KIO/KIA ဗဟိုဌာနချုပ် တည်ရှိတဲ့ လိုင်ဇာမြို့ဟာ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် နေလို့ထိုင်လို့ မကောင်းတဲ့ ပတ်ဝန်းကျင်ပါ။ တိုက်တာ အဆောက်အအုံတွေနဲ့ ခေတ်မီတယ် ထင်ရပေ မယ့် ဒေသခံတွေ အတွက်ကတော့ ကျန်းမာရေး စောင့်ရှောက်မှု အ တွက် ဆေး ရုံ၊ ဆေး ခန်းတောင် ကောင်းကောင်း မရှိပါဘူး။ လိုင်ဇာ မှာရှိ တဲ့ ဆေးရုံဆိုတာလဲ အဖြစ် သဘောလောက်ပဲ အဆင့်ရှိ တဲ့ ဆေးရုံဖြစ် ပါ တယ်။ ခေါင်းဆောင်ကြီးတွေ က အများမြင်ကောင်းအောင်လုပ်ထားတဲ့ ဆေးရုံ ဆိုရင် လည်း မမှားပါဘူး။ လိုင်ဇာဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ အရည်အချင်းမမီတဲ့ အမည်ခံတွေပါ။ အဲဒီ ဆရာဝန်တွေဟာ တကယ်တော့ (၁၀) တန်းအောင်ဘွဲ့ရတွေကိုစုပြီး တရုတ်နိုင်ငံမှာ ပညာသွားသင်ခိုင်းပြီး ဆရာဝန်ဖြစ် လာတာပါ။ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ မကင်းရာ မကင်းကြောင်းတွေ ဆိုရင်လည်း မှန်ပါတယ်။ သူတို့ တရုတ်ကို သွားသင်ပြီး တတ်မြောက်ခဲ့တဲ့ ဆေးပညာဟာ မြန်မာပြည်တွင်းမှာဆိုရင် ဆေးဝါးကျွမ်းကျင်အဆင့်ပဲရှိပါတယ်။ ရှင်းရှင်းပြောရရင် MBBS ဆရာဝန်တွေလို နှစ်ရှည် ကျောင်းတက်၊ အတွေ့အကြုံယူပြီးမှ ဆရာဝန်ဖြစ်လာကြတာ မဟုတ်ပါ ဘူး။ တရုတ်မှာ ၁ နှစ် ၂ နှစ်လောက် သင်တန်းသွားတက်ပြီးရင် လိုင်ဇာဆေးရုံမှာ ဆရာဝန်အမည်ခံလို့ရပါပြီ။ သူနာပြုတွေ လည်း ထိုနည်းအတိုင်းပါပဲ။ တချို့သူနာပြုတွေဆိုရင် အတန်းပညာ ၄ တန်းလောက်ပဲ တတ်တဲ့သူတွေ ပါတယ်။ လိုင်ဇာဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကို KIO/KIA ခေါင်းဆောင်ကြီးတွေ က အသိ အမှတ်ပြုခန့်အပ်ထား တာကြောင့် ဒေသ ခံ ပြည်သူတွေရဲ့ ဘ၀ဟာ တကယ် သနားစရာကောင်း လှပါတယ်။ တကယ်တော့ လိုင်ဇာဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေဟာ MBBS ဘွဲ့ရ ဆရာဝန်တွေ၊ သူနာပြု သိပ္ပံဘွဲ့ရ သူနာပြု တွေ မဟုတ်လေတော့ ရောဂါ ကို ပျောက်ကင်းသက်သာအောင် ကုသမပေးနိုင်ကြပါဘူး။ အဓိကကတော့ တိုက်ပွဲဖြစ်လာရင် ကျည်ဆံမှန်၊ ဗုံးစမှန်ဖြစ်လာတဲ့ KIA စစ်သည်တွေ ကို ခြေဖြတ်၊ လက်ဖြတ် လုပ်ရုံလောက်အတွက် ဖွင့်ထားတဲ့ ဆေးရုံ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ အသိမိတ်ဆွေတွေ လိုင်ဇာဆေးရုံတက်တာ တလွဲကုသမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ ကြရပါတယ်။ တိုက်ပွဲကာလတွေတုန်းကလည်း မသေသင့်ဘဲ သေသွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အများကြီးပါပဲ။ လိုင်ဇာဆေးရုံ က ဆေးကုသမှု ကောင်းလွန်းလို့ ကျွန်တော့်မိတ်ဆွေ ၄ ယောက် မသေသင့်ဘဲ သေခဲ့ရတာ တကယ့်လက်တွေ့ ကြုံခဲ့ရ တာပါ။ အသိမိတ်ဆွေတစ်ယောက် ဗိုက်အောင့်လို့ လိုင်ဇာဆေးရုံတက်လိုက်တာ ညဘက်ဆေးရုံတက် မနက်သေတဲ့ အဖြစ်မျိုး ကြုံခဲ့ပါတယ်။ လိုင်ဇာဆေးရုံရဲ့ ကုသပုံကတော့ အံ့မခန်းပါပဲ။ မသေပဲ နေပါ့မလားဗျာ။ ဆရာဝန်နဲ့ သူနာပြုတွေက လက်တစ်ဖက်မှာ ဖုန်းပြော၊အခြားလက်တစ်ဖက် မှာ ဆေးထိုးအပ်ကိုင်ပြီး ကုသမှတော့ မဖြစ်ဘဲနေပါ့မလား စဉ်းစားကြည့် ကြပါဗျာ။ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ အရည်အချင်းမမီတဲ့ ဆေးရုံကို တည်ထောင်ထားပေးတဲ့ ခေါင်းဆောင်ကြီး မှန်သမျှ ဒီဆေးရုံမှာ ဆေးမကုပါ ဘူး။ ခေါင်းဆောင်ကြီးတွေ ရောဂါဖြစ်ရင် မြန်မာပြည်ထဲက မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေးမြို့ကြီး တွေပေါ် တက်ကုတာ ။ တရုတ်ပြည်မှာဆိုရင် မန်ရှီ၊ ကူမင်း စတဲ့မြို့ကြီးတွေမှာ သွားကုပါတယ်။ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ ရဲဘော်တွေနဲ့ အခွင့်အရေးရပုံချင်း ကွာခြားပုံက လက်ဖျားခါလောက်ပါတယ်။ KIO/KIA ခေါင်းဆောင်ကြီးတစ်ယောက်လောက် ရောဂါဖြစ်လို့ ဆေးသွားကုရင် တရုတ်ယွမ်ခြောက်သောင်းလောက် အဖွဲ့က အကုန်အကျခံပါတယ်။ ကျွန်တော်အသိ ရဲဘော်တစ်ယောက် သူ့မိန်းမကို အပြင်မှာ ဆေးကုဖို့ စရိတ် ယွမ် (၂၀၀) ရဖို့ ကင်းချိန်ပြီးမှ ချောင်းထဲမှာ ငါးသွားဖမ်းရပါတယ်။ ကချင်ပြည်နယ်နဲ့ ကချင်ပြည်သူတွေအတွက် အလုပ်လုပ်နေ တာလား၊ သူတို့ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့ ဒေသခံတွေကို စစ်မှုထမ်းခိုင်းပြီး မသေထမင်း၊ မသေဟင်း ကျွေးပြီး အသုံးချနေတာလား ဆိုတာ အဖြေက ရှင်းနေပါတယ်။ ညီနောင်ရဲဘော်တွေ အမြင်မှန်ရချိန်တန်ပြီဖြစ်ပါတယ်။ KIO/KIA အတွင်းရေးများ အပိုင်း (၄) အား ဆက်လက်ဖော်ပြပါမည်။ ဘရန်စန်အောင်
No comments:
Post a Comment