Wednesday, September 16, 2015

အသားကောင်းသည့် ကျောက်များကို ပြည်ပသို့ အတုံးအတိုင်း ရောင်းချသဖြင့်ကျောက်ကောင်း ရှားပါးမှုနှင့် ကြုံတွေ့လာ

အသားကောင်းသည့် ကျောက်များကို ပြည်ပသို့ အတုံးအတိုင်း ရောင်းချသဖြင့်ကျောက်ကောင်း ရှားပါးမှုနှင့် ကြုံတွေ့လာ

မတ္တရာ စက်တင်ဘာ ၁၆

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် စကျင်ရွာ အနီးရှိ စကျင်တောင်၌ ကုမ္ပဏီ လုပ်ငန်းရှင်များက စကျင်ကျောက်များ ထုတ်ယူရာတွင် စက်ယန္တရားများဖြင့် အများအပြား ထုတ်ယူပြီး ကျောက်သား ကောင်းသည့် ကျောက်တုံးများကို ပြည်ပ နိုင်ငံများသို့ အတုံးအတိုင်း ရောင်းချနေသဖြင့် ကျောက်ကောင်း ရှားပါးမှုနှင့် ကြုံတွေ့ လာရကြောင်း ဒေသခံ ပန်းတမော့ လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။ စကျင်ရွာ အနီးရှိ စကျင်ကျောက် ထုတ်လုပ်ရန် လုပ်ကွက်များ ချပေးရာတွင် ကုမ္ပဏီ လုပ်ငန်းရှင်များကို ဧက အများအပြား ချထားပေးပြီး ဒေသခံ ပန်းတမော့ လုပ်ငန်းရှင်များကို လုပ်ကွက် အနည်းငယ်သာ ချပေး ကြောင်းသိရသည်။ ဒေသခံများ အနေဖြင့် ကျောက်များ ထုတ်ယူရာတွင် တစ်ပိုင်တစ်နိုင် ထုတ်ယူပြီး ရရှိသော ကျောက်များဖြင့် ရိုးရာ ပန်းတမော့လုပ်ငန်းများ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထား နိုင်ကြောင်း ပန်းတမော့ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။ စကျင်ရွာအနီးရှိ ကျောက်တောင်များမှ စကျင်ကျောက် ထုတ်ယူနိုင်သည့် တောင်များမှာ ကာမတောင်၊ ရသေ့တောင်၊ ဆံတော်ရှင်တောင်၊ ကျောင်းတောင်၊ မိကျောင်းတောင်၊ ခဲတောင်၊ မြိုင်တောင်တို့ ဖြစ်ပြီး ဒေသခံများကို အများဆုံး လုပ်ကွက် ချပေးသည့်တောင်မှာ ကာမတောင်ဖြစ်ကာ ဆံတော်ရှင်တောင်မှာ သာသနာ့နယ်မြေ သတ်မှတ်ထားသည့် အတွက် ထုတ်ယူခွင့် မရှိကြောင်း သိရသည်။ ဒေသခံ ပန်းတမော့ လုပ်ငန်းရှင်များသည် လာမည့်နှစ် အနည်းငယ် အတွင်း စကျင်ကျောက်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြောင်း၊ အနာဂတ် မျိုးဆက်များ အတွက် ပန်းတမော့လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိဘဲ မိမိဒေသကို စွန့်ခွာသွားမည်ကို စိုးရိမ်လျက် ရှိကြသည်။ ထို့ကြောင့် လုပ်ကွက်များ ချထားပေးရာတွင် ဒေသခံ ပန်းတမော့လုပ်ငန်း လုပ်ကိုင် နေသူများကို လုပ်ကွက်များများ ချထားပေးစေလိုကြောင်း ဒေသခံ ပန်းတမော့ လုပ်ငန်းရှင်များက ပြောသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment