက်ပြု ပြောဆိုထားပါတယ်။

ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ဒေသခံတွေအပြင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့မှ နာဂတိုင်းရင်းသား တွေလည်း တက်ရောက်ကြပါတယ်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments:

Post a Comment