Sunday, September 6, 2015

အာဏာရှင်နွံထဲကရုန်းထဖို့ ပါတီကိုကြည့်မဲပေးကြ

အာဏာရှင်နွံထဲကရုန်းထဖို့ ပါတီကိုကြည့်မဲပေးကြ
Byဒေါက်တာ ရန်မျိုးသိမ်းOn Sun, 2015-09-06 06:30Issue No.No.848 Sunday, September 6, 2015

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလစတင်ရန် ရက်ပိုင်းသာ ကျန်ရှိသော်လည်း မဲဆန္ဒရှင်ပြည်သူလူထု အထူးသဖြင့် ကျေးလက်နေမဲဆန္ဒရှင်များအကြား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများသည် မြင့်မြင့်မားမားလိုအပ် နေ ဆဲဖြစ်သည်။ အာဏာရှင်စနစ် အောက်တွင် နှစ်ပေါင်း ၆၀ နီး ပါး နေထိုင်ခဲ့ရပြီး အီလည်လည်ရှေ့မတိုးနောက်မဆုတ် ဒီမိုကရေစီ အမည်တပ်အပြောင်းအလဲနွံနစ်နေဆဲ မဲဆန္ဒရှင်များ အတွက် လာမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးမျက်လှည့်၊ လက်လှည့်မဖြစ်ရေးစောင့်ကြည့်ထိန်းကျောင်းရမည်ဖြစ်သည်။

ပါတီကိုမဲပေးမည်လား၊ ကိုယ်စားလှယ်လောင်းကိုမဲပေး မည်လားဟူသော အသံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေး အလွဲအမှားကာလ တွင် ပိုမိုကျယ်လောင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန္ဒမဲပေးရန်တိုက်တွန်းသည့် နည်းတူ ကျိုးပဲ့သွားသောယုံကြည် မှုများ၊ မျှော်လင့်ချက်များကို အချိန်တိုအတွင်း ကုစားရန်လို အပ်မည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆-၄၇ ခုနှစ်ခေတ်ကာလ အပိုင်းအခြား တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်ဆိုသည့် ကြွေးကြော်သံနှင့် ဖဆပလကို မဲပေးပါဟု ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးခဲ့သည်နှင့်မတူ ကွဲပြား ခြားနားမှုများစွာ ရှိနေသည်ကို မျက်ခြည်ပြတ်၍မရနိုင်ပေ။ ၁၉၄၆ -၄၇ နိုင်ငံရေးနှင့် လက်ငင်း နိုင်ငံရေးကွဲပြားခြားနားသည့်အပြင် ၁၉၄၇ ဖဆပလ ခေါင်းဆောင်များနှင့် လက်ရှိ ဒီချုပ်ဗဟိုခေါင်း ဆောင်များသည်လည်း ကွဲပြား ခြားနားလွန်းလျက်ရှိသည်။

လက်ငင်းနိုင်ငံရေးအခြေ အနေအရ ရွေးချယ်စရာနည်းပါး နေသည့်အပြင် သမ္မတကိုရွေး ချယ်နိုင်ပြီး အစိုးရဖွဲ့နိုင်လောက် သည်အထိ အာဏာရပြည်ခိုင်ဖြိုး ပါတီနှင့် ဒီချုပ်ပါတီတို့သာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိ သည်။ အာဏာရပြည်ခိုင်ဖြိုး ပါတီကိုကျောခိုင်းလျက် ဒီချုပ် ပါတီကိုမျက်နှာမူနိုင်မှသာအစိုးရ အပြောင်းအလဲဆီ ဦးတည်နိုင် မည်ဖြစ်သည်။ သို့ဖြစ်၍ လာမည့် ရွေးကောက်ပွဲတွင် ရွေးချယ်မှု သည် သုံးခုတစ်ခုရွေး၊ လေးခု တစ်ခုရွေးမဟုတ်။ နှစ်ခုတစ်ခုရွေး သာဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဆန္ဒမဲပေး ရန်သည်သာ တစ်ကြောင်းတည်း သောလမ်းဖြစ်နေသည်။ အဘက် ဘက်က သာလွန်နေသည့်အပြင် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ် ၁၆၇ ဦးအနိုင်ရရှိပါက အစိုးရဖွဲ့နိုင်မည့် အဏာရပြည် ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေးစီးချင်းထိုးရမည့်ကာလတွင် ကိုယ်စားလှယ်လောင်းကိုကြည့်၍ မဲပေးရ မည်ဟု ဆော်သြလျှင် အာဏာရ ပါတီအကြိုက်ဖြစ်သွားနိုင်သည်။ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲ သည် အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုထောက်ခံမလား၊ ဒီချုပ်ပါတီ ကိုထောက်ခံမလားဆိုသည့် ရွေး ချယ်မှုနှစ်ခုတည်းက တစ်ခုရွေး ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။ ဒီချုပ်ပါတီကို ဥပေက္ခာပြုလျက် ဆန္ဒမဲပေးလျှင် အာဏာရပါတီ အတွက် ပိုမိုသက်သောင့်သက် သာ ဖြစ်သွားနိုင်ဖွယ်ရှိသည်ကို အလေးအနက်စဉ်းစားသင့်သည်။

ပါတီကိုကြည့်ပြီး မဲပေးပါဆို သည့် ဆောင်ပုဒ်သည် တိုင်းရင်း သားဒေသများတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီ ရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည့်ပါတီနှင့်ခေါင်း ဆောင်ကို မဲပေးရမည်ဖြစ်သည်။ ပြည်နယ်များတွင် တိုင်းရင်းသား မဲဆန္ဒရှင်များက တိုင်းရင်းသား ပါတီများကိုမဲပေးကြရမည်ဖြစ် သည်။ ဒီမိုကရေစီအရေခြုံ အစိုး ရနှင့် လက်ဝါးချင်းရိုက် နိုင်ငံရေး အရ နှစ်ပေါက်တစ်ပေါက်ရိုက် သော တိုင်းရင်းသားခေါင်းဆောင် များနှင့် ပါတီများကို တိုင်းရင်း သားထုက ကျောခိုင်းကြရ မည် ဖြစ်သည်။

လတ်တလော အခင်း အကျင်းသည် ပရိယာယ်များ၊ ဗျူဟာများ၊ လှည့်ကွက်များ အောက်တွင် နစ်မွန်းနေဆဲဖြစ်ပြီး အစိုးရဖွဲ့နိုင်ရန် ရွေးကောက်ခံ ကိုယ်စားလှယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းဖြစ်သော ကိုယ်စား လှယ် ၃၃၃ ဦးအနိုင်ရရှိရန် အသည်းအသန်လိုအပ်နေချိန်ဖြစ် သည်။ ဒီချုပ် အပါအဝင် ဒီမိုကရေစီအင်အားစု ဝင်ပါတီများ တိုင်းရင်းသားပါတီ များနှင့် လွှတ်တော်နိုင်ငံရေးတွင် ကျောချင်းကပ်မည့် တစ်သီးပုဂ္ဂလများကို ရွေးချယ်မဲပေးနိုင်ရေး စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။ လူထုအကြား နိုင်ငံရေးအား ကောင်းသော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် အကြိတ် အနယ်ယှဉ်ပြိုင်ရင်း ဒီချုပ်ကိုယ် စားလှယ်ရော တစ်သီးပုဂ္ဂလပါ အရေးနိမ့်ကာ အာဏာရပြည်ခိုင် ဖြိုးကိုယ်စားလှယ်အောင်ပွဲခံသွား နိုင်ခြေရှိသည်ကိုလည်း ထည့် သွင်းတွက်ချက်ရမည်ဖြစ်သည်။

သို့ဖြစ်၍ တိုင်းဒေသကြီး မဲဆန္ဒနယ်များအားလုံးနီးပါးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လည်းကောင်း၊ ပြည်နယ်မဲဆန္ဒ နယ်များအားလုံးနီးပါးတွင် ဒီမို ကရေစီအင်အားစုဝင် တိုင်းရင်း သားပါတီများကိုလည်းကောင်း ပုံအောဆန္ဒပြုကြရဖွယ်သာရှိနေ သည်။ ခြွင်းချက်များရှိနေသည်ကိုလည်း ထည့်တွက်ရမည်ဖြစ် သည်။ နိုင်ငံရေးသီဝရီများ၊ ပြဋ္ဌာန်းစာအုပ်များ၊ ကျမ်းများ၊ စာတမ်းများအလိုအရ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အနေဖြင့် ပါတီ၏မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များကိုသာမက ကိုယ်စားလှယ်လောင်းများ၏ ပင်ကိုအရည်အသွေး၊ နိုင်ငံရေးအတွေ့အကြုံ၊ စွမ်းဆောင်ရည်တို့ကိုပါ ကြည့်လျက် မဲပေးကြရမည်ဖြစ်သည်။ လက်ငင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ရွေးကောက် ပွဲအခင်းအကျင်းသည် ပြဋ္ဌာန်းစာအုပ်များ၊ ကျမ်းများ၊ စာတမ်းများနှင့်ချိန်ထိုး၍ မရနိုင်သည်အထိ သိမ်မွေ့ရှုပ်ထွေးနေဆဲ ဖြစ်သည်ကိုလည်း မမေ့လျော့သင့်ပေ။

အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များအနက် ပုဂ္ဂိုလ် အနေဖြင့် ပညာရှင်များ၊ မဟာ ပညာကျော်များဟုဆိုနိုင်သူများ ပါဝင်နေသော်လည်း အနှီပုဂ္ဂိုလ် တို့သည် ပါတီ၏မူဘောင် ဗျူဟာ ကိုကျော်လွန်လျက် မြန်မာ့ အပြောင်းအလဲအတွက် အသံကျယ်ကျယ်လောင်လောင် မပြုရဲကြ ပေ။ အနှီမဟာပညာကျော်များ သည် ဒီမိုကရေစီနှင့် ပြည်သူကို မျက်နှာမမူသော၊ မျက်နှာမူချင် ယောင်ဆောင်သော ပါတီ၏ လောင်းရိပ်အောက်တွင် ဘာမှမ လုပ်နိုင်သည်မှာ အထင်အရှား ဖြစ်သည်။ လက်ငင်း အကျပ်အတည်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု အောက်တွင်ရှိသော ခပ်ညံ့ညံ့လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ကို မဲမပေးလျှင် အာဏာရပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်းကို သွယ်ဝိုက်ထောက်ခံသည့်သဘောဖြစ်နိုင် သည့်အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ဒီချုပ် ဗဟိုခေါင်းဆောင်များ၊ ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်တချို့ တစ်ဝက်တွင် အားနည်းချက်များ၊ လိုအပ်ချက်များ၊ အပြစ်တင်စရာ များ၊ ဝေဖန်စရာများ တစ်ပုံတစ် ပင်ကြီးရှိနေလင့်ကစား အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့်နှိုင်းယှဉ်လျှင် အဆမတန်သာလွန်သောအခင်း အကျင်းကို ပိုင်ဆိုင်ထားသည်ဟု သုံးသပ်နိုင်သည်။ သို့ပါသော ကြောင့် ပြည်သူများ အနေဖြင့် ကောင်းကောင်းဆိုးဆိုး ယုံယုံကြည်ကြည်ပုံအပ်စရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီမှလွဲ၍ အခြားပါတီမရှိဟု သုံးသပ်ရမည်ဖြစ်သည်။ အလားတူ ပြည်နယ်များတွင်လည်း ဒီမိုကရေစီအင်အားစုဝင်တိုင်းရင်းသား ပါတီများကိုသာ ယုံယုံကြည်ကြည်ပုံ အပ်ကြရမည်ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ် ကိုမဲပုံအပ်ပါဟု တိုက်တွန်းသဖြင့် ဒေါ်စုနှင့် ဒီချုပ်ဘာလုပ်လုပ် အား လုံးကောင်းပါသည်ဟု မျက်စိ မှိတ်ထောက်ခံရမည်ဟုမဆိုလို ပေ။ ဆန်ရင်းနာနာဖွပ်ရမည်သာ ဖြစ်သည်။ ဝေဖန်သင့် ဝေဖန် ထိုက်သည်ကို ဝေဖန်ရမည် ဖြစ်သည်။ လိုအပ်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ထိထိရှရှဝေဖန်နိုင်ရေး ရှေးရှုသင့်သည်။ ဒီချုပ်နှင့်ဒေါ်စု၏အလွဲအမှားကို ဝေဖန်ထောက်ပြရေးတွင် နေ့ကောင်းရက်သာရွေးနေစရာမလို။ အချိန်အခါကောင်း စောင့်နေစရာမလို။ဝေဖန် ထောက်ပြသည်မှာ အချိန်အခါ ကိုက်ရန်အရေးကြီးသည်။ အချိန် နှောင်းလျှင် ဝေဖန်ရေး၏ တန်ဖိုးထိုးကျတတ်သည်။ လွဲနေ၊မှားနေသည်ကို အကြောင်းကြောင်း ထောက်ထားလျက် ရေငုံနှုတ်ပိတ်နေမည်ဆိုလျှင် ပူးသတ်သည့် သဘော၊ နောက်ကျောဓားဖြင့်ထိုး သည့်သဘောဆောင်သွားနိုင် သည်ကို ဆင်ခြင်သင့်သည်။ လက်ရှိအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဆန် သည်ဟု မဝေဖန်သင့်ကြောင်းအသံများကြားနေရသည်။ လတ် တလော ဒီချုပ်၏လွှတ်တော် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဗဟိုချုပ်ကိုင်မှုလွန်ကဲခြင်းကို အကြောင်းပြုလျက် အလွဲအမှားများဖြစ်ခဲ့ရသည်မှာ ပါတီတွင်း အာဏာရှင်ဆန်နေသည့် အငွေ့အသက်ပင်ဖြစ်သည်။ ထို့ကြောင့် ခွင့်သာခိုက်တွင် အာဏာရှင် မဆန်ရေး ဝေဖန်ပေးရခြင်းဖြစ်သည်။

အချုပ်ဆိုရသော် ကိုယ်စား လှယ်ထက် ပါတီနှင့် အလံကိုမဲ ပေးရေးဆော်သြနေရသည့်အပေါ်သဘောမတူနိုင်သော ပြည်တွင်း ပြည်ပရဲဘော်မိတ်ဆွေများ၊ ပညာရှင်များ၊ လေ့လာစောင့်ကြည့်သူ များအနေဖြင့် နဖူးပေါ်လက်တင် စဉ်းစားရင်း ဘယ်လိုသွားသင့် သည်၊ ပြင်ဆင်သင့်သည်၊ တည် ဆောက်သင့်သည်တို့ကို စော ကြောသင့်သည်။ ဒီချုပ်နှင့် ဒေါ်စု ကိုမဲပုံအောပေးခြင်းထက် သာ လွန်ကောင်းမွန်သော အခြား နည်းလမ်းရှိမည်ဆိုလျှင် ပြည်သူ ကိုချပြဆွေးနွေးသင့်သည်။

ပြည်တွင်း၏ ပကတိအခြေ အနေ၊ သတင်းအချက်အလက် များအပေါ် အခြေခံစဉ်းစားမှုဖြစ် ရန် ပဓာနကျသည်။ အာဏာရ ပါတီနှင့် အစိုးရ၏ ဆိုက်ဝါး သတင်းများ၊ ဆိုက်ဝါးအချက်အလက်များအောက်တွင် ကောက်ချက်မှားများထဲ နစ်မွန်းနေ၍ မဖြစ်နိုင်ပေ။ ဒီချုပ်၊ ဒီမိုကရေစီအင်အားစုဝင်တိုင်းရင်းသားပါတီများနှင့်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၆ နှစ်ဦး လွှတ်တော် အခင်းအကျင်းတွင် ကျောချင်းကပ်နိုင်မှသာ အစိုးရနှင့်လွှတ်တော်အခင်းအကျင်း အပြောင်းအလဲသည် ပုံပေါ်လာမည်ဖြစ်သည်။ ချိန်ထိုးကြည့်မည်ဆိုပါက နားရှုပ်ကောင်းရှုပ်နိုင်သည့် မြန်မာ့အခင်းအကျင်းစစ်စစ်တွင် မာယာပရိယာယ် အသွယ်သွယ်ယှက်နေဆဲဖြစ်သည်။ ရက်စက်မှုအပေါင်းသရဖူဆောင်းသွားနိုင်သည့် အလားအလာများကိုလည်း မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်းတိုက်တွန်းဆော်သြလိုက်ရပါသည်။



အားပေးတဲ့အတွက်ကျေးဇူးပါ

No comments:

Post a Comment