Friday, September 4, 2015

အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းရေး အစည်းအဝေး ရက်အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်း

အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းရေး အစည်းအဝေး ရက်အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်း

စက်တင်ဘာလ ၄ ရက်၊ ၂၀၁၅

အစိုးရနှင့် KIO တို့၏ ပဋိပက္ခ ညှိနှိုင်းရေး အစည်းအဝေးကို နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံရန် ရှိနေသောကြောင့် ရက်အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးစန်းအောင်က ပြောကြားသည်။

“နေပြည်တော်မှာ သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေက ဒီလ ၉ ရက်နေ့မှာ တွေ့ဖို့ရှိတော့ ရက်တိုက်နေလို့ ဆွေးနွေးပွဲရက်ကို ထပ်ရွှေ့လိုက်တာပါ။ အဲ့ဒီဆွေးနွေးပွဲပြီးရင် ကျွန်တော်တို့ဆီမှာ လုပ်မယ့် ဆွေးနွေးပွဲက လိုချင်မှ လိုတော့မှာပါ” ဟု ဦးစန်းအောင်က ဆိုသည်။
အစိုးရနှင့် KIO တို့၏ ပဋိပက္ခ ညှိနှိုင်းရေး အစည်းအဝေးကို သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် အစိုးရဘက်မှ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က အကြောင်းကြားထားခြင်း ဖြစ်ပြီး KIO အနေနှင့် အဆိုပါရက်တွင် တွေ့ဆုံရန် အဆင်သင့် မဖြစ်သေးဟုဆိုကာ စက်တင်ဘာ ပထမပတ်တွင်း တွေ့ဆုံရန် အကြောင်းပြန်ထားခြင်း ဖြစ်သည်။

“ဆွေးနွေးပွဲကို ဖျက်လိုက်တာတော့ မဟုတ်ဘူး။ နေပြည်တော်မှာ လုပ်မယ့်ပွဲနဲ့ နှစ်ခု ယှဉ်လုပ်သလို ဖြစ်နေတော့ လောလောဆယ် မလုပ်သေးဘူးလို့ နှစ်ဖက်က ဆုံးဖြတ်ထားတာပါ။ တကယ်လို့ နေပြည်တော် ဆွေးနွေးပွဲရလဒ်ကို ကြည့်ပြီး တွေ့ဖို့လိုတယ်ဆိုရင် ထပ်မံတွေ့ဆုံမယ့်ရက်ကို ဆွေးနွေးတိုင်ပင်ရမှာပေါ့” ဟု ဦးစန်းအောင်က ထပ်လောင်းပြောကြားသည်။
အဆိုပါ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရနှင့် KIO အဖွဲ့တို့ ၂၀၁၃ စက်တင်ဘာ ဆွေးနွေးပွဲ သဘောတူညီချက်များအရ ဖွဲ့စည်းခဲ့ကာ ပုံမှန်တွေ့ဆုံမှု ဆယ်ကြိမ်ခန့် ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် ဧပြီလကုန်မှ စတင်ကာ နှစ်ဖက်တွေ့ဆုံမှုကို ရပ်နားထားခြင်း ဖြစ်သည်။

NCA စာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် စက်တင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်သည်။

The Voice



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment