တောင်သမန်အင်းအတွင်း ငါးသေဆုံးမှု သမားရိုးကျ မဖြစ်နိုင်ကြောင်း ရေညစ်ညမ်းမှုနှင့်ပတ်သက်သော ကျွမ်းကျင်ပညာရှင်တစ်ဦးကဆို
အမရပူရ စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း မြောက်ဘက်ခြမ်းတွင် သုံးရက်တာ ကာလအတွင်း ငါးများအမြောက်အမြားသေဆုံးမှု နှစ်ကြိမ်ဖြစ် ပွားခဲ့မှုနှင့်စပ်လျဉ်း၍ယင်းဖြစ်စဉ်သည် သမားရိုးကျ သေဆုံးမှုမဖြစ်နိုင်ကြောင်း ရေညစ်ညမ်းမှုနှင့် ပတ်သက်သော ကျွမ်းကျင်ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
''တောင်သမန်အင်းအတွင်း ငါးသေဆုံးမှုက သမားရိုးကျသေဆုံးမှုမဖြစ်နိုင်ဘူး။ သမားရိုးကျသေဆုံးမှု ဆိုတာက ရေဆိုးဝင်ရောက်မှုကြောင့်၊ ရေထုညစ်ညမ်းမှုကြောင့်၊ အပူဒဏ်မြင့်မားလွန်းတာကြောင့် သေဆုံးမှု ဖြစ်တာကိုပြောတာပါ။ ရေဆိုးကြောင့်ပဲဖြစ်ဖြစ်၊အပူဒဏ် မြင့်မားလွန်းလို့ပဲဖြစ်ဖြစ်၊ ရေထုညစ်ညမ်းလို့ပဲဖြစ်ဖြစ် ငါးသေဆုံးမှုက နေ့စဉ် ဒါမှမဟုတ်ရင် အချိန်တိုင်း စဉ်ဆက်မပြတ်ဖြစ်နေရမှာ။ အခုဟာက သေဆုံးချိန်က မနက်ပိုင်းတွေချည်းပဲ။ သေဆုံးတဲ့ငါးကလည်း ကကတစ် ငါးတစ်မျိုးတည်းပါ။ အမှန်ဆိုသေတဲ့ငါးက မျိုးစုံပါဝင်ရမှာပါ။ ဧပြီလ သင်္ကြန်မတိုင်ခင်က ငါးသေဆုံးမှုဖြစ်စဉ်က အင်းအတွင်းကို စက်မှုဇုန်က စွန့်ပစ်တဲ့ရေဆိုးတွေ ဝင်ရောက်လို့ ငါးမျိုးစုံမြောက်မြားစွာ သေဆုံးမှုဖြစ်ပွား ခဲ့တယ်။ အခုဖြစ်စဉ်က စဉ်းစားစရာပါ။ ဒါကြောင့် သမား ရိုးကျသေဆုံးမှုမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အခုအခြေအနေကို စီမံခန့်ခွဲမှု သဘောအရ သုံးသပ်ပြောဆိုခြင်းဖြစ်ပါတယ်''ဟု ရေညစ်ညမ်းမှုနှင့် ပတ်သက်သောကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။
တောင်သမန်အင်း မြောက်ဘက်ခြမ်းတွင် စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီခွဲခန့်က ငါးများ သေဆုံးမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က တစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ရာ ယခင်ရက်ထက် ငါးသေဆုံးမှုပိုမိုများပြားကာ မွေးငါးများသေဆုံးမှုမရှိဘဲ ကကတစ်ငါးတစ်မျိုးတည်းသာ သေဆုံးခဲ့ကြောင်း တွေ့ရှိရသည်။
''ငါးသေဆုံးမှုက တစ်ရက်ပဲခြားတယ်။ နှစ်ရက်ပေါင်း ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်းလို့တောင်မရဘူး။ ဒီနှစ်ထဲမှာကို ငါးသေဆုံးမှုဖြစ်စဉ်က လေးကြိမ်မြောက်ဖြစ်နေပြီ။ သင်္ကြန်မတိုင်ခင် ငါးတွေသေဆုံးမှုဖြစ်ပွားပြီးနောက်ပိုင်းငါးတွေမဖမ်းဘဲ ရပ်နားထားခဲ့တယ်။ အခုတော့ ငါးတွေ မကြာခဏသေဆုံးမှုတွေဖြစ်ပွားနေတာကြောင့် ငါးရစ် ငါးသန် ပေါက်ပွားတဲ့ကာလဖြစ်သော်လည်း ဖမ်းပြီးရောင်း ချဖို့စီစဉ်တော့မှာပါ။ ငါးဖမ်းရမယ့်အချိန်ကာလကို မစောင့် တော့ဘူး''ဟု အင်းတာဝန်ခံက ပြောသည်။
''ဒီလထဲမှာကို ငါးသေတာ နှစ်ခါရှိပြီ။ ပထမ အကြိမ်ငါးသေတာက နည်းတယ်။ဒုတိယအကြိမ် ငါးသေ တာကများတယ်။ ရေဆိုးကြောင့်ငါးသေတယ်ဆိုတာတော့ မှန်ပေမယ့် ဆက်စပ်ပြန်တွေးကြည့်ရင် ဖြစ်နိုင်မှုအားက နည်းပါးပါတယ်။ အင်းအတွင်းနှစ်ပေါင်းများစွာ ရေဆိုး စီးဝင်မှုကြောင့် အင်းရေအောက်ကြမ်းပြင် ရေဆိုးအနှစ် များ အနည်ထိုင်ပျော်ဝင်မှုကြောင့် ငါးသေဆုံးမှုဖြစ်ပွား နိုင်သလို သမားရိုးကျမဟုတ်ဘဲ ပယောဂတစ်ခုခုကြောင့် လည်း ငါးသေဆုံးမှုဖြစ်နိုင်ပါတယ်'' ဟု တောင်သမန်အင်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။
အင်းအတွင်း ငါးသေဆုံးမှုနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ လာရောက်၍ ငါးအသေများနှင့် ရေဆိုးများအား ဓာတ်ခွဲစမ်းသပ်လျက်ရှိသည်။
''စက်တင်ဘာ ၁၇ ရက် ငါးသေဆုံးမှုဖြစ်ပွားတော့ အင်းအတွင်း ငါးသေဆုံးတဲ့နေရာကရေတွေကို ဓာတ်ခွဲ စမ်းသပ်တဲ့အခါ ရေထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှု၊ ရေဆိုးပါဝင်မှုနဲ့ အခြားအကြောင်းအရာတွေအားလုံး ကောင်းမွန်ပါတယ်။ ၁၉ ရက်နေ့သေဆုံးမှုကိုတော့ BOT တိုင်းတာစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ရလဒ်ကို လည်း ကြေညာပေးသွားမှာပါ''ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ငါးသေဆုံးမှုဖြစ်ပွားသည့်အချိန်ကာလနောက်ပိုင်းတွင် ငါးသေများအား အင်းပတ်လည်ဒေသခံများက ဖမ်းပြီး ပြန်လည်ရောင်းချမှုများပြုလုပ်လျက်ရှိကြောင်း၊ သေဆုံးငါးများအား စားသုံးမိပါက ဘေးဥပဒ်ဖြစ်ပွားမှု မရှိသော်လည်း ငါးများစဉ်ဆက်မပြတ်သေဆုံးမှုဖြစ်ပွား နေပါက ငါးသေအပုပ်နံ့များမှာ တောင်သမန်အင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားခရီးသွားများအား စိတ်အနှောင့်အယှက်ဖြစ်ပေါ် စေနိုင်ကြောင်း၊အင်းသန့်ရှင်းသာယာလှပရေးနှင့် ရေရှည် တည်တံ့စေရေးအတွက် သက်ဆိုင်ရာဌာနများ အပါအဝင် ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
သူရိန်(မန်း)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment