Sunday, September 20, 2015

ယင်းမာပျံ့သင်းတော်သလင်းနှင့် ဆင်ယင်နွှဲပျော် လှေသဘင်ပွဲတော် ======================================

ယင်းမာပျံ့သင်းတော်သလင်းနှင့် ဆင်ယင်နွှဲပျော် လှေသဘင်ပွဲတော်
======================================

တော်သလင်းသည် မြန်မာပြက္ခဒိန်၌ ဆဋ္ဌမမြောက် လဖြစ်ပြီး မိုးရာသီတွင်ပါဝင်သည်။ ပုဂံခေတ်ကပင် တော်သလင်းဟု ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ ပုဂံ ခေတ်ထိုး ကျောက်စာများ၌ထိုလကို ''တ်သ္လင်၊ တ်ာသ္လင်၊ တ်ာသလင်၊ တာဝ်သ္လာင်'' ဟုအမျိုးမျိုးရေးထိုးခဲ့ကြသည်။ အင်းဝခေတ်တွင်မူ ယင်းလကို ''သစ်ဆင်းလ''ဟုလည်း ခေါ်ဝေါ်ကြပါသည်။

တော်သလင်းလအဓိပ္ပာယ်နှင့်စပ်လျဉ်း၍ ကျမ်းပြု ဆရာလှေသင်းအတွင်းဝန်က ''ပုရိသာနံ တောသိတုံ အလန္တိ တောသလံ''ဟုလည်းကောင်း၊ ''ကဿကာနံ တောသိတုံ အလန္တိ တောသလံ'' ယောကျာ်းတို့ကို နှစ်သက်စေခြင်းငှာ စွမ်းနိုင်သောလ သို့မဟုတ် လယ် လုပ်သားတို့ကို နှစ်သက်စေခြင်းငှာ စွမ်းနိုင်သောလဟု ဝိဂြိုဟ်ဖွင့်ပါသည်။

မြန်မာလအမည်များစာအုပ်ကမူ ''တော်''ဟူသည်မှာ မြင့်မြတ်သည်။ အထွတ်အထိပ်ဖြစ်သည်၊ အထက် ကောင်းကင် ဖြစ်သည်။ ''သလင်း''ကား 'သာလင်း'မှ ဆင်းသက်လာ၍ သာယာထွန်းလင်းသည်ဟု အဓိပ္ပာယ် ရသည်။ အထက်ကောင်းကင်တွင် သာယာထွန်းလင်း ကာလဟု ယူနိုင်ပါသည်။

တော်သလင်းလသည် အမည်နှင့်လိုက်ဖက်အောင် ပင် ကောင်းကင်၌ မိုးသားမိုးတိမ်များ ကင်းစင်၍ ကြည် လင်သာယာလျက်ရှိချေသည်။ ဝါဆိုဝါခေါင်လများတွင် မိုးကြီးတတ်သဖြင့် ထွန်းလင်းသာယာခွင့်မရဘဲ တပ် ခေါက်နေရသောနေမင်းကြီးမှာ အာကာဝေဟင်အဇဋာ ပြင်တွင် တစ်ဖန်ပြန်လည်မင်းမူလာချေပြီ။ ထိုသို့ ဒေါင်း ဖန်ဝါနေမင်းကြီးသည် လင်းချင်တိုင်းလင်း၊ သာယာချင် တိုင်းသာယာနေသဖြင့် 'တော်သလင်းနေ ပုစွန်သေ' ဟူ၍ ပင် ဆိုကြသည်မဟုတ်ပါလော။ ဆိုရိုးနှင့်ညီအောင် အပူရှိန်ပြင်းသဖြင့် ငါးငယ်၊ ပုစွန်ငယ်ကလေးများ သေကြသည့်ရာသီလည်း ဖြစ်၏။

သက္ကရာဇ် ၈၈၉ ခုနှစ်တွင် စပ်ဆိုခဲ့သော ရှင်အဂ္ဂ သမာဓိ၏ သုဝဏ္ဏသျှံသူဌေးခန်းပျို့တွင် ''အခါခါ၊ မင်္ဂလာဖြင့်၊ တကာလူဗိုလ်၊ လွန်ကြည်ညို၍ ဝါဆို၊ ဝါခေါင်၊ ယဉ်ဘောင်သစ်ဆင်း၊ တော်သလင်းနှင့် သီတင်းကျွတ်သော်'' ဟုဖွဲ့ဆိုထားသည်။ သက္ကရာဇ် ၉၃၁ ခုနှစ်တွင်ရေးသည်ဟု ယူဆရသော မင်းရဲကျော်စွာ ဧချင်းတွင် ''ချောင်းသစ်တွင်မူ သဘင်ပန်းလု၊ ခါရတုဖြင့် ပျော်မှုစံခင်း၊ တော်သလင်းတုံ၊ သစ်ဆင်း အခါ ပျော်ဘွယ်သာတည့်၊ ဗိုလ်ပါထွေဖြီး၊ သဘင်ကြီး၌ မငြီးရှုရာ'' ဟု တွေ့ရပါသည်။ ၉၅၂ ခုနှစ်ထိုး ကျောက် ဆည်မြို့ ရွှေသာလျောင်းကျောက်စာတွင် ''သက္ကရာဇ် သင်္ချာ ကိုဝ်ရာငါဆယ်၊ စွန်သွယ်နှစ်ခု၊ ဥတုဝဿ၊ လကာသစ်ဆင်၊ တော်သလင်ဆန်တက်၊ ယှစ်ရက်ပိတ ဟူနိယ်'' စသည်ဖြင့် သစ်ဆင်းအသုံးကို တွေ့ရှိရပါ သည်။

ထို့ကြောင့် သစ်ဆင်းလအသုံးကို ဒုတိယ အင်းဝ ခေတ်မှသာ အသုံးပြုကြောင်း လေ့လာမှတ်သားရ ပါသည်။ သစ်ဆင်း၏ အဓိပ္ပာယ်မှာ ''သစ်ဖောင် ဝါးဖောင်များ စုန်ဆင်းသောလ''ဟု ဝေါဟာရလီနတ္ထ ဒီပနီကျမ်းက ဆိုသည်။ မြန်မာလအမည်များ စာအုပ် ကမူ ''သစ်တိုင်လေးတိုင်ဖြင့် ဆောက်ထားသော တန်ဆောင်းစင်မြင့်ပေါ်မှ ရေပေါ်ပိုက်ကွန်ထဲသို့ ခုန်ချ ရသော သစ်ဆင်းပွဲကျင်းပသည့်လ''ဟု ဖော်ပြပါသည်။

ဤလရာသီတွင် မိုးသားတိမ်လိပ်များ တရိပ်ရိပ် တက်လာသည်ကို မြင်တွေ့ရတတ်သည်။ ထိုအခါ မကြာမီ မိုးရွာတော့မည်ဟု ခန့်မှန်းနိုင်ပါသည်။ သို့သော် ရွာချင်မှလည်း ရွာတတ်ပါသည်။ ရွာချင်လျှင် လည်း သဲကြီးမဲကြီး ရွာချတတ်ပါသည်။ ထို့ကြောင့် တော်သလင်းမိုးကို အငြိုးတကြီးရွာသောမိုး၊ ရွာမိလျှင် မစဲအောင်ရွာသောမိုးဟုရည်ရွယ်၍ 'တော်သလင်းမိုး ကန်သင်းကျိုး' ဟူ၍လည်း ဆိုရိုးရှိပါသည်။ လယ်များကို ဆည်ဖို့ထားသည့် ကန်သင်းရိုးပင် ကျိုးသွားလောက် အောင်ရွာသည်ဟု စာချိုးထားခြင်းဖြစ်သည်။ ဤသို့ လယ်ကန်သင်းများ ကျိုးလောက်အောင် သဲကြီးမဲကြီး ရွာတတ်ပြီး ရွာလျှင်လည်း စွေတတ်သောကြောင့် 'တော်သလင်းတိမ်ညို စဖိုသည်ဆင်းရဲ မိုးမစဲ' ဟုလည်း ဆိုကြပြန်သည်။

တော်သလင်းလတွင် 'ကန်ဆင်းမိုး'လည်း ရွာတတ် ကြောင်း ရှေးလူကြီးတို့ဆိုမိန့်သည်။ တနင်္ဂနွေဂြိုလ်မင်း သည် သိန်ရာသီ ဝါခေါင်လမှ ကန်ရာသီ တော်သလင်း သို့ ပြောင်းခဲ့၊ရောက်ခဲ့ခြင်းကို အစွဲပြု၍ ကန်ဆင်းမိုးဟု ခေါ်ဝေါ်ကြောင်း မှတ်သားရပါသည်။ ကန်ဆင်းမိုးသည် သင်္ကြန်တက်သည့်နေ့မှ ၁၅၄ ရက် လွန်မြောက်သည့် ရက်တွင် ရွာမြဲဖြစ်သည်ဟု ရှေးထုံးရှိပါသည်။ နှမ်းကြီး ကြဲရန်အတွက် အဓိကအားထားရသောမိုးဟု မန်လည် ဆရာတော်ဘုရားကြီး၏ မာဃဒေဝလင်္ကာသစ်တွင် လေ့လာနိုင်ပါသည်။

တော်သလင်းသည် ကန်ရာသီဖြစ်၍ ဆယ့်နှစ်လ ရာသီတွင် လက်တစ်ဖက်ကကောက်ဆုပ် လက်တစ်ဖက် ကဆီမီးတိုင်ကိုင်လျက် လှေစီးသောမိန်းမငယ်၏ပုံဖြင့် ကိုယ်စားပြု၏။ ကောင်းကင်ပြင်တွင် လပြည့်ဝန်းသည် ပြုဗ္ဗဘဒြပိုဒ် နက္ခတ်နှင့် ယှဉ်ပြိုင်မွန်းတည့်၏။ ရာသီ ပန်းများမှာ အင်ကြင်းပန်းနှင့် ယင်းမာပန်း များဖြစ်ကြ ၏။ ပန်းလုသဘင်ဟုခေါ်တွင်သော လှေပြိုင်ပွဲနှင့် သစ်ဆင်းပွဲတို့သည် ထိုလ၏ရာသီပွဲတော်များ ဖြစ်ကြ သည်။ နေ့တာ အနည်းငယ်ရှည်၍ ညတာတိုသောလ လည်းဖြစ်၏။

'ကန်ရာသီအချိန်တွင်းမို့၊ ရွှေရင်းတဲ့ မာငုံ၊ မြိုင် ဟေမာသာနန်းက၊ သုတ်ဖြန်းလေယူဖြန့်၊ သင်းပျံ့ပျံ့ထုံ၊ တိမ်စွန်ဘုံ၊ ရောင်ဟုန်လျှံပ၊ လမင်းသော်တာနှင့်၊ အဘဒ္ဒာရောင်လျှံညီးငယ်၊ နီးသည့်ကာလ' ဟု ဆိုအပ် သော ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်သည် လမင်းနှင့်အပြိုင်ထွန်းပ သော တော်သလင်းလတွင် ကျေးရွာအလိုက်၊ အသင်း အဖွဲ့လိုက်၊ လှေပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်နေချိန် တွင် သူ့ဘက်ကိုယ့်ဘက် အားပေးသူများကလည်း တက်ကြွစွာဆူညံအော်ဟစ်အားပေးလျက်ရှိပါသည်။ အိုးစည်ဗုံမောင်း အကအခုန်များဖြင့် အားပေးခြင်း ကလည်း ပြိုင်ပွဲဝင်များအတွက် စိတ်စွမ်းအင်တိုးစေသည့် အားဆေးတစ်ခွက်ဖြစ်ပေသည်။

လှေပြိုင်ပွဲသဘင်ကို ပန်းလုသဘင်၊ ရေပွဲသဘင်၊ မြစ်ယံပွဲစသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ကြသည်။ ပြိုင်ပွဲကို တော်သလင်းလဆန်းရှစ်ရက်၊ လပြည့်နေ့၊ လပြည့်ကျော်ရှစ်ရက်၊ လကွယ်နေ့များ၌ ကျင်းပလေ့ရှိ သည်။ ထိုပြိုင်ပွဲတွင် လှော်ကားလှေတော်ကြီး၊ လှော်ကားတော်၊ လှော်လှေတော်၊ ခတ်လှေတော်၊ လောင်းလှေတော်၊ ရဲလှေစသည်တို့ကို အမျိုးအစား အလိုက် ပြိုင်ဆိုင်စေခြင်းဖြစ်သည်။ ယင်းလှေပွဲသဘင် ကို မြန်မာဘုရင်များ လွန်စွာနှစ်သက်မြတ်နိုးတော်မူကြ၍ ဘုရင်နှင့်တကွ လှော်ကားမှူးကြီးများ ကြပ်မတ်၍ခင်း ကျင်းကြပါသည်။ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ဗိုလ်ပါ၊ မှူးမတ်များခြံရံလျက် ပြည်ကြီးမွန်မည်သော ဘုရင့်ရွှေလှေတော်ကြီးပေါ်၌ လေညှင်းခံကာ လှေ သဘင်ပွဲကို ရှုစားတော်မူပါသည်။

ဘုရင်ကိုယ်တိုင် ထွက်ကြွရှုစားတော်မူသော လှေပွဲ သဘင်သည် လွန်စွာကြီးကျယ်စည်ကားလှပေသည်။ ရှေးမြန်မာမင်းတို့အဆက်ဆက်က အစဉ်အလာမပျက် ဘဲ နှစ်သက်ကြည်နူးစွာကျင်းပလာခဲ့သော ပွဲတော် တစ်ခု ဖြစ်ပေသည်။ ရှေးကမြန်မာလှေတော်သားတို့ သည် တက်ရေး(၃၇)ချင်း၊ လှော်ချင်းများကို ကောင်းစွာ တတ်မြောက်ကျွမ်းကျင်မှသာ လှေတော်ကိုလှော်ခွင့် ရကြပေသည်။

တက်ရေး(၃၇)ချင်းမှာ
၁။ ဘုရားရှိခိုး ၂။ ရွှေလောင်းချီ
၃။ ရွှေလောင်းထွက် ၄။ ရွှေဖောင်ယှဉ်
၅။ တက်ကောက် ၆။ တက်မြှောက်
၇။ တက်တန်း ၈။ တက်စောင်
၉။ တက်ထောင် ၁ဝ။ တက်ယှက်
၁၁။ တက်ဝှက် ၁၂။ တက်ခပ်
၁၃။ တက်လှ ၁၄။ အိမ်မိုးခြေတင်
၁၅။ စင်ရော်သုတ် ၁၆။ စင်ရော်ဝဲ
၁၇။ ဝမ်းဘဲတောင်ဖြန့် ၁၈။ ဝမ်းဘဲကန်
၁၉။ လက်မြန် ၂ဝ။ ခေါ်တော်မူ
၂၁။ နတ်သမီးပန်းခိုး ၂၂။ နတ်သမီးပန်းဆွတ်
၂၃။ နတ်သမီးပန်းလှမ်း ၂၄။ နတ်သမီးပန်းတောင်း
၂၅။ သန်လျက်ထမ်း ၂၆။ ဆေးတော်ထိုး
၂၇။ ရာဇမတ်ကြီး ၂၈။ ရာဇမတ်ငယ်
၂၉။ နေရောင်ကာ ၃ဝ။ နေရောင်ပြ
၃၁။ တင်းတိမ်ရံ ၃၂။ တင်းတိမ်လှစ်
၃၃။ သုံးချက်ပေါက်မြန် ၃၄။ စံပယ်ငုံ
၃၅။ ဆင်စွယ်ဝန်းယှက် ၃၆။ ကိန္နရာတောင်းယှက်
၃၇။ ရွှေငှက်တော်ခတ်တို့ ဖြစ်ပါသည်။

လှေပြိုင်ပွဲတော် ဆင်နွှဲကြမည့် လှေတော်သားတို့သည် ပြိုင်ပွဲကျင်းပရာမြစ်ကမ်းပါး၌ ဝံ့ဝံြ့<ွကာြး<ွကားဖြစ်နေကြ သည်။ ဒိုင်လူကြီးများထံ အစစ်အဆေးခံကြရသည်။ ပြီးလျှင်မြစ်ပြင်သို့ အသီးသီး ထွက်ခွာလာကြသည်။ လှေပြိုင်ပွဲတော်ကို ကြည့်ရှုနေကြသည့် လူထုပရိသတ် ထံမှောက် ရောက်ကြသောအခါတွင် တက်မြှောက်ပြီး နှုတ်ဆက်ကာ လှေတော်သံကို သီဆိုကျူးရင့်ကြရလေ သည်။ ရှေးမြန်မာတို့၏ လှေတော်သံများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

''ရွှေတုံး လှေတော် ရေပေါ်ပျံဝဲပါလို့၊
နဒီဧရာထဲမှာလ အောင်ပွဲတော်ရ
လှေလှေရန်ကင်းကိုလ အိုကွင်းပါကြ''

ဤသည်မှာ ရွှေတုံးအမည်ရှိသောလှေတော်သား တို့၏ သံပြိုင်ကျူးရင့်လိုက်သော လှေတော်သံဖြစ်ပေ သည်။ ထို့နောက် လှေတော်သားတို့သည် တက်ရေးကို အစွမ်းကုန်ပြကြပေသည်။

''တိုင်းပုရပြည် တည်တည်ထောင်ထားပါတဲ့
ရွှေခဲလှေတော်သားဟာမို့ ပြည်သူလေအများရယ်နှင့်
လှော်တက်ချီလို့ကိုယ်စီကိုင်ကာ စမ်းတယ်လေး
ရေပန်းတွေဖွေး''

ဤသည်မှာ ရွှေခဲအမည်ရှိသောလှေမှ လှေတော် သားတို့၏ သံပြိုင်ကျူးရင့်လိုက်သော လှေတော်သံဖြစ် ပေသည်။ တိုင်းပုရပြည်မှာ မန္တလေးရွှေမြို့တော်၏တောင်ဘက်၌ တည်ရှိသော အမရပူရမြို့ပင်ဖြစ်ပေ သည်။ သူတို့၏နန်း အမရပြည်ရွှေဘုံကို ဂုဏ်တင်လိုက် ခြင်းပင် ဖြစ်ပေသည်။ ထို့နောက်သူတို့သည် တက် ရေးကို အစွမ်းကုန်ပြကြလေသည်။

''နတ်မြားလှေတော် ပေါ်လာလျှင် ချိုးမယ်လေလေ့
ရွှေရစ်တံထိုးပါလို့ တူရိုးလား''

ဤသည်မှာနတ်မြားအမည်ရှိသော လှေတော် သားတို့၏ သံပြိုင်ကျူးရင့်လိုက်သည့် လှေတော်သံပင် ဖြစ်ပေသည်။ လှေတော်သားတို့သည် ပြိုင်ပွဲဝင်ကြသည့် အခါတွင် ဤကဲ့သို့ လှေတော်သံကို သီဆိုကျူးရင့်ကြရ ပေသည်။ ကိုယ်ရည်လည်း သွေးကြရသည်။ တက်ရေး ကို အစွမ်းကုန်ပြသကြရလေသည်။ အထူးသဖြင့် ပျော်စရာ၊ အားကျစရာ၊ တက်ြ<ွကစရာပင်ဖြစ်ပေသည်။ နှစ်သက်မြတ်နိုးဖွယ်ကောင်းသော မြန်မာ့ရိုးရာဓလေ့ တစ်ရပ်လည်း ဖြစ်ပေသည်။

တော်သလင်းလ၏ လှေပွဲသဘင်တွင် ဘုရင့်လှေ တော်သားများနှင့် ဘုရင်ကခွင့်ပြုသော အရပ်သား လှေတော်သားများသည် အုပ်စုလိုက်လှေပြိုင်ကြရ၏။ ပြီးလျှင် ဘုရင်၏လှော်ကားကို ရှေ့ဆုံး၌ထား၍ ရာထူး၊ ရာခံအလိုက် လှေတော်များလိုက်ပါသော လှေတပ်ဖွဲ့ ကြီးသည် မြစ်ယံတွင်း၌ ရေစုန်ရေဆန်လှည့်လည်၏။ ထို့ကြောင့် ထိုလှေပွဲကို မြစ်ယံပွဲဟုခေါ်ဆိုကြောင်း မှတ်တမ်းများအရသိရှိရပါသည်။

ယခုအခါ မြို့ကြီးပြကြီးများ၌ လှေပြိုင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း မကျင်းပကြတော့ချေ။ အခါအား လျော်စွာသာ ကျင်းပကြတော့သည်။ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်အတွင်းရှိ အချို့ကျေးရွာများ၌သာ မြန်မာ့ရိုးရာဓလေ့နှင့်အညီ ကျင်းပလျက်ရှိနေသည်။ အမရပူရမြို့ ရွှေကြက်ယက် လှေဦးတိုက် လှေပြိုင်ပွဲ တော်လည်း ရှိနေပါသေးသည်။ ပြီးခဲ့သည့်ဆီးဂိမ်းပြိုင် ပွဲတွင် မြန်မာတို့သည် လှေလှော်ပြိုင်ပွဲ၌ ရွှေတံဆိပ် အများဆုံးဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို ဝင့်ထည်စေခဲ့ပါ သည်။

ဆီသည်ရွာစားဦးအောင်ကြီး၏ လူးတားကဗျာ ကလည်း ဤသို့ ဆိုထားပြန်ပါ၏။

'လှေချင်းလှော်ပြိုင်၊ ခွင့်ရေးကိုင်၍၊ လေးတိုင်တန် ဆောင်း၊ မမြင့်ထောင်းကို၊ နီမောင်းပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုးသွယ်ခံ၊ ဝန်းရံကာကျင်း၊ ခုန်ကာဆင်းသော်၊ မင်းများမှန်ဆု၊ ထွတ်ခံရှုသည်'ဟု ဆိုထားသည်။

ရှေးမြန်မာမင်းတို့ကိုယ်တိုင် လှေပွဲတော်ကိုကြည့်ရှု တော်မူကြပြီး မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို လှေပြိုင်ပွဲက တစ်ဆင့်မြှင့်တင်ပေးနိုင်ရန် ရည်သန်၍ ပြုလုပ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လှေသဘင်ပွဲတော်သည် အမျိုးသားရေး အနှစ်သာရကို ဖော်ဆောင်နေပြီး ရိုးရာယဉ်ကျေးမှု ကိုလည်း ထိန်းသိမ်းရာရောက်ပေသည်။ မြန်မာတို့၏ စည်းလုံးညီညွတ်မှုနှင့် လှေခွက်ချည်းကျန် အောင်လံ မလှဲဟူသော ဇာတိမာန်စိတ်ထားတို့ကို မျိုးစေ့ချပေးခြင်း လည်းဖြစ်သည်။ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ကြသော တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုပုံရိပ် ကိုလည်း ဖြစ်ပေါ်စေသော လှေသဘင်ပွဲဆင်ယင်နွှဲသည့် တော်သလင်းလထူးလမြတ်အား ဂုဏ်ပြုရေးသားအပ် ပါသည်။
ဒေါက်တာအောင်သန်းဝင်း(အရှေ့တိုင်းပညာ)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment