ရွေးကောက်ပွဲနေ့ မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့
NLD ပြောပြီ
ရွေးကောက်ရက်ဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ မဲပေးခွင့် မရတဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကြောင့် မဲရုံတွေရှေ့မှာ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းထိန်က ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွေအကြုံတွေကို အခြေခံပြီး ပြောကြားလိုက်တာပါ။
“အခုမဲစာရင်းတွေ မှားတဲ့အတွက်ကြောင့်မို့ မဲရုံရှေ့မှာ ပြဿနာတွေပေါ်မယ်။
ပြဿနာတွေပေါ်ရင် ဆူပူမှုလောက်အထိဖြစ်နိုင်တာတွေရှိတယ်။”
ဒါအပြင် ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအဆင့် ထုတ်ပြန်ကြေညာထားတဲ့ မဲစာရင်းမှာလည်း အရင် ထုတ်ပြန်ခဲ့တဲ့မဲစာရင်းထက်အမှားအယွင်းတွေရှိနေတဲ့အပြင် ကော်မရှင်ဥက္ကဌရဲ့ ပြောဆိုမှုတွေ ကြောင့်လဲ ရွေးကောက်ပွဲရဲ့ တရားမျှတမှုအပေါ် သံသယစေတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဆိုပါတယ်။
“ကျွန်တော်တို့က အမှားကိုတွေ့လို့ ၀ိုင်းကူတဲ့အနေနဲ့တင်ပြတယ်။
ဒါကိုမပြင်ဘူး ပြန်ထုတ်တယ်။
အဲတော့ ကျွန်တော်တို့က တက်နိုင်သမျှတင်ပြမယ်။
မရရင် အခြားနည်းလမ်းပေါ့။”
ဒါကြောင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိဖို့အတွက် NLD ပါတီအနေနဲ့ကတော့ မဲစာရင်း ကိုင်ထားတဲ့ ပါတီကိုယ်စားလှယ်တွေကို မဲရုံတိုင်းမှာ ထားရှိသွားမှာဖြစ်ပြီး မဲထပ်တာမျိုးတွေ့ရင် ကန့်ကွက်သွားမယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒါအပြင် NLD အနေနဲ့ ရွေးကောက်ပွဲ တရားမျှတဖို့ အတွက် မဲစာရင်းအမှားတွေကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ပေးချိန်မရှိတော့ဘူးလို့လည်း ပြောပါတယ်။
“အဲတော့ လာမဲ့ရွေးကောက်ပွဲမှာ တရားမျှတမှုဆိုတာ မျှော်လင့်ဖို့ အရမ်းကို ခက်ခဲတယ်၊ အမှားက အရင်ကြိမ်တွေထက်ပိုများနေတယ်။
နောက်ထက်ပြန်လုပ်ဖို့လည်း အချိန်မရှိတော့ဘူး။ လုပ်ရင်လည်း ဒီထက်ပိုမှားအုံးမှာပဲ”
လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမျာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်အရပ်ရပ်က မဲဆန္ဒနယ်မြေအသီးသီးမှာ ၁၁၃၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာပါ။
မြန်မာနိုင်ငံလုံးမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း
၆၀၀၀ ကျော် ၀င်ရောက်ယှဉ်ဖို့ရှိနေပြီးတော့ အဲ့ဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အချိုးအစားဟာ ၁၇.၇ % ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဖော်ပြနေထားပါတယ်။
photo-
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
MCN TV News
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment