Tuesday, October 28, 2014

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ အပိုင်း(၇)

ပါးစပ်ကပြည်နယ်အတွက် လုပ်နေတာလို့ တဖွဖွပြောနေတဲ့ ခေါင်းဆောင်ကြီးတွေကို ကျွန်တော်အယုံအကြည် မရှိပါဘူး။ သူတို့တွေ လုပ်နေတာသူတို့ရဲ့ အကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့အတွက်လုပ်နေတာပါ။ ဒေသခံ ပြည်သူတွေဘယ်လို အခြေအနေ ရောက်ရောက်၊ ဘယ်လောက်ပဲဆင်းရဲငတ်ပြတ်၊ ဘယ်လိုပဲနေထိုင်နေထိုင် သူတို့ဂရုမစိုက်ပါဘူး။ အဓိက ကချင်ပြည်နယ်ရဲ့အာဏာကို သူတို့ရရှိဖို့အတွက် လုပ်နေတာပါ။

KIO/KIA ခေါင်းဆောင်ကြီးတွေသာ ကားအကောင်းစားကြီးတွေ တ၀ူးဝူးနဲ့စီးပြီး တစ်လျှောက်လုံးသူတို့အတွက် အသက် စွန့်ခဲ့တဲ့ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေကတော့ ဒုံရင်းဒုံရင်းဘ၀ကနေမတက်ပါဘူး။ အခုလက်ရှိ အခြေအနေကို ကြည့်တာနဲ့ပဲ ဆင်ခြင်းသုံးသပ်နိုင်ပါတယ်။
အရင်ခေတ်သမိုင်းကြောင်းကို ကျွန်တော်မဝေဖန်ပါ ဘူး။ ပြီးတော့ အရင် ခေတ်က တော်လှန်ရေးသမားကြီးတွေကိုလဲ ကျွန်တော်ချီးကျူးပါတယ်။ သူတို့က တကယ့် စိတ်ရင်းစေတနာနဲ့ ပြည်နယ် အတွက် ကြိုးစားခဲ့ကြတာပါ။

အခုခေတ်မှာတော့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ အတ္တကိုယ်ကျိုးကြည့်မှုတွေကြောင့် ကချင်ပြည်နယ်ကြီး ဆုတ်ယုတ် ပျက်စီးတာပဲ အဖတ်တင်ပါတယ်။ ၁၉၉၀ ကျော်ကာလက ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ အခုအချိန် မြစ်ကြီးနားမြို့ ဘာမှမဆိုင်တော့ပါဘူး။ ဒီလိုတိုးတက်ခဲ့တာ ကျွန်တော်တို့ KIO/KIA ခေါင်းဆောင်ကြီးတွေ လုပ်ခဲ့တာမဟုတ်ဘူး ဆိုတာ ကတော့ သေချာပါတယ်။ ခေါင်းဆောင်ကြီးတွေထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တွေမှာကတော့ ဘာမှမတိုးတက်ခဲ့ပါဘူး။

ဟိုးယခင် ရှမ်းပြည်မှာ ခေါင်းဆောင်ကြီးတို့အဖွဲ့ထက် အင်အားရော အရှိန်အ၀ါပါသာတဲ့ ခွန်ဆာအဖွဲ့ရှိခဲ့ပါ တယ်။ အခု ခေတ်အချိန်မှာ အဲဒီအဖွဲ့မရှိတော့တဲ့အတွက် ရှမ်းပြည်လူထု ဘာမှမထိခိုက်ခဲ့ပါဘူး။ ရှမ်းပြည်နယ်လဲ အထိုက် အလျောက် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ပြည်သူတွေအတွက်က ကိုယ့်လူမျိုးကိုယ့်လက်နက်ကိုင် တပ်ဖွဲ့ရှိခြင်း၊ မရှိခြင်း ဆိုတာ စိတ်မ၀င် စားပါဘူး။ ရှင်းရှင်းပြောရရင် ကချင်ပြည်နယ်မှာ KIO/KIA အဖွဲ့ရှိနေတာ ဟာဒေသခံပြည်သူတွေအတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးတွေသာ ပေးနေတယ်လို့ပြောချင်တာပါ။

ဒေသခံပြည်သူတွေ စိတ်ဝင်စားတာက သူတို့ ဘ၀လုံခြုံအေးချမ်းစွာနဲ့ အေးအေးချမ်းချမ်း
လုပ်ကိုင်စားသောက် နိုင်ဖို့ပါ။ ဒါမှလဲ ကျွန်တော်တို့နိုင်ငံ တစ်ခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ အခုတာ့ ခေါင်းဆောင်ကြီးတို့က ကိုယ့်အာဏာ ပျောက်သွားမှာစိုးရိမ်ပြီး
ပြည်သူတွေရဲ့ဘ၀ကို နည်းနည်းမှ ကိုယ်ချင်း မစာသလို ဖြစ်နေပါတယ်။

အစိုးရနဲ့ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး၊ လက်နက်စွန့်ပြီး အဖွဲ့အစည်းကိုဖျက်သိမ်းလိုက်တာ
ခေါင်းဆောင်ကြီးတွေကို ဘာမှ မထိခိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကချင်ပြည်နယ်ကြီးကတော့ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမှာ သေချာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကိုယ်အာဏာရရှိဖို့အတွက် မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေလုပ်နေမယ့်အစား ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်နဲ့ ပြန်ကြည့်ကြပါလို့ ပြောချင်ပါတယ်ဗျာ။

ဘရန်စန်အောင်

No comments:

Post a Comment