Saturday, September 19, 2015

လေစိုင်ဝဲအရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့သုံးရက်အတွင်း မိုးကြီးမယ် ----------------------------------------

လေစိုင်ဝဲအရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့သုံးရက်အတွင်း မိုးကြီးမယ်
----------------------------------------

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေထု မတည်ငြိမ်မှုတွေနဲ့ မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်တဲ့ လေစိုင်ဝဲ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ နောက်သုံးရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကပ္ပလီပင်လယ် မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး မုတ်သုံလေအား အလွန်ကောင်းနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီလေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသကို ဘင်္ဂလားပင်လယ်အော် မြောက်ဘက်ပိုင်းမှ ရွေ့လျားမှာဖြစ်ပြီး ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ အဲ့ဒီဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

“လေဖိအားနည်း ရပ်ဝန်းက ရွေ့လျားမှု နည်းနည်းမြန်တဲ့အတွက် အားကောင်းလာဖို့တော့ အခြေအနေ မများဘူး။ ဒါပေမဲ့ စောင့်တော့ကြည့်ရမယ့် အခြေအနေပါ” လို့ သူကပြောပါတယ်။

အဲ့ဒီလေဖိအားနည်း ရပ်ဝန်းရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်း ကျရောက်နိုင်တဲ့အတွက် ငါးဖမ်းရေယာဉ်တွေ ထွက်ခွာခြင်းမပြုဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေစိုင်ဝဲဟာ ပိုအားကောင်းလာပြီး မုန်တိုင်းအဆင့်အထိ ရောက်ရှိလာနိုင်တဲ့အပြင် မုတ်သုံလေအား ပြန်ကောင်းလာတာကြောင့် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် (တောင်ပိုင်း) ရခိုင်ပြည်နယ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်နိုင်ပြီး သုံးရက်အတွင်း မိုးရေချိန် ခြောက်လက်မမှ ရှစ်လက်မလောက် ရရှိတဲ့အထိ မိုးရွာသွန်းနိုင်တာကြောင့် ရေကြီးတာနဲ့ မြေပြိုမှု အန္တရာယ်တွေနဲ့ တွေ့ကြုံနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment