သရုပ်ဆောင် ရဲတိုက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အနုပညာရှင် ၁၀၀ က သမ္မတထံ အသနားခံစာတင်
--------------------------------------------
ရန်ကုန်၊ စက်တင်ဘာ ၁၆
မူးယစ်ဆေးဝါးမှုဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေသော သရုပ်ဆောင်ရဲတိုက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ရုပ်ရှင်ဂီတ သရုပ်ဆောင်များ၊ ဒါရိုက်တာများ အပါအဝင် အနုပညာရှင် ၁၀၀ ခန့်က လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ စက်တင်ဘာလ ၁၅ ရက်နေ့က အသနားခံစာတင်ခဲ့ကြောင်း ယင်းစာတင်မှုကို ဦးဆောင်သည့် ဆာတိုရီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးဇော်က The Voice သို့ ပြောကြားသည်။
ယင်းအသနားခံစာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ ယင်းအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းနှင့် ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ပန်းချီစိုးမိုး၊ မောင်မောင်ဦး (စနိုးဝိုက်)၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဝေဠုကျော်၊ မင်းမော်ကွန်း၊ ပြေတီဦး၊ နေတိုး၊ နေအောင်၊ ရန်အောင်၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ ဝတ်မှုန်ရွှေရည်၊ ချစ်သုဝေ၊ ရန်ရန်ချမ်း၊ သျှီ၊ အိုင်ရင်းဇင်မာမြင့် အပါအဝင် အနုပညာရှင်ပေါင်း ၁၀၀ က လက်မှတ်ရေးထိုးကာ ပါဝင်ခဲ့ကြောင်း ယင်းအသနားခံစာအရ သိရှိရသည်။
သရုပ်ဆောင်ရဲတိုက် အကျဉ်းကျခံနေစဉ် အနုပညာ အရည်အချင်းများ၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာရသောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊ ရဲတိုက်နှင့် ခင်မင်ရင်းနှီးသော အနုပညာရှင်များထံမှ လက်မှတ်များ စုဆောင်းကာ အသနားခံစာ တင်ပြရခြင်း ဖြစ်ကြောင်း၊ ထောင်ဒဏ်ကျခံနေရသော ရဲတိုက်မှာ စိတ်ကျရောဂါခံစားနေရသူ ဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်မှ စတင်ကာ ဝေဒနာ သက်သာလာကြောင်း၊ ထိုသို့ ထောင်ကျခံနေရမှုကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် အနုပညာလှုပ်ရှားမှုများတွင် နစ်နာခဲ့ရသဖြင့် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
သရုပ်ဆောင်ရဲတိုက်သည် အနုပညာကို မြတ်နိုးခုံမင်ပြီး အများအကျိုးအတွက် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသော လူငယ်တစ်ဦး ဖြစ်သောကြောင့် ၎င်းင်း၏ အနာဂတ်အတွက် သမ္မတကြီးက ထောက်ထားငဲ့ညှာပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါ ဦးစားပေး ထည့်သွင်းစဉ်းစားပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်နှင့် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၂၀၁၅ ခုနှစ် မတ်လက အကြံပြုစာကို ကြိုတင်ရေးသားခဲ့သည်။
“ရဲတိုက်ရဲ့ အနုပညာလှုပ်ရှားမှုကို သဘောကျတယ်၊ လူငယ်တစ်ယောက် အနေနဲ့ အမှားအယွင်းတော့ ဖြစ်တာပေါ့၊ အစိုးရအနေနဲ့လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးချိန်မှာ သူ့ကို ထည့်သွင်းစဉ်းစားပေးစေချင်တာပါ၊ ဒါကြောင့် အသနားခံစာ မတင်ခင် ကိုယ်ကကြိုတင်ပြီး စာရေးခဲ့တာ။ တောင်းဆိုပိုင်ခွင့်ရှိလို့ တောင်းဆိုခဲ့သလို ထည့်သွင်းစဉ်းစားပေးမယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။
တစ်ဦးတစ်ယောက်အတွက် လွတ်ငြိမ်းချမ်းသာခွင့် အသနားခံစာ တင်ပြမှုကို သမ္မတအနေနှင့် ခွင့်ပြုပါက နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက မကျေနပ်မှုများ ဖြစ်လာနိုင်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အများအတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။
“ဥပဒေကြောင်းအရ အသနားခံစာ တင်တာကို လက်ခံပါတယ်။ တစ်ဦးတည်းအတွက် ဆိုရင် ပုဂ္ဂိုလ်ရေးနွယ်ပြီး ဆုံးဖြတ်သလို ဖြစ်သွားနိုင်တယ်။ အများအတွက် အသနားခံ တင်ပြတောင်းဆိုတာမျိုးပဲ ဖြစ်သင့်တယ်” ဟု ၎င်းက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်က သရုပ်ဆောင်ရဲတိုက်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အဖမ်းခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၆ (ဂ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ကြောင်း၊ ယင်းထောင်ဒဏ်ကို ခရိုင်အဆင့် အယူခံဝင်ရာတွင် အောင်မြင်ခဲ့သောကြောင့် တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ကျခံနေရသူ ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်က စိန်မေရီကသီဒြယ် ဘုရားကျောင်းဝင်းတွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှုကြောင့် ပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင် ဒဏ် ၁ နှစ် ချမှတ်ခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ကျခံနေရသူ ဖြစ်ကြောင်း တရားစီရင်ရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
(ဆန်းဆန်းထွေး)
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment