Saturday, September 19, 2015

အင်းတိန်သို့

အင်းတိန်သို့

ကယားပြည်နယ် လောပိတမှ နံနက်ငါးနာရီခွဲတွင် ကျွန်တော်တို့ ထွက်လာခဲ့ကြရာ မိုးကတဖွဲဖွဲရွာသွန်းနေခဲ့ သည်။ ၂၅ မိုင်ခန့်ရှည် လျားသော လောပိတမှ လွိုင်ကော် လမ်းတစ်လျှောက် တွင် ပြောင်းခင်း များကို နေရာအနှံ့ တွေ့ရသည်။ လွိုင်ကော်သို့ရောက်ချိန်တွင် မိုးတိတ်သွား ပြီး နေထွက်နေပြီဖြစ်သည်။
လွိုင်ကော်မြို့နယ်ရှိ လောပိတဘီလူးချောင်း အမှတ် (၃) ရေအား လျှပ်စစ်စီမံကိန်းမှ အောင်ပန်းမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအား လျှပ်စစ်စီမံကိန်းသို့ သွားရောက်ရန် လွိုင်ကော်မှ ဖယ်ခုံ၊ ပင်လောင်း၊ တီကျစ်၊ ကလောလမ်းအတိုင်း အောင်ပန်းသို့ကားဖြင့် ကျွန်တော် တို့လာခဲ့ကြသည်။ လွိုင်ကော်မှလာသောကားလမ်းသည် အောင်ပန်းနှင့် ကလော အကြား တွင် ပျော်ဘွယ်-ကလော -အောင်ပန်း-တောင်ကြီးလမ်းနှင့် ချိတ်ဆက်မိ သည်။
လွိုင်ကော်မှ ၁၄၅ မိုင်ဝေးသော အောင်ပန်းသို့ ကျွန်တော် တို့ မွန်းမလွဲမီရောက် ရှိခဲ့ကြသည်။ အောင်ပန်းတွင် နေ့လယ်စာစားကြပြီး ကလော-အောင်ပန်း -တောင်ကြီး လမ်းအတိုင်း လာခဲ့ကြရာ အောင်ပန်းမြို့ အထွက်တွင် လက်ယာဘက်သို့ချိုးကွေ့၍ စီမံကိန်းလမ်းအတိုင်း ခရီး ဆက်ခဲ့ကြသည်။
အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် အောင်ပန်းမှ အင်းလေးခေါင်တိုင်သို့သွားသည့် ကားလမ်း ဘေး ဘီလူးချောင်း အနီးတွင်ရှိသည်။ ထိုကားလမ်း သည် ရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းသို့သွားရန် မူလ လမ်းဟောင်းကို တိုးချဲ့ဖောက်လုပ်ထားသော လမ်းဖြစ် သောကြောင့် စီမံကိန်းလမ်းဟု အမည်တွင်လျက်ရှိသည်။
စီမံကိန်းလမ်းမသည် ကားနှစ်စီး အလွယ်တကူရှောင်တိမ်း နိုင်အောင် ကျယ်ဝန်းလျက် လမ်းသားလည်း ကောင်းမွန် သည်။ ကျွန်တော်တို့ သည် အထက် ဘီလူးချောင်း ရေအား လျှပ်စစ်စီမံကိန်း သို့မဝင်သေးဘဲ အင်းတိန်သို့ဦးစွာသွား ခဲ့ကြသည်။ စီမံကိန်းလမ်း အတိုင်း တောင်ပေါ် တက်လိုက် တောင်အောက်ဆင်းလိုက်ဖြင့် ကီလိုမီတာ ၃ဝ ခန့် ကား မောင်းလာပြီးနောက် အင်းတိန်သို့ ရောက်ရှိခဲ့သည်။
အင်းတိန်ရွာအနီးတွင် ကျွန်တော်တို့ငယ်စဉ်က လူရည် ချွန် အပန်းဖြေ စခန်းဖွင့်လှစ်ခဲ့သည့် ခေါင်တိုင်ရွာရှိသည်။ခေါင်တိုင်ရွာလမ်းခွဲသို့ရောက်လျှင် ခေါင်တိုင်ဘက်သို့ မဝင်ဘဲ တည့်တည့်ဆက်သွားလိုက်လျှင် အင်းတိန်ရွာ သို့ ရောက်ရှိသည်။
အင်းတိန်လှေဆိပ်အနီးတွင် ငါးရက်ဈေး ဖွင့်လှစ် ရောင်းချ သည့် ဈေးဆိုင် ခန်းများကိုမြင်ရသည်။ အင်းလေး ဒေသတွင် တစ်ရွာမှတစ်ရွာသို့ ငါးရက် တစ်ကြိမ် ပြောင်း ရွှေ့ကာ ရောင်းချကြသည့် ဈေးများရှိသည်။ ငါးရက် တစ်ကြိမ်ပြောင်းရွှေ့ ဖွင့်လှစ်ရောင်းချသောကြောင့် ထို ဈေးများကို ငါးရက်ဈေးဟု ခေါ်ကြသည်။ ယင်းတို့အနက် ရွှေညောင်ဝန်းကျင်တွင် ငါးရက်ဈေးနေရာ ကိုးခုရှိရာ ခေါင်တိုင်၊ ကလော၊ ပင်ဖြစ်၊ ကောင်း ဘို့၊ ကျောက်တန်း၊ နောင်မွန်၊ မှော်ဘီဝါးတော၊ ဇလဲနှင့်အင်းတိန် ငါးရက် ဈေးများဖြစ်ကြသည်။ ယင်းရွာများတွင် ငါးရက်ဈေးများကို အလှည့်ကျ ဖွင့်လှစ်ရောင်းချကြသည်။ ဈေးနေ့များ တွင် အင်းလေးဒေသရှိ ရွာများမှ ဒေသထွက်ကုန်မျိုးစုံ နှင့် အခြားလူသုံးကုန်ပစ္စည်း မျိုးစုံကို ရောင်း ချကြသဖြင့် ရောင်းသူ၊ ဝယ်သူများ စည်ကားလေ့ရှိကာ အင်းသားများ ဆုံစည်းသောနေ့ဟုလည်း ဆိုလေ့ရှိကြသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အင်းလေးကန်သို့ လာ ရောက်ကြသူများ သည် ရှေးဟောင်းနယ်မြေတစ်ခုဖြစ် သည့် အင်းတိန်သို့လည်း သွားရောက် လည်ပတ်လေ့ရှိ သည်။ သို့သော်လည်း သွားရောက်လည်ပတ်ကြသူနည်း သဖြင့် စည်ကားမှု နည်းပါးသေးသည်ကို တွေ့ရပေသည်။
မြန်မာလူမျိုးများသည် မြန်မာနိုင်ငံအတွင်းရှိများပြား လှသော တန်ခိုးကြီး ဘုရားစေတီပုထိုးများကို သွားရောက် ဖူးမြော်ကြည်ညိုလေ့ရှိကြသကဲ့သို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးဒေသသို့ ဘုရားလည်းဖူး၊ အပန်း လည်းဖြေရင်း သွားရောက်ကြသူများမှာ နှစ်စဉ်မရေတွက် နိုင်အောင်ပင် များပြားလှသော်လည်း အင်းလေးကန် အစွန်းရှိရှေးဟောင်း သမိုင်းဝင် အင်းတိန်ဒေသသို့ ဘုရား ဖူးအချို့သာရောက်ဖြစ်ကြသည်။
အင်းတိန်သို့ရောက်ရှိ ရန်အင်းလေးကန်ကိုဖြတ်ကာ အင်းလေးကန်အဆုံးအနီး ရှိ အင်းတိန်ချောင်းမှတစ်ဆင့် တကူးတကန့်သွားကြရ သဖြင့် ဘုရားဖူး အများစုသည် အင်းတိန်အထိ မသွားဖြစ် ကြပါချေ။
အင်းတိန်ဒေသ သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် တွင်တည်ရှိသည်။ အင်းတိန်သို့ရောက်ရှိ ရန် ရွှေညောင်မှ လာကြသူများသည် အင်းလေးကန်အတွင်း ရှိ ဖောင်တော်ဦး၊ အလိုတော်ပေါက်အစရှိသော ဘုရား များကိုဖူးပြီးနောက် အင်းတိန်ချောင်းအတွင်းသို့ဝင်ကာ မိနစ် ၃ဝ နီးပါး စက်လှေဖြင့်သွားကြရသည်။ သို့မဟုတ် လျှင်လည်း ညောင်ရွှေမှမိုင်းသောက် သို့သွားကာ မိုင်း သောက်မှတစ်ဆင့် အင်းလေးကန်ကိုဖြတ်၍ စက်လှေဖြင့် သွားနိုင်သည်။
အင်းတိန်ချောင်းသည် တောင်ချောင်းနှင့်မြောက် ချောင်းဟူ၍ ချောင်းနှစ်ချောင်းရှိသည်။ ချောင်းအတွင်း တွင် အင်းလေးကန်ရေပြည့်ချိန်၌ ရေတားတမံငယ်များ ကို မြင့်ရာမှနိမ့်ရာသို့ တစ်ဆင့်စီ ဆည်ထားလေ့ရှိသည်။ချောင်း အတွင်းရှိနေ သည့် ရေအမြင့်လျော့ကျမသွားစေ ရန် ရေကိုတား ထားခြင်းဖြစ် သည်။ ထိုတမံငယ်များတွင် လှေတစ်စင်း ဝင်နိုင်ရုံမျှသာ အပေါက်ဖွင့်ထားသည်။ စက် လှေများသည် ရေပြင်အမြင့်မှအနိမ့်သို့ ထိုအပေါက်များ ကို ဖြတ်ကျော်၍ ဆင်းကြရသဖြင့် အမြင့်မှ အနိမ့်သို့ ပြုတ်ကျသကဲ့သို့ဖြစ်သွားပြီး မောင်းနှင်သူ မကျွမ်းကျင် ပါက လှေမှောက်သွားနိုင်ပေသည်။ ထို့ကြောင့် အင်းတိန် ချောင်း ငယ်များ အတွင်းတွင် အင်းတိန်မှစက်လှေမောင်း များသာ ကျွမ်းကျင် စွာမောင်းနှင်နိုင်ကြသည်ဟု သိရှိရ သည်။
ထို့ကြောင့်လည်း မြန်မာဘုရားဖူးများသည် အင်းတိန်အထိ သွားရောက်မှု နည်းပါးခြင်း ဖြစ်နိုင်ပေ သည်။ နိုင်ငံခြားသား များမှာမူ အချို့က ရွှေညောင် စက်လှေ ဆိပ်မှ အင်းတိန်အထိ စက်လှေဖြင့်လာကြပြီး အချို့က အောင်ပန်းမြို့မှ ကီလိုမီတာ ၃ဝ (၂၄ မိုင်) ခရီးကို လမ်းလျှောက် လာကြသည် ကို တွေ့ခဲ့ရဖူးပါသည်။ အောင်ပန်းမြို့အထွက်မှ အထက် ဘီလူးချောင်းရေ အားလျှပ်စစ်လုပ်ငန်းသို့သွားသော စီမံကိန်းလမ်းမှသွားလျှင် အင်းတိန်သို့ လွယ်ကူစွာရောက်ရှိနိုင်ကြပြီး လမ်းလည်း အထူးကောင်းမွန်သည့်အတွက် ကျွန်တော်တို့ ထိုလမ်းမှ လာခဲ့ကြခြင်းဖြစ်သည်။
အင်းတိန်သည် အင်းလေးကန်၏ အနောက်ဘက် ကမ်းတွင်တည်ရှိသော ရွာငယ်တစ်ရွာဖြစ်သည်။ အင်းတိန် ရွာ၏ တောင်ကုန်းထိပ်ဝယ် သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော် ကြီးတစ်ဆူရှိသည်။ တောင်ကုန်း၏ အောက်ခြေတွင် ရာနှင့်ချီသော စေတီများကို ချုံနွယ်ပိတ်ပေါင်းများနှင့် ရောထွေးနေ သည်ကို တွေ့ကြရသည်။ ဘုရားရှိရာ တောင်ကုန်းက ဆိတ်ငြိမ်အေး ချမ်းနေသည်။ စေတီများ ပေါ်မှဆည်းလည်းသံများကို ချိုလွင်သာယာစွာအဆက် မပြတ်ကြားနေရသည်မှာ ကြည်နူးဖွယ်ကောင်းလှ ပေသည်။
အင်းတိန်ဒေသတွင် ပါဋလိပုဋ်ပြည့်ရှင် သီရိဓမ္မာ သောကမင်းကြီး သာသနာတော်နှစ် ၂ဝဝ ဝန်းကျင်က တည်ထားတော်မူခဲ့သော ရှေးဟောင်းစေ တီ အများအပြား ရှိသည်။ ယခုအခါ တွင် စေတီအများစုမှာ ပျက်စီး ယိုယွင်း နေကြ သည်။ ရွှေအင်းတိန် မြတ်စွာဘုရားကြီးသည် သရီယ(မွေတော်)ဓာတ်တော်များ ဌာပနာပြုကာ တည် ထားသော ရှေးဟောင်းစေတီတော်ကြီးတစ်ဆူဖြစ်သည်။
တိုင်လုံးပေါင်း ၄ဝ၃ လုံးရှိသောစေတီတော်စောင်းတန်း အတိုင်းလမ်းလျှောက် လာကြရာ ရှေးဟောင်းဗိသု ကာ လက်ရာတန်ဆောင်းနှင့်ပြာသာဒ်များ ကို တွေ့မြင်ရ ပေသည်။ စောင်းတန်းအဆုံးတွင် စေတီပေါင်း ၁ဝ၅၄ဆူ ကိုလည်း ဖူးတွေ့ရသည်။ စေတီတော်အများစု သည် မွေတော် ကက္ကူဒေသ မှ စေတီတော်များနှင့် ပုံသဏ္ဌာန် ဆင်တူကြပြီး လုံးပတ်တော် သွယ်လျကာ ထိပ်သို့ ချွန်မတ် နေသော စေတီတော် များဖြစ်ကြသည်။စေတီတော်များ အား သီရိဓမ္မာသောကမင်းကြီး တည်ပြီးသည့်နောက်ပိုင်း တွင် အနော် ရထာမင်းကြီးက ထပ်မံပြုပြင်ခဲ့သည်။ ထို့နောက် နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်နှင့် ဆင်ဖြူရှင်မင်းတို့က အဆက်ဆက် ထပ်မံပြုပြင်ခဲ့ကြသည်။
စောင်းတန်းအဆုံးတွင် စေတီတော်ရင်ပြင်သို့ ရောက်ရှိသွားရာ ရွှေရောင်များဝင်းနေသည့် စေတီတော် များကိုတွေ့ရသည်။ စေတီတော်ပရိဝုဏ်အတွင်း အာသော ကမင်းကြီးတည်ထားတော်မူခဲ့သော Óဏ်တော် ၁၈ လက်မရှိသည့် စေတီတော်ငယ်တစ်ဆူကို မူလနေရာ မှာပင် အမိုးအကာအောက်တွင် ထိန်းသိမ်းထားသည် ကိုလည်း ဖူးတွေ့ကြရသည်။ သို့သော်လည်း မူလစေတီ ကို ရွှေများချထားကာ အောက်ခံ အုတ်ခုံကိုလည်း ပြန်လည်ပြုပြင်ထားသည်။
ဘုရားကြီး၏ မြေနိမိတ်သည်“အရှေ့ကား ကျောက် ပွန်ရေထွက်၊ နောင်ကန် အင်းဆင်သေကုန်း၊ အရှေ့တောင် ခြားကား သရက်မောင်နှမ တည်း၊ တောင်ခြားကား ကန်ထောင့်ရွာဟောင်းချောင်းကွေ့တည်း၊ အနောက် တောင်ခြားကား ချောင်းချောက်ကြီး ပျားစွဲတော်တည်း၊ အနောက်ခြားကား ဆင်ရုပ်ညောင်စည် ရေဟုန်ဟုန်ကျ တည်း၊ အနောက်မြောက်ခြားကား စစ်တောင်းတောင် ခမောက်တောင် ရသေ့တောင်ကုန်းတည်း၊ မြောက်ခြား ကား နတ်သမီးတောင် ရသေ့တောင် ဝေလုကမ္ပတောင် တည်း၊ အရှေ့မြောက်ခြားကား အင်းရေပြင်ကျောက်ခြံ တည်း''ဟု ရွှေအင်းတိန် ဘုရားဂေါပက အဖွဲ့ကပေးသော စာရွက်ငယ်တွင် ဖော်ပြထားသည်။
ရှေးဟောင်းသမိုင်းဝင်၊ ရှေးဟောင်းဗိသုကာလက်ရာ များ များစွာတည်ရှိနေသော အင်းတိန်ဒေသသို့ လာ ရောက်လေ့ လာကြသည့် နိုင်ငံခြားသားများကို တွေ့ရှိရ သည်။
ခရီးသွားဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုစိုင်း အောင်က အင်းတိန်သည် အင်းလေးကန်သို့လာရောက် ကြသော နိုင်ငံခြားသားများ စိတ်ဝင်တစားလာရောက် လေ့ရှိသည့် နေရာတစ်ခုဖြစ်ကြောင်းနှင့် ရှည်လျားသည့် စောင်းတန်းနှင့် ရှေးဟောင်းစေတီအိုများကို အထူး စိတ်ဝင်စားကြကြောင်း ပြောပြသည်။ ဂေါပကအဖွဲ့ နိုင်ငံ ခြားသားများအတွက် အင်းတိန်သမိုင်းကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာ စောင်များစီစဉ်ထားကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ကျွန်တော်တို့ အင်းတိန်မှပြန်ချိန်တွင် ညနေစောင်းပြီ ဖြစ်ပါသည်။ စေတီများမှ ထွက်နေသည့် ခေါင်းလောင်း သံများကို ကြည်နူးဖွယ်ကြားနေရစဉ် အင်းတိန်စေတီအို များအား ကျွန်တော် ငေးမောမိခဲ့ပါသေးသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၃ဝဝ ကျော်က တည်ထား ခဲ့သည့် စေတီပုထိုး အများစုသည် ချုံနွယ်များကြားတွင် ရှိ နေကြပြီးထိန်းသိမ်းစောင့်ရှောက်မှုများ လိုအပ်လျက် ရှိနေသည်။
နိုင်ငံတကာမှလာရောက်ကြသည့် ဧည့်သည် များသည် အင်းတိန်အထိ တကူးတက သွားရောက် ကာ ရှေးဟောင်းစေတီပုထိုးများ အပါအဝင် အဆောက် အအုံဟောင်းများကို သွားရောက်လေ့လာလျက်ရှိ ကြရာ ယခုထက်ပို၍ကောင်းမွန်သော စီမံမှုများဖြင့် ရှေးဟောင်းသမိုင်း ဝင် ဒေသ တစ်ခုဖြစ်သော အင်းတိန် ဒေသကို မွမ်းမံအဆင့်မြှင့်ပေးခြင်းဖြင့် ဒေသ၏ ခရီးသွားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာကာ ဒေသခံ တို့၏ လူမှုဘဝများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယူဆ မိပါသည်။
မောင်သာ(ရှေးဟောင်းသုတေသန)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment