ချီဖွေငယ် ဓာတ်အားပေးစက်ရုံက ဓာတ်အားတိုးချဲ့ဖြန့်ဝေခြင်းကြောင့် ကချင်ပြည်နယ်တွင်း၌ လျှပ်စစ်မီးသုံးစွဲနိုင်မှု ပိုမိုမြင့်တက်လာ
=======================================
ယခုနှစ်စောစောပိုင်းကစတင်၍ ကချင်ပြည်နယ်တွင် တိုးချဲ့တပ်ဆင်လျက်ရှိသော ဓာတ်အားလိုင်း များကြောင့် မြစ်ကြီးနား တစ်ဝိုက်တွင် ယခင်က ရွာ ၄၀ ခန့် လျှပ်စစ်မီးရရှိခဲ့ရာမှ ယခုအခါတွင် ရွာပေါင်း ၁၅၀ ခန့်အထိ လျှပ်စစ်မီးရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း ကချင်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာကပြောသည်။
ထိုသို့ ဓာတ်အားလိုင်းတိုးချဲ့မှုကြောင့် ကချင်ပြည်နယ်အတွင်း အစိုးရလျှပ်စစ်မီးသုံးစွဲနိုင်မှု အချိုး(electrification ratio)မှာ ယခင်က ၃၇ ရာခိုင်နှုန်းရှိရာမှ ၄၃ ရာနှုန်းအထိ မြင့်တက် လာခဲ့သည်။ မြစ်ကြီးနားမြို့၏ အနီးတစ်ဝိုက်ဒေသများအတွင်း ယခုကဲ့သို့ တိုးချဲ့တပ်ဆင်လျက်ရှိ
သည့် ဓာတ်အားလိုင်းများမှာ ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ထိုသို့တိုးချဲ့သည့်ဓာတ်အားလိုင်းများအတွက် လိုအပ်သည့် ဓာတ်အားကိုမူ ကချင်ပြည်နယ်ရှိ ချီဖွေငယ်ဓာတ်အားပေးစက်ရုံက ဓာတ်အားကို အဓိကထားသုံးစွဲနေခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ ဦးထောင်ဇိုခိုင်က ပြောသည်။
"ပြောရရင်တော့ ၂၀၀၆ လောက်တုန်းကမြစ်ကြီးနားမှာ ၂၄ နာရီ လျှပ်စစ်မီးရခဲ့ဖူးတယ်။ ဘူးခါးဆိုတာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုပါ။ သူ့မှာ မလိရေအားလျှပ်စစ်စက်ရုံဆိုတာရှိတယ်။ သူကနေပြီးမှ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကိုပေးတယ်။ နောက်ပိုင်းမှာ သုံးစွဲမှုမြင့်တက်လာတော့ ၂၄ နာရီမရတော့ဘူး။ ရခဲ့တာသုံးလေး နှစ်လောက်တော့ရှိမယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လကုန်မှာ မဟာဓာတ်အားလိုင်းနဲ့ ချီဖွေငယ်ဓာတ်အားပေး စက်ရုံတို့ ချိတ်ဆက်ပြီးနောက်ပိုင်း အခု ၂၄ နာရီ လျှပ်စစ်မီးပြန်ရသွားတာပါ" ဟု ၎င်းက ပြောသည်။
၂၀၁၃ ကပင် ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်းက လျှပ်စစ်ဓာတ်အားများဖြန့်ဝေပေး လျက်ရှိရာမှ ယခုအခါတွင် မြစ်ကြီးနား၊ ချီဖွေနှင့် မိုးညှင်းစသည့်မြို့များသာမက အနီးအနား ရွာများနှင့် ချီဖွေငယ်ဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၄၅၀ အကွာရှိ စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့နေရာများအထိပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
ချီဖွေငယ် ဓာတ်အားပေးစက်ရုံကို ဧရာဝတီအထက်ပိုင်း မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီလီမိတက် (ACHC)က ဆောက်လုပ်ခဲ့ပြီး ကနဦးရည်ရွယ်ချက်မှာ ရပ်ဆိုင်း ခံခဲ့ရသည့် မြစ်ဆုံစီမံကိန်းအပါအ၀င် ၎င်းတို့ကုမ္ပဏီက ဆောင်ရွက်မည့် စီမံကိန်းခုနစ်ခု တည်ဆောက်စဉ်ကာလအတွင်း လိုအပ်မည့် လျှပ်စစ်ဓာတ်အားအတွက်အသုံးပြုရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ကချင်ပြည်နယ်အစိုးရနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့ကကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားမလုံလောက်မှုကို ဖြည့်စွက်ပေးရန် ချီဖွေငယ်စက်ရုံက လျှပ်စစ်ဓာတ်အား များကို အများပြည်သူအတွက် ဖြန့်ဖြူးပေးရန် တောင်းဆိုမှုကြောင့်၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားနှင့် အနီးတစ်ဝိုက်ရှိ ရွာအချို့ရှိ ဒေသခံများကို လျှပ်စစ်မီးစတင်ဖြန့်ဖြူး ပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ နှစ်ဘီလျံကုန်ကျသည့် ချီဖွေငယ်ဓာတ်အားပေးစက်ရုံမှာ မြစ်ကြီးနားမှ ၁၁၅ မိုင်အကွာ နန့်မိုင်မြစ်ပေါ်တွင်တည်ရှိပြီး တည်ဆောက်ချိန် သုံးနှစ်ခန့်ကြာမြင့်ခဲ့သည်။
တည်ဆောက်မှုကုန်ကျစရိတ်ကို ACHC ကုမ္ပဏီက ကျခံခဲ့ပြီး ယခုအခါတွင် စက်ရုံ၌ ၃၃ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် တာဘိုင်သုံးခုဖြင့် လည်ပတ်လျက်ရှိသောကြောင့် စုစုပေါင်းထုတ်လုပ်နိုင်သည့် ဓာတ်အား ပမာဏမှာ ၉၉ မဂ္ဂါဝပ်ဖြစ်သည်။
ကချင်ပြည်နယ်တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ တစ်နှစ်လျှင် ကီလိုဝပ်သန်း ၈၀ ဖြစ်ပြီး ယခုလျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသော ချီဖွေငယ်လျှပ်စစ်ဓာတ်အားပေး စက်ရုံက ပုံမှန်ထုတ်လုပ်နိုင်သည့်ဓာတ်အားပမာဏမှာ တစ်နှစ်လျှင် ကီလိုဝပ် သန်း ၆၀၀ ရှိခြင်းကြောင့် ၎င်းစက်ရုံတစ်ခုတည်းကိုအခြေပြုကာ ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ပါက ကချင်ပြည်နယ်တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ပေးနိုင်သည့်အနေအထား ဖြစ်သည်။
၎င်းပြင်ချီဖွေငယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တစ်နှစ်ထုတ်လုပ်နိုင်သည့် ဓာတ်အား ပမာဏမှာ မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိဖြန့်ဖြူးပေးလျက်ရှိသည့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ပမာဏ၏ ခြောက်ရာခိုင်နှုန်းခန့်သာရှိသေးသည်။
"ကျွန်တော်တို့အနေနဲ့ ကချင်ဒေသဖွံ့ဖြိုးရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ရည်မှန်း ပါတယ်။ အခု ချီဖွေငယ်စီမံကိန်းဆိုလည်း မြောက်ပိုင်းဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတာတွေရှိလို့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်လောက် သုံးစွဲပြီး ပြင်ဆင်ခဲ့ရ ပါသေးတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာကုန်လောက်ကျမှ ပြန်လည်လည်ပတ်နိုင်ပြီး မြစ်ကြီးနားတစ်ဝိုက်နဲ့ ရွာတွေကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့တာပါ။ ချီဖွေငယ်က ထွက်တဲ့ လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်းစလုံး မြန်မာပြည်တွင်းက နေရာတွေကိုပဲ ဖြန့်ဖြူးမှာပါ။
ဒါပေမဲ့ ချီဖွေကထုတ်နိုင်တာ ၉၉ မဂ္ဂါဝပ်ရှိပြီးလောလောဆယ် ကချင်ပြည်နယ်မှာလိုအပ် နေတာက မဂ္ဂါဝပ် ၃၀ ပဲဆိုတော့ ပိုနေတဲ့ ဓာတ်အားတွေက အလဟဿ ဖြစ်နေပါတယ်။ ကျွန်တော့်တို့အတွက်လည်း အဲဒီဆုံးရှုံးမှုကိုခံရတာ အင်မတန်ခက်ခဲပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ ဓာတ်အားလိုင်းတွေတိုးချဲ့နိုင်လာတာနဲ့အမျှ ချီဖွေငယ်ကထွက်သမျှ ကချင်ပြည်နယ် အပါအ၀င် မြန်မာပြည်တွင်း နေရာဒေသအနှံ့အပြားက လူတွေအားလုံးကို ပတ်ဝန်းကျင်အထိ အခိုက်နည်းပြီး ဈေးသက်သာတဲ့ လျှပ်စစ်ဓာတ်အားအဖြစ် အခုထက်ပိုမို ဖြန့်ဖြူးပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ACHC ကုမ္ပဏီ၏ဥက္ကဋ္ဌ မစ္စတာလီဂွမ်ဟွာကပြောသည်။
ယခုအခါတွင် မြစ်ကြီးနားအပါအ၀င် အနီးအနားရှိနေအိမ်များ၊ လုပ်ငန်းများသည် ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံကရရှိသည့် လျှပ်စစ်ဓာတ်အားကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေလာကြောင်း ဒေသခံအချို့က ပြောသည်။ မြစ်ကြီးနားမြို့ တွင်းရှိကျန်းကျန်းအလှပြင် ဆိုင်မှ ဆံပင်ညှပ်ဆရာကိုအားချန့်က ၎င်းတို့ဆိုင်သည် လက်ရှိတွင်မီးစက်မောင်းကာ အလုပ် မလုပ်ရတော့ခြင်းကြောင့် ကုန်ကျစရိတ် ၉၀ ရာခိုင်နှုန်းခန့်အထိသက်သာသွားကြောင်း ပြောသည်။ လျှပ်စစ်မီး ပုံမှန်မရရှိမီက မီးစက်မောင်းကာ လျှပ်စစ်မီးသုံးစွဲခြင်းကြောင့် ဒီဇယ်ဆီဖိုးမှာ တစ်နေ့လျှင် အနည်းသုံး ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိကုန်ကျခဲ့ကြောင်း ၎င်းက ပြောသည်။
By The Myanmar Times
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment