သတ်မှတ်ရက်မတိုင်မီ မဲဆွယ်ဟုဆိုကာ ဗိုလ်ချုပ်ကြီးသုံးဦးကို ကော်မရှင်ထံ NLD တိုင်ကြားမည်
---------------------------------
နေပြည်တော်၊ စက်တင်ဘာ ၅
နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်သုံးဦးကို သတ်မှတ်ရက် မတိုင်မီ မဲဆွယ်စည်းရုံးရေး ပြုလုပ်သည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည်ဖြစ်ကြောင်း နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။
ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်တို့ကို သတ်မှတ်ရက်မတိုင်မီ မဲဆွယ်စည်းရုံးရေး ပြုလုပ်သောကြောင့် ယင်းသို့ တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မဲဆွယ်ကာလ မတိုင်မီမှာ မဲပေးပါဆိုတဲ့ ပန်းဖလက်တွေနဲ့ ပြောဆိုစည်းရုံးနေတဲ့ အချက်အလက်တွေကြောင့် ကော်မရှင်ကို တိုင်မှာပါ။ ဒီနေ့က စနေနေ့မို့ တင်ခွင့်မရရင် ရုံးဖွင့်ရက်ရောက်ရင် တိတိကျကျ တိုင်မှာပါ” ဟု ၎င်းက စက်တင်ဘာ ၅ ရက်က The Voice သို့ ပြောကြားသည်။
အဆိုပါ ကိုယ်စားလှယ်လောင်း သုံးဦးသည် အစိုးရဌာနမှ ဝန်ထမ်း၊ နိုင်ငံတော်ပိုင် ပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်းများအပြင် မဲပေးမည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း နေပြည်တော်ရှိ ဒေသခံ NLD ပါတီဝင်တို့က ဆိုသည်။
တိုင်ကြားမည့် အကြောင်းအရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရိုင်အလုပ်အမှုဆောင် ဥပဒေအကြံပေး ဦးထွန်းခင်နှင့် တိုင်ပင်၍ ပြုလုပ်နေခြင်းဖြစ်ပြီး ကော်မရှင်မှ ကြေညာထားသည့် ၁/၂၀၁၄ အရ ပါတီအချင်းချင်း ထိန်းကျောင်းသည့် သဘောဟု ပြောဆိုနိုင်ကြောင်း ဦးမင်းသူက ထပ်လောင်းပြောဆိုသည်။
ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ခွင့်ကို စက်တင်ဘာ ၈ ရက်နေ့မှစ၍ ပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီး ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ ကိုယ်စား အခြားမည်သူမျှ မဲဆွယ်ပေးခြင်း မပြုရန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
NLD ပါတီ အနေနှင့် ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို မဲဆွယ်ကာလ မတိုင်မီ မဲဆွယ်စည်းရုံးခွင့် မပြုဘဲ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနေနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆက်တိုက်ပြုလုပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်တို့သည် သြဂုတ်လ ၁၂ ရက်နေ့တွင် တပ်မတော်မှ အနားယူခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်တို့သည် သြဂုတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment