လွှတ်တော်အမတ်လောင်း တူမောင်သို့ ဦးလေးဗြိမှ ပေးစာ
သို့
တူမောင်ကြီး
အခုတစ်လော ငါ့တူကြီးတစ်ယောက် နောက်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်လောင်း အဖြစ် ဝင်ပြိုင်မယ်ဆိုပြီး တစ်စခန်း ထနေတယ်လို့ မောင်ရင့်မိဘများဆီက ဦးကြီး ကြားရတယ် ...။
အေးကွယ်...
ကျောင်းပြီးကတည်းက ကျားထိုး၊
ဂိမ်းဆော့၊
ပုလင်းမော့နေတဲ့ လူငယ်လေးတွေထဲက
ငါ့တူကြီးတစ်ယောက် လွှတ်တော်ထဲ
ရောက်သွားတော့ တိုင်းပြည်အတွက်
အကျိုးရှိတာ မရှိတာ အပထား။
ရပ်ကွက်ထဲလည်း
မျက်စိနောက်သက်သာတာပေါ့ဆိုပြီး
ဦးလေးဖြင့် ကျေနပ်မိပါရဲ့။
ပြောသာပြောရတယ်။
ငါ့တူမောင်တစ်ယောက်
ဒီလွှတ်တော်အမတ် အလုပ်ကို
စိတ်ဝင်စားတယ်ဆိုတော့ ဦးလေးဖြင့်
မအံ့သြမိပေါင် ...။
ငယ်ငယ်ကတည်းက စာသင်လည်းငိုက်၊
ထမင်းစားလည်း ငိုက်နေတတ်တဲ့
ငါ့တူကြီး တစ်နေ့နေ့တော့ ဒီအလုပ်မျိုးကို
ရွေးမယ်ဆိုတာ ဦးလေး
ခန့်မှန်းပြီးသားပါမောင်။
ဒီတော့ ငါ့တူမောင်
လွှတ်တော်အမတ်လောင်း
ဝင်ရွေးမယ်ဆိုရင်ဖြင့် ဟိုပါတီ
ဒီပါတီတွေထဲ မဝင်ဘဲ တစ်သီးပုဂ္ဂလ
ဝင်ပြိုင်မယ်ဆိုတော့ ဦးလေးဖြင့်
ပိုလို့တောင် အားရလှသကွယ်...။
ပြည်သူတွေခမျာလည်း ခြင်္သေ့လိုလို၊
ဒေါင်းလိုလိုနဲ့ အင်မတန်မှ
ဒွိဟတွေများတဲ့
အခြေအနေကြီးကိုးကွယ်...။
တူမောင်သာ ရွေးကောက်ပွဲ
ဝင်ပြိုင်မယ်ဆိုရင်ဖြင့် အရေးအကြီးဆုံး
က လိုဂိုလို့ခေါ်တဲ့ အမှတ်တံဆိပ်ပဲ။
တူမောင် တစ်သီးပုဂ္ဂလ
ဝင်ပြိုင်မယ်ဆိုလျှင်ဖြင့် သူများတွေလို
တိရစ္ဆာန်တံဆိပ်တွေထောင်ပြီး
မဲမဆွယ်စေချင်ဘူးကွယ်...။
တို့နိုင်ငံမှာလည်း ပိုက်ဆံကအစ
အလံတွေကအဆုံး ဒီတိရစ္ဆာန်တွေနဲ့
လွတ်မလွတ်နိုင်ဆိုတော့ ပြည်သူတွေ
ရိုးအီနေမှာ အမှန်ပဲ။
ဦးလေးအကြံပေးရလျှင်ဖြင့် ငါ့တူကြီး
မဲဆွယ်မယ်ဆိုရင် မီးတုတ်နဲ့ ရေပုံးပုံကို
ယှဉ်လျက်ထားပြီး
လိုဂိုလုပ်စေချင်တာပဲ...။
တစ်ဖက်က မီးရှို့မယ်။
တစ်ဖက်က ရေနဲ့ ငြိမ်းမယ်ဆိုတဲ့
သဘောကွယ်။
ဒီလိုဂိုဟာဖြင့် ခေတ်ကာလ
အခြေအနေနဲ့လည်း
အင်မတန်ကိုက်ညီပြီး သိပ်အဓိပ္ပာယ်ရှိတဲ့
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
လိုဂိုပေါ့ကွယ်...။
အခုလက်ရှိ အစိုးရက
အမတ်မင်းတချို့တောင် ၂၀၁၅ မှာ
ဒီလိုဂိုကို သဘောကျနေတယ်လို့
ဦးလေးဖြင့် သောက်နေကျ ဘီအီးဆိုင်က အတိအကျ သတင်းရထားသကွဲ့...။
မဲဆွယ်ပွဲလုပ်တဲ့ နေရာမှာကျတော့ ငါ့တူကြီး သိတဲ့အတိုင်း အခုခေတ်အခါက မဲဆွယ်နည်း အကအဆန်းတွေကိုးကွဲ့။
ဟိုးအထက်အညာမှာဆို တူးပို့တူးပို့ ယိမ်းသမလေးတွေက ပါတီဆိုင်းဘုတ်များကိုင်ပြီး... ငွေငန်းမောင်အစား ငွေဒေါင်းမောင်၊ ငွေခြင်္သေ့မောင်ကြီးတွေနဲ့ အလှပြကားကြီးစီးပြီး မဲဆွယ်ကြသကွဲ့။
ဒီမြို့မငြိမ်း မဲဆွယ်နည်းကလည်း မဆိုးဘူးဆိုပေမင့် တာဝတိံသာနတ်ပြည်က ဖိုးသိကြားကြီး မြင်ပြီး သင်္ကြန်ကျပြီမှတ်လို့ ဆင်းလာရင် ခက်ပြီမဟုတ်လားကွယ်။
ငါ့တူများက မဲဆွယ်ရင်ဖြင့် သူတို့များလို မော်တော်ကားနဲ့ မဆွယ်စေချင်ဘူး။
မော်တော်ကား ဆိုတာမျိုးက စရိတ်စကလည်းကြီး၊ မီးခိုးငွေ့တွေကြောင့် လေထုလည်းညစ်ညမ်းတယ် မဟုတ်လား။
ငါ့တူကြီး မဲဆွယ်ဖို့ အတွက်ကျ နောင်တစ်ခေတ်ရဲ့ သူဌေးလောင်းတွေ ကိုယ်တိုင်မောင်းတဲ့ ဆီမကုန် လေမညစ်ယာဉ်ကို သုံးကွဲ့။
သူဌေးလောင်းတွေမောင်းတဲ့ ဆီမကုန် လေမညစ်ယာဉ်ဆိုလို့ တခြားပြေးမမြင်နဲ့ဦး။
မင့်တို့လမ်းထိပ်က ဆိုက်ကားဆရာ မောင်ပုတို့ အုပ်စုပဲ။
အနှေးယာဉ်မောင်းရင်း သူဌေးဖြစ်စေရမယ်လို့ ဆိုရိုးစကားနဲ့အညီ ဆိုတော့ သင်းတို့ဟာ သူဌေးလောင်းတွေ မဟုတ်လား။
သင်းတို့တစ်တွေ မောင်းတဲ့ ဆိုက်ကားကလည်း ဆီလည်းကုန်စရာ မလိုသလို မီးခိုးမထွက်တော့လေ မညစ်ဘူးပေါ့ကွယ်။
ခေါင်းပေါင်းစကြီး တလူလူနဲ့ သူဌေးလောင်း မောင်ပုနင်းတဲ့ ဆိုက်ကားခေါင်းခန်းထက်မှာ ခံ့ခံ့ညားညားကြီး စီးလာမယ့် ငါ့တူအမတ်လောင်းကြီးကို ဦးလေးဖြင့် မျက်စိထဲ မြင်ယောင်နေမိသကွယ်။
နောက်တစ်ခုက ငါ့တူမောင်
ရွေးကောက်ပွဲဝင်ခါနီးကျ တူမောင့်ရဲ့
ဘမျိုးဘိုးတူ ကျက်သရေရှိလှတဲ့
လက်ရှိမျက်ခွက်ကြီးကို နည်းနည်းတော့
အလှပြင်ထားစေချင်တယ်ကွဲ့။
လိုအပ်လာရင် ကိုရီးယားထိသွားပြီး ပလတ်စတစ် ဆာဂျရီလေးနဲ့ ဂျွန်စောတို့ ရိန်းတို့လို့ ပျိုကြိုက်လေးဖြစ်အောင် ပြင်ဖို့လည်းလိုမယ်။
ဒီခေတ်အခါ မင်းကုသလို ဘုရားအလောင်းတောင် အမတ်ဝင်ပြိုင်ရင် ရေပန်းစားကျော်ကြားဖို့တယ် မဟန်တော့ဘူးကွဲ့။
သူ့ဘာသာဘုရားလောင်းပဲဖြစ်ဖြစ်
ဓာတုကလျာပဲရရ မျက်နှာက
လှတပတလေး မဟုတ်ရင်တော့
ဒီခေတ် မဲထည့်မယ့် ပရိသတ်က ကြိုက်မယ့်ပုံ မပေါ်ဘူးလို့ ဦးလေးထင်တယ်။
နောက်တစ်ခုကတော့
မဲဆွယ်စည်းရုံးရေး
ဟောပြောပွဲတွေလုပ်တဲ့ အခါပဲကွဲ့။
တရားပွဲလုပ်မယ် ဆိုရင်ဖြင့်
အရင်ဆုံးမှတ်ထားရမှာက
ပရိသတ်ဆိုတာ ငါလိမ်သမျှ ငါဖြီးသမျှ
လာနားထောင်တဲ့ ငတုံးတွေပဲလို့
မှတ်ယူထားရမယ်ကွဲ့...။
မင့် ယုံလို့ မင်းပြောတာ
လာနားထောင်တာပေါ့..
မင့်မယုံရင်
သူတို့အိမ်သူတို့ ပြန်အိပ်နေမှာပေါ့
မဟုတ်လား...။
တရားစဟောပြီဆိုရင် သိထားရမှာ
တစ်ခုရှိတယ်။
ပရိသတ်ဆိုတာ မင့်တရားပွဲ
လာနားထောင်ပြီ ဆိုကတည်းက
အလုပ်အကိုင် မည်မည်ရရမရှိ
အားနေလွန်းလို့ ပျင်းပါသလေဆိုတဲ့
စကားနဲ့ အစချီပြီး
လာအချိန်ဖြုန်းနေတဲ့လူက
များတယ်ကွဲ့...။
အလုပ်မရှိပါဘူး ဆိုမှတော့ ဒီလူတွေ
ဘယ်ချမ်းသာမလဲကွဲ့ ...။
ဒီနေရာမှာ မောင်ရင် စင်ပေါ်က ရွှီးသမျှ
လက်ခုပ်တီးဖို့ အတွက်တော့
လူအုပ်ထဲမှာ
ကိုယ့်လူသုံးလေးယောက်တော့
နေ့တွက်ပေးပြီး ထည့်ထားရလိမ့်မယ်..။
ဦးလေးတို့ ဗမာလူမျိုးဆိုတာ
ကိုယ်ကသာရှေ့က ဘာမှစမလုပ်
ရဲတာ နောက်က ဟေးလေးလေးဝါးလား
လားလုပ်ရမယ်ဆို သိပ်ဝါသနာ
ပါတတ်တာကလား။
ဒီတော့ မောင်ရင်က စင်ပေါ်ရောက်တာနဲ့
ဘာစပြောရမလဲ ဆိုတော့ ....
“အခုအခြေအနေမှာ ခင်ဗျားတို့
ကျုပ်တို့ပြည်သူတွေရဲ့ ဘဝဟာ
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံး
အဆင်းရဲဆုံး အခြေအနေမှာ ဖြစ်နေကြပြီ
... ခင်ဗျားတို့ ဆင်းရဲတယ်။
ဘာလို့ဆင်းရဲလဲ.. အေး.. အဲဒါ အစိုးရ
မကောင်းလို့ပဲ..”
အဲ့လိုပြောရင်ဖြင့် ပရိသတ်က လက်ခုပ်သံ တဖြောင်းဖြောင်း ထတီးလိမ့်မယ်ကွယ်...
ဒီစကားဟာ ဘယ်လောက်ထိမှန်လဲဆိုတာ
မောင့်ရင့် လက်ကောက်ဝတ်နှစ်ဖက်က
အလိုလို ယားလာတဲ့အခါ သိလိမ့်မယ်။
အဲဒါကတော့ တခြားမဟုတ်ဘူး။
စတီးလ်လက်ထိတ်နှစ်ဖက်ရဲ့ ရူပါရုံကို
မင်းလက်တွေက ပထမအကြိမ်
ခံစားလာရတာပဲ ...။
ဒါပေမဲ့ စိတ်မပူနဲ့ ငါတူ..မင်းစကားကို
မင်းပြန်ဖြေရမှာက ...
“အင်းအဲ့လို အစိုးရမကောင်းလို့ဆိုပြီး
အစိုးရကိုချည်း အပြစ်တင်လို့လဲ မရဘူး။
အစိုးရ ဆိုတာကတော့ အားလုံးလူထုကို
ကောင်းစားစေချင်တဲ့
အစိုးရချည်းပဲဆိုတာ ခင်ဗျားတို့
သိထားပါ”
အဲဒီအခါ ပရိသတ်က
ပြန်ငြိမ်ကျသွားလိမ့်မယ်။
ဒီတော့မှ “လူထုကို
ကောင်းစားစေချင်ပါတယ် ဆိုတဲ့
အစိုးရတွေထဲမှာ ကျုပ်တို့နိုင်ငံ
အစိုးရရော ပါရဲ့လား။
ဒါကိုသုံးသပ်ဖို့ လိုပြီ။
တကယ်လို့
လူထုအတွက် အကျိုးမပြုတဲ့
အစိုးရဆိုရင်တော့... ဒီအစိုးရကို
ခင်ဗျားတို့ ကျုပ်တို့ အင်အားတွေပြပြီး
ဖြုတ်ချပစ် ... အပြုတ်တိုက်ပစ်” လို့
မောင်ရင်က
လက်သီးလက်မောင်းတန်းပြီး
အော်လိုက်တာနဲ့ ...
ပရိသတ်က အုန်းခနဲနေအောင်
လက်ခုပ်တွေ ထတီးကြလိမ့်ဦးမယ်။
အဲဒီလို ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက်
မောင်ရင့်မျက်စိထဲမှာ
ကားအပြာကြီးမြင်ပြီး မောင်ရင်ရှူနေတဲ့
လေထုထဲမှာလည်း တာလဘောပဲ
ဟင်းနဲ့ ငါးပိကြော်နံ့လေး
သင်းလာလိမ့်မယ် ...။
ဒါကတော့ အကြည်အညိုပျက်စေမှု ဆိုတာကြီးရဲ့ နိမိတ်ပုံတွေကို ခံစားလာရတာလို့ ခေါ်တယ်။
ခုနေခါက ရတနာသုံးပါးကိုသာ မကြည်ညိုရင်နေ အစိုးရကိုတော့ ကြည်ကြည်ညိုညို နေနိုင်မှ တော်ကာကျသကွယ်။
နို့မို့ ... အဲ့ဒီအမှုက လူသတ်တာထက်ဆိုးတယ် မောင်။
လွတ်ငြိမ်းချမ်းသာခွင့်ထဲ ဘယ်တော့မှ မပါတတ်ဘူး။
ဒါပေမဲ့ သိပ်စိတ်မပူပါနဲ့ ငါ့တူ...
ဒီအခါ မောင်ရင် ထပ်ပြောရမှာက-
“အိမ်း အဲ့ဒီလိုလမ်းပေါ်ထွက်
အင်အားပြ အကြမ်းဖက်လို့ကတော့
ခင်ဗျားတို့ ကျုပ်တို့လိုချင်တဲ့
ဒီမိုကရေစီအစိုးရ ဘယ်ရလိမ့်မတုံးဗျ..
အစိုးရကပစ်၊ ပြည်သူတွေကသေ..
ဘယ်သူမှ အကျိုးမရှိဘူး.. ဒီတော့...
အားလုံးရှဥ့်လည်းလျှောက်သာ
ပျားလည်းစွဲသာ ဆိုတဲ့ နည်းရှိပါတယ်”
ဒီနေရာ ရောက်ရင်တော့ မောင်ရင်
အဟန့်လုံးတွေကြားမှာ ပရိသတ်
မျောသွားတာ ကျိန်းသေပြီ..။
ဒီတော့မှ မောင်ရင် ရွှီးလုံးတွေ
ဖြီးလုံးတွေကို ထုတ်ပြီး ပြောပေတော့...။
ဥပမာ- ကျုပ်အမတ်ဖြစ်ရင်
ဟော့ဒီနယ်တစ်နယ်လုံးကို
တာဝတိံသာနတ်ပြည်နဲ့ဆက်ပြီး
ကတ္တရာလမ်း ခင်းပေးမယ်တို့ ...
သုံးနှစ်အတွင်း ဆိုမာလီကို
မီစေရမယ်တို့၊ မဖြစ်ရင်
မိုးကြိုးအစင်းတစ်ရာ အသွားအပြန်
ပစ်ပါစေတို့ ..ဘာတို့ပါ
ကျိန်ပစ်လိုက်ကွာ..။
အောင်မယ်..မလန့်နဲ့ငါတူ..
မောင်ရင့်ထက် စီနီယာအမတ်များ
လည်း ဒီလိုရွှီးပြီး
မဲယူသွားကြတာကလား။
အမတ်ဖြစ်သွားမှ မိုးကြိုးပစ်ခံရမှာစိုးလို့
ဟိုးလွှတ်တော်ကြီးထဲတောင်
မိုးကြိုးလွှဲတွေ တရုတ်က
အော်ဒါမှာတပ်ထားရတာ ကြည့် ....။
ဒီတော့ ငါ့တူမောင် သိဖို့က
ဟုတ်ဟုတ်မဟုတ် ဟုတ်
အခုဟောပြောပွဲက ထပြန်တာနဲ့
အိမ်ရောက်ရင်ပဲ
ထချမ်းသာသွားတော့မလိုသာ ပြော...။
လူထုဆိုတာ လုပ်တာမလုပ်တာထက်
အရွှီးကောင်းအဖြီးကောင်းဆို
သိပ်သဘောကျတတ်တာ ကလား...။
ဒီလိုမျိုးနည်းတွေ သုံးတာတော့ ဟုတ်ပါပီ။
နို့ ရွေးကောက်ပွဲပြီးလို့မှ အရွေးမခံရဘဲ
အရှက်ကွဲရင် ဘယ်နှာ့လုပ်မတုံးဆိုပြီး
စိတ်ပူနေတယ် မှတ်လား။
အဲ့ဒီလို မဖြစ်စေဖို့ မဲစဆွယ်ကတည်းက
ကျွန်တော် ရွေးကောက်ပွဲ မနိုင်ခဲ့လျှင်
တရားအားသွားထုတ်မယ်လို့သာ
တွင်တွင်ပြော။
ဒီတော့ လူတွေက..
ဟယ် ဒီငတိလေးသည်
ရွေးကောက်ပွဲမနိုင်လျှင်
ဘုန်းကြီးဝတ်ပေတော့မည်။
လူဘဝကပင် ရပ်ရွာကို
ဒုက္ခပေးလာသည့်
အကုသိုလ်ကောင်လေး
ဘုန်းကြီးဖြစ်သွားလျှင် အူရူးကို
အချောင်ကန်တော့နေရဦးမယ်။
အမတ်ဖြစ်တာမှ သူ့ဘာသာ
လွှတ်တော်ထဲနေတာ
ဒင်းဘုန်းကြီးဖြစ်သွားရင် အရပ်ထဲ
ခွကျတော့မယ်ဆိုပြီး မဲပေးရင်လည်း
ပေးကြလိမ့်မယ်။
နို့ ဦးလေးရာ မဲမရဘဲ
ရွေးကောက်ပွဲရှုံးရင် ကျွန်တော်က
တကယ်တရားအားထုတ်ရမှာလားလို့
စောဒကမတတ်နဲ့ ငါ့တူ။
မင့် ဦးလေးဟာ စကားတစ်ခုကို
တည်တာပဲ ကြိုက်တယ်။
အစစအရာရာ စီမံပြီးသား။
ရွေးကောက်ပွဲမနိုင်ရင် မောင်ရင့်ကို
ဈေးထဲက ဦးလေးမိတ်ဆွေ
တရုတ်အရှောင်ခေါက်ဆွဲဆိုင်မှာ
အကြော်အလှော် ပညာသင်ခိုင်းဖို့ ပြောထားပြီးသားကွဲ့။
ရွေးကောက်ပွဲမနိုင်ရင်
တရားအားထုတ်မယ်ဆိုတာ
တရုတ်ကို အားထားမယ်လို့ ဆိုတာပဲ
ငါ့တူ။
ဒီတော့ ဘာပဲဖြစ်ဖြစ် ဦးလေးပေးတဲ့
နည်းတွေအတိုင်းသာ ကျင့်သုံးလျှင်ဖြင့်
ငါ့တူကြီးဟာ အမတ်ဖြစ်ကို
ဖြစ်ရစေမယ်။
ငါ့တူအမတ်ဖြစ်ရင်တော့
ဒီလိုအကြံဉာဏ်တွေ ပေးတဲ့ ဦးလေးကို
မမေ့တန်ကောင်းဘူး ထင်ပါရဲ့။
တူမောင် အမတ်ဖြစ်တဲ့အခါ ဦးလေး တောင်းဆိုစရာတစ်ခု ရှိသကွဲ့။
ဦးလေးကို နီးစပ်ရာ ထောင်ထဲမှာ
ဇိမ်ကျကျ တစ်ခန်းပေးပြီး
ထည့်ထားပေးဖို့ပါမောင်။
ထောင်ထဲပို့ခိုင်းနေလို့
သိပ်အံ့သြသွားသလားကွဲ့။
မအံ့သြပါနဲ့လေ။
ခုနေခါက ဘာပွဲညာပွဲတွေကျ
ကျောင်းသားအလုပ်သမား၊
လယ်သမားတွေကို ထောင်ထဲသွင်း
ဘာနေ့ညာနေ့ဆို ထောင်ထဲက
လူဆိုးတွေကို
အပြင်လွှတ်နေသကိုးကွယ်။
ဒီတော့ကာ ဥပဒေဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ ပြည်သာယာတဲ့။
အပြင်မှာဆို လူဆိုးသူခိုးတွေက ပြည်သူကို မပြောနဲ့ ရဲတွေတောင် ပြန်သတ်နေ မင့်ကိုမင်းလဲ အသိပဲ။
ဒီတော့ ကျောင်းသားတွေ အလုပ်သမားတွေနဲ့ပဲ ထောင်ထဲဝင်နေတာ ဦးလေးတို့အတွက် ဘေးကင်းလိမ့်မကွဲ့။
ဦးလေးလည်း အသက်ကြီးပြီကွယ်..
လူကောင်းတွေပဲ ကျန်ရစ်တဲ့ ဥပဒေ ဘောင်ထောင်ကြီးထဲမယ် အေးအေးချမ်းချမ်း နေသွားပါရစေ။
ငါ့တူမောင်တစ်ယောက် ဦးလေးဆန္ဒကို ဖြည့်ပေးမယ့် အမတ်လောင်းကြီး ဖြစ်ပါစေ ...။
အနာဂတ် အမတ်မင်းရဲ့ ဦးလေးမောင်ဗြိ
The Voice weekly
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment