Sunday, September 27, 2015

ကလေးကို ဆိုးတယ်၊ လူဆိုးလို့ ပြောတတ် တဲ့ လူကြီးများ ဖတ်ဖို့ပါ

ကလေးကို ဆိုးတယ်၊ လူဆိုးလို့ ပြောတတ် တဲ့ လူကြီးများ ဖတ်ဖို့ပါ။ ကျွန်မရဲ့ ကိုယ်တွေ့ အတွေ့ကြုံလေးကို ပြန်ရေးထားတဲ့ဆောင်းပါးပါ။ ဂျူနီယာ မှာပါခဲ့တဲ့ဆောင်းပါးလေးပါပဲ

သားကလူဆိုးလား မေမေ..

သားကလေးအခုတလောကစားတဲ့အခါမှာလူဆိုးနေရာကနေပြီးကစားလာတာကိုကျွန်မသတိပြုမိလာပါတယ်။ ပြီးတော့ကာတွန်းကားတွေကြည့်လို့လူဆိုးကနိုင်သွားတဲ့အခါသူသိပ်ပျော်ပါရော။ သူ့အဘိုးအိမ်ကို ကျွန်မတို့ မပြောင်းခင်က ကျွန်မတို့မိသားစုချည်းပဲနေတုံးကဆို သားဟာကာတွန်းကားကြည့်လို့ လူဆိုးရှုံးသွားတာမျိုးဆို လက်ခုတ်လက်ဝါးထတီးတတ်တဲ့ကလေးမျိုးပါ။ ကစားရင်လည်း' 'သားကလူကောင်း'' ဆိုပြီး ကစားလေ့ရှိပါတယ်။ ကျွန်မသားလေး သူ့ဖာသာကစားတဲ့အခါမျိုးမှာ ကျွန်မမသိမသာစောင့်ကြည့်ပြီး နားထောင်တတ်တာမို့ သူ့ရဲ့ပြောင်းလဲလာမှုကိုကျွန်မသတိထားလိုက်မိပါတယ်။

ကျွန်မသားနဲ့ပတ်သက်ပြီးပြန်စမ်းစစ်ရပါပြီ။ ကျွန်မသားကိုအချိန်ပေးမှုများနည်းနေပြီလားလို့ပေါ့။ သားကိုကျွန်မညစဉ်ပုံပြောပြ၊စာအုပ်ဖတ်ပြသလို၊ သားနဲ့လည်း အချိန်ပေးပြီးကစားပေးသေးတာမို့ ကျွန်မရဲ့အချိန်ပေးမှုက မနည်းလောက်ပါဘူး။ ဘာလို့ပါလိမ့်ရယ်လို့ တွေးမိပြီး ကျွန်မ စိတ်မကောင်းဖြစ်ရပါတော့တယ်။

တစ်ညမှာတော့သားက ''မေမေသားကလူဆိုးနော်'' လို့မေးပါတယ်။ ကျွန်မလည်းသားကို ''မေမေ့သားက..သူငယ်ချင်းတွေနဲ့အတူတူကစားတဲ့အခါ အရုပ်လေးတွေကိုဝေမျှပြီး ဆော့တတ်တာပဲ။ ပြီးတော့သူများကိုလည်းဘယ်တော့မှနာအောင်မလုပ်ဘူး။ အဲဒါဘယ်လိုလုပ်လူဆိုးဖြစ်မှာလဲ” လို့ပြန်ပြောလိုက်ပါတယ်။ သားမျက်နှာလေးဟာ ကျွန်မစကားကြောင့် ဝင်းပသွားပြီး ''မေမေဒါဆိုသားကလူဆိုးမဟုတ်ဘူးပေါ့''လို့ သေချာအောင်ထပ်မေးပြန်ပါတယ်။ ခဏအတွင်းမှာပဲ သားမျက်နှာလေးဟာညှိုးသွားပြီး ''မေမေ ဘိုးဘိုးကသားကိုအမြဲပဲလူဆိုးလို့ပြောတယ်နော်'' ဆိုပြီး ပြောတော့တာပါပဲ။

ကျွန်မဟာဖြတ်ခနဲဆိုသားကိုဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားရပါတော့တယ်။ ကျွန်မအဖေဟာ သားကိုသိပ်ချစ်တာမို့ချစ်စနိုးနဲ့လူဆိုးလူဆိုးလို့ခေါ်နေတာကို သားရဲ့စိတ်ထဲမှာ ဘယ်လို အဓိပ္ပါယ် ပြန်လိုက်တယ်ဆိုတာကို သဘောပေါက်လိုက်မိပါတော့တယ်။ သားဟာသူလူဆိုးဖြစ်တယ်လို့ သူ့ကိုယ်သူသတ်မှတ်လိုက်တာမို့ ကာတွန်းကားထဲကလူဆိုးဟာ သူ့ကိုယ်ပွားဖြစ်နေပါတော့တယ်။ လူဆိုးအနိုင်ရခန်းဟာသူအနိုင်ရတာပါပဲ။

ကာတွန်းကားတွေထဲက လူဆိုးအမူအကျင့်တွေကိုပါ သူစပြီးအတုခိုးနေပါပြီ။ အခုတလော သားကစားစရာတွေကို ကိုင်ကိုင်ပေါက်နေခြင်းရဲ့အဖြေကို ကျွန်မသိလိုက်ပါတယ်။

လေးနှစ်အရွယ်လေးသာမို့သားအဖိုးကသားကိုချစ်လို့စတာပါဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုသားသေသေချာချာနားလည်နိုင်ဖို့မလွယ်ပါဘူး။ ကျွန်မဟာသားကိုစာအုပ်လေးတွေဖတ်ပြပြီးစာအုပ်ထဲက ကာတွန်း ဇာတ်ကောင်တွေရဲ့ကောင်းတဲ့အမူအရာကို တွေ့တဲ့အခါမျိုးမှာ ''သားကြည့်စမ်း.. ယုန်လေးကသားလိုပဲနော် သူ့သူငယ်ချင်းတွေကိုကူညီတယ်။ သားလည်းသားသူငယ်ချင်း ဟိုနေ့ကချော်လဲတုံးက သွားထူပေးသေးတယ်လေ။ သားနဲ့တူတယ်နော်''ဆိုတာမျိုး
''သားကြည့်ပါဦ.. မနှင်းဖြူလေးကလူပုလေးတွေရဲ့အိမ်အလုပ်တွေကိုဝိုင်းကူပေးတယ်နော်။ သားလည်း ဟိုနေ့ကမေမေ့ကိုအကျီကူရှော်ပေးပြီး၊ပန်းကန်တွေကူဆေးပေးသေးတယ်မဟုတ်လား”လို့ပြောရပါတယ်။

သားမျက်လုံးလေးတွေဟာလက်လက်ဖြာလာပြီး '' မေမေ့ကိုသားကြမ်းလည်းကူတိုက်ပေးတယ်လေ'' ဆိုပြီး ပြောပါရော (အမှန်ကသူကူလုပ်တာထက်၊ ကျွန်မကိုကူရှုတ်တဲ့ဟာတွေပါ)။ ကျွန်မဟာ သားရင်ထဲက လူဆိုးပုံရိပ်ကိုနှစ်ပတ်၊သုံးပတ်လောက်ကြာအောင် ပဲတိုက်ထုတ်ရပါတော့တယ်။

သားရဲ့ရင်ထဲကလူဆိုးကိုကျွန်မတိုက်ထုတ်နေတဲ့အချိန်မှာသားကိုလူဆိုးလို့မပြောဖို့ ကျွန်မအဖေကို မနည်းတောင်းပန်ရပါတယ်။ ကျွန်မအဖေဟာ ပြောရခက်တဲ့ရှေးလူကြီးပီပီ သိပ်တော့လက်မခံချင်လှပါဘူး။

တကယ်တော့“ကလေးကအရမ်းဆိုးတယ်”တို့“တအားရိုင်းတာပဲတို့”တို့ပြောတဲ့အသံတွေကိုကျွန်မတို့မြန်မာလူမှု့အသိုင်းအ၀ိုင်းဝန်းကျင်မှာကြားဖူးနေကြမို့ ရိုးတောင်နေပါပြီလို့ ပြောရမှာပါပဲ။ ကလေးကို တံဆိပ်မကပ်ပါနဲ့လို့
ဘယ်လောက်ပဲ ကလေးစိတ်ပညာရှင်တို့ကသတိပေးပါစေ အများစုကြီးကတော့ လက်မခံကြသေးပါဘူး။

နောက်ပြောင်ပြီးပဲဖြစ်စေ၊တကယ်ထင်လို့ဖြစ်စေ ပြောနေကြတာပါပဲ။ ကလေးတို့ရဲ့ စိတ်နုနုလေးမှာဒါဏ်ရာမဟုတ်တောင်မှသံသယ၀င်လာတတ်ပါတယ်။ အဲလိုပြောတဲ့အခါ မိဘအများစုက ဟုတ်ကော ဟုတ်နိုင်ပါ့မလားလို့ ထင်မိနိုင်ပါတယ်။ တကယ်ပြောတာမှမဟုတ်ဘဲ
နောက်ပြောင်ပြီး ပြောတာလောက်ကတော့ ဘာမှမဖြစ်နိုင်လောက်ပါဘူးရယ်လို့ ထင်တတ်ကြပါတယ်။

အဲဒါကြောင့် ကလေးကိုချစ်လို့ဖြစ်စေ၊ ကျီစယ်ချင်လို့ဖြစ်စေ မကောင်းတဲ့စကားလုံး ''ညံတယ်'တို့ ''ဆိုးတယ်''တို့ ''အစားပုတ်တို့''စတဲ့စကားလုံးတွေနဲ့စကြ၊နောက်တတ်ကြပါတယ်။ ကျွန်မတို့ဝန်းကျင်မှာ နေ့စဉ်ဆိုသလိုပဲ ကလေးကိုပြောဆိုနေကြတာပါပဲ။ မိဘမပြောနဲ့ပညာရေးလောကက ဆရာမတွေ၊မူကြိုဆရာမတွေတောင်မှ နှုတ်မစောင့်စည်းတတ်ကြပါဘူး။

ကလေးလောကနဲ့လူကြီးလောကဟာမတူတာမို့ကလေးအမြင်နဲ့ လူကြီးအမြင်ဟာ မတူလှပါဘူး။ ကလေးတို့ရဲ့တစ်ချို့သောဝေါဟာရနဲ့အပြုအမူတို့ဟာ လူကြီးတွေတွေးထင်သလိုမျိုး မဟုတ်ကြပါဘူး။ တစ်ရက်ကျွန်မသားလေးရဲ့မုန့်ဘူးထဲကိုကျွန်မမုန့်မထည့်ပေးလိုက်ပါဘူး။

ဒါကြောင့်မုန့်စားကျောင်းဆင်းချိန် အမှီ ကျွန်မကျောင်းကိုရောက်သွားပါတယ်။ ကျွန်မလက်ထဲက မုန့်ကိုမြင်တော့ သားက၀မ်းသာသွားပြီး'' မေမေ သားမုန့်စားမယ်၊ သားဘာမှမစားရသေးဘူး'' လို့ ဆိုလိုက်ပါတယ်။ အဲဒီအခါမှာ သူ့ဆရာမက ''ဘာညာပြောတာလဲခုနကတင်သားကိုကိတ်မုန့်တစ်ချပ်ကျွေးပြီးပြီမဟုတ်လား၊ အဲလိုလိမ်ပြောတာကို မကြိုက်ဘူး'' ရယ်လို့စူးစူးဝါးဝါးထအော်ပါတော့တယ်။

သူ့စိတ်ထဲမှာတော့ ကလေးကို စာရိတ္တပြုပြင်နိုင်ပြီရယ်လို့ ထင်လိုက်မှာပါပဲ။ အမှန်တော့ကျွန်မသားလေးဟာ ဆရာမထင်သလိုမျိုး လိမ်ပြောလိုက်တာမဟုတ်ရရှာပါဘူး။ သူကအစားသိပ်စားတဲ့ကလေးသာမို့ ကိတ်မုန့်တစ်ချပ်ဆိုတာဟာ သူ့အတွက်ဘာမှမစားရသေးသလိုပါပဲ။ အိမ်မှာလည်း သူမဝသေးတဲ့အခါမျိုးမှာ မဝသေးဘူးလို့ သူမသုံးဘဲဘာမှမစားရသေးဘူးလို့သုံးတတ်ပါတယ်။

အဲဒါကလည်းသူစားနိုင်လွန်းလို့ ကျွန်မတို့ အံသြရတဲ့အခါမျိုးမှာ သူ့အဖေသုံးတတ်တဲ့အသုံးပါ။ ''မင်းသား မနက်ကတင် ပေါင်မုန့်တွေ စားထားတာ ဘယ်လောက်မှမကြာသေးဘူး၊ အခုထမင်းစားလိုက်တာ ဘာမှမစားရသေးတဲ့အတိုင်းပဲ'' လို့သုံးတာကိုသူကြားပြီး သူထပ်စားချင်ရင်ဗိုက်မဝရင် ''ဘာမှမစားရသေးဘူး'' လို့သုံးတတ်ပါတယ်။

''သားဘာစားပြီးပြီလဲလို့သူ့ကိုပြန်မေးရင်တော့သူစားထားတာတွေကိုတန်းစီပြီးရွတ်ပြပါလိမ့်မယ်။ကျွန်မဟာဆရာမကိုရှင်းပြဖို့ထက်မျက်နှာလေးငယ်ပြီးသူဘာပြောမိလို့အဆူခံလိုက်ရလိမ့်ဆိုပြီး ဇဝေဇ၀ါဖြစ်နေတဲ့ သားကို နှစ်သိမ့်ပေးဖို့ကြိုးစားရပါတော့တယ်။ ဆရာမဟာသားကို လူကြီးလောကအမြင်နဲ့ချိန်ထိုးပြီး ဆုံးမလိုက်တာပါ။ လေးနှစ်အရွယ်ကလေးလေးကိုလိမ်တယ်ဆိုပြီးတံဆိပ်ကပ်ဆုံးမတာ''လိမ်မပြောနဲ့''လို့ပြောတာဟာမပြောသင့်ဘူးဆိုတာကိုကလေးနဲ့ အရင်းနှီးဆုံးတစ်နေကုန်နီးပါးနေနေရတဲ့ မူကြိုဆရာမ မသိတာကတော့ မဖြစ်သင့်ဘူးလို့ကျွန်မထင်မိပါတယ်။

နောက်တစ်ခုကတော့ကျွန်မသူငယ်ချင်းသမီးလေးရဲ့မူကြိုကျောင်းမှာပါပဲ။ ကလေးလေးတစ်ယောက်ရဲ့ အမေအိတ်ထဲကနေပိုက်ဆံတစ်ထောင်တန်တစ်ရွက်ထွက်ကျသွားပါတယ်။ သူ့သမီးလေးကအမေအိတ်ထဲက ထွက်ကျသွားတဲ့ တစ်ထောင်တန်ကို အမေ့အရင်လှမ်းကောက်လိုက်ပြီး၊ ဘေးကသူ့သူငယ်ချင်းကို လှမ်းပေးလိုက်ပါတယ်။ ဟိုကလှမ်းယူပြီး တစ်ထောင်တန်ကိုကလေးတို့သဘာဝ စပ်စုစူးစမ်းဟန်နဲ့ကြည့်ကာ သူ့သူငယ်ချင်းဆီကိုပြန်ပေးလိုက်ပါတယ်။ နှစ်ယောက်သား တစ်ထောင်တန်တစ်ရွက်ကိုပေးလိုက်ယူလိုက်နဲ့ ကစားနေကြတဲ့အခါမှာပဲ၊ဖြစ်ချင်တော့တစ်ထောင်တန်ပိုင်ရှင်ကလေးအမေနဲ့ဆရာမတို့ သတိထားလိုက်မိတဲ့ အချိန်မှာတော့တစ်ထောင်တန်ဟာပိုင်ရှင်မဟုတ်တဲ့ကလေးရဲ့လက်ထဲမှာရှိနေပါတော့တယ်။

''ဘယ်သူ့ပိုက်ဆံလဲ' လို့ဆရာမကမေးတော့ ကလေးအမေက ''ကျွန်မပိုက်ဆံပါ''လို့ ဖြေပါတယ်။ အဲဒီ့အချိန်မှာပဲကလေးတွေဘာများလုပ်နေသလဲရယ်လို့သေသေချာချာလေ့လာစူးစမ်းမှုမရှိဘဲနဲ့ဆရာမကအသံစူးစူးမာမာနဲ့ ''ဟဲ့..သူများပိုက်ဆံပြန်ပေးလိုက်လေ၊ ဘာလုပ်တာလဲ၊ အဲလိုအကျင့်မျိုးကို တီချယ်လုံးဝမကြိုက်ဘူး'' လို့အော်ပါတော့တယ်။

သုံးနှစ်အရွယ်ကလေးလေးဟာပိုက်ဆံကိုတစ်လှည့် သူ့ဆရာမကိုတစ်လှည့် ကြောင်ပြီး ကြည့်နေပါတယ်။ ဘာပြောနေမှန်းသူလုံးဝနားလည်ပုံမရရှာပါဘူး။ ဆရာမဟာ ကလေးလက်ထဲမှာ မကြာခင်ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးရောက်နေတဲ့အတိုင်း ကလေးပိုက်ဆံကိုပြန်မပေးမချင်း ပြန်ပေးဖို့ကိုပဲ စူးစူးဝါးဝါးအော်ပါတော့တယ်။

ပိုက်ဆံပိုင်ရှင်ကလေးရော၊ ပိုက်ဆံကိုင်ထားတဲ့ကလေးရောဟာ ခဏအတွင်းမှာပဲ သနားဖွယ်ကောင်းလောက်တဲ့ မျက်နှာငယ်လေးတွေနဲ့ ငိုမဲ့မဲ့ဖြစ်လာပါတော့တယ်။ သူတို့ရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ကစားပွဲလေးဟာအစူးစမ်းအဆင်ခြင်နည်းတဲ့လူကြီးတစ်ယောက်ကြောင့်ပျက်စီးသွားရပါတော့တယ်။သုံးနှစ်အရွယ်ကလေးတစ်ယောက်ဟာတစ်ထောင်တန်ကိုဘာအတွက်ကြောင့်ကိုင်ထားနိုင်သလဲဆိုတာကိုကလေးရှုထောင့်ကနေမကြည့်တတ်တဲ့မူကြိုဆရာမမျိုးကိုကျွန်မအံ့သြမိရပါတော့တယ်။

လူကြီးတွေနဲ့ကလေးတို့ရဲ့ပဋိပက္ခတော်တော်များများဟာ လူကြီးတွေရဲ့အမြင်နဲ့ကြည့်ပြီး ကလေးကို ဆုံးဖြတ်တာမို့ ရှိရင်းစွဲထက်ပိုပြီးကြီးကျယ်လာရတာပါ။ လေးနှစ်အရွယ်ကလေးတစ်ယောက်က အမေကို တောက်ခေါက်တာဟာ''လူကြီးတွေစိတ်ဆိုးရင်တောက်ခေါက်တာကိုမြင်ထားတာမို့အတုခိုးတဲ့အနေနဲ့သူစိတ်ဆိုးတာကိုအမေသိအောင်ပြတဲ့သဘောပါ''စိတ်ကောက်ပြတာနဲ့အတူတူပါပဲ။စော်ကားတဲ့သဘောလုံးဝမဟုတ်ရပါဘူး။ လူကြီးအမြင်နဲ့ကလေးတောက်ခေါက်တာကိုကြည့်ပြီး ''ဒီအရွယ်လေးနဲ့အမေကို အာခံချင်တယ် ကြည့်စမ်း'' ဆိုပြီးဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ပြသနာဟာပိုပြီးကြီးထွားလာရပါတော့တယ်။

ကလေးတို့ရဲ့စိတ်ပိုင်းဆိုင်ရာလေးတွေဟာသိပ်ကိုမှနုနယ်လွန်းလှပါသေးတယ်။သူတို့ဝန်းကျင်လေးထဲကအမိအဘ၊ဆရာမတို့ဟာသူတို့ရဲ့ကမာပါ။တစ်ခုခုပြောလိုက်၊လုပ်လိုက်ရင်ပဲအဆူခံရတော့မလား၊အပြစ်တင်ခံရတော့မလားရယ်လို့ကြောက်နေခဲ့မယ်ဆိုရင်သူတို့ဝန်းကျင်ဟာသူတို့အတွက် စိတ်လုံခြုံမှုမရှိတော့ပါဘူး။ စိတ်လုံခြုံမှုမရှိတဲ့ဝန်းကျင်မှာကြီးပြင်းလာရတဲ့ကလေးဟာကိုယ့်ကိုယ်ကိုမယုံသလို၊ ဘယ်သူ့ကိုမှလည်း မယုံတတ်တော့ပါဘူး။ အပြစ်တင်ခံရမှာကိုစိုးပြီး မလုပ်ရဲ၊မပြောရဲ၊မဆိုရဲ၊မတီထွင်ရဲ၊မစမ်းသပ်ရဲတဲ့ ကြောက်တတ်တဲ့ လူကြီးတွေ ဖြစ်လာပါလိမ့်မယ်။

ကလေးတို့ရဲ့စိတ်တွေရဲရင့်သန်စွမ်းစေဖို့ဆိုတာကလေးအနားမှာရှိတဲ့ မိဘနဲ့ဆရာ၊ဆရာမတို့က အဓိကပါပဲ။ ဝလုံးရေးတတ်ဖို့၊အေဘီစီသိဖို့ကလေးတွေမှာအရေးကြီးနေသလိုပဲ ကလေးတို့ ပျော်ရွှင် ရဲရင့်စေဖို့အတွက် ကလေးကိုအပြစ်တင်၊ဆူပူပြီးဘာဆိုတာကိုမဆုံးဖြတ်ရသေးခင်မှာကလေးအမြင်၊ ကလေး အတွေးလေးနဲ့ ကလေးတွေကိုကလေးလိုအရင်ကြည့်ပေးကြပါဦးလို့။

Crd... Baby Care

No comments:

Post a Comment