Thursday, September 17, 2015

အိုလံပစ်ခြေစမ်းပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်တို့ ယနေ့ကစားမည် ================

အိုလံပစ်ခြေစမ်းပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်တို့ ယနေ့ကစားမည်
==========================================

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

မန္တလေး စက်တင်ဘာ ၁၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၆ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ တတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၁၈ ရက် (ယနေ့)တွင် မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

တတိယနေ့ပွဲစဉ်အဖြစ် ညနေ ၃ နာရီခွဲတွင် ထိုင်းအသင်းနှင့် ဂျော်ဒန်အသင်း၊ ညနေ ၆ နာရီခွဲတွင် အိမ်ရှင်မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုပွဲသည် မြန်မာ အသင်းအတွက် နောက်တစ်ဆင့်တက်ရောက်ရေး မျှော်လင့်ချက် အတွက် အရေးပါသည့်ပွဲစဉ်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲတွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဗီယက်နမ်နှင့်ပွဲ မှာ အရေးပါလာခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဗီယက်နမ် အသင်းနှင့်ပွဲတွင် သရေကျ၍ပင်မရဘဲ အနိုင်ရမှသာ ထိုင်းနှင့်တရုတ် (တိုင်ပေ)တို့ကို ဆက်လက်ဖိအားပေးနိုင်မည်ဖြစ်သည်။ ဗီယက်နမ် အသင်းသည်လည်း အဖွင့်ပွဲ၌ တရုတ်(တိုင်ပေ)အသင်းကို ရှုံးနိမ့်ခဲ့ သောကြောင့် မြန်မာနှင့်ပွဲမှာအရေးကြီးနေပြီး နိုင်ပွဲမရခဲ့ပါက နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အဆုံးသတ်လုဖြစ်သွားပြီ ဖြစ်သည်။ စက်တင်ဘာ ၁၆ရက် ပွဲစဉ်များအပြီးတွင် တရုတ်(တိုင်ပေ) အသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ခြောက်မှတ်၊ မြန်မာအသင်းက နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲရှုံး သုံးမှတ်၊ ထိုင်းအသင်းက တစ်ပွဲ ကစား၊ တစ်ပွဲနိုင် သုံးမှတ်ရရှိထားသည်။ ဗီယက်နမ်နှင့် ဂျော်ဒန် အသင်းတို့သည် အမှတ်မရသေးပေ။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဂျော်ဒန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သော်လည်း ထိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းအတွက် ယနေ့ ယှဉ်ပြိုင်ရမည့်ပွဲမှာ နိုင်ပွဲမဖြစ်မနေရရှိရေးအတွက် အားကုန်ထုတ် ကစားရမည်ဖြစ်သည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment