မြန်မာနိုင်ငံ၌
လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ဩဂုတ် ၂၉ ရက်က ဗဟိုသန်းခေါင်စာရင်း
ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပြီး ရှေ့ပြေးလူဦးရေဆိုင်ရာ အသေးစိတ်
အချက်အလက်များကို ယနေ့ (ဩဂုတ် ၃ဝ ရက်)တွင် ရန်ကုန်မြို့၌
ထပ်ဆင့်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
ပင်မသန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ မထုတ်ပြန်မီ နိုင်ငံတော်၏
စီမံကိန်းများနှင့် မူဝါများချမှတ်ရာတွင် လည်းကောင်း၊ ဌာနဆိုင်ရာများ၏
လိုအပ်ချက်အား လည်းကောင်း၊ အထိုက်အလျောက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍
နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့်အညီ ရှေ့ပြေးလူဦးရေစာရင်းကို
ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေ့ပြေးလူဦးရေစာရင်းသည် စာရင်းကောက်များက
မြေပြင်ကောက်ယူဖြည့်သွင်းထားသော နိုင်ငံတစ်ဝန်းရှိ တိုင်း/ခရိုင်/
မြို့နယ်၊ ကောက်ကွက်အလိုက် အိမ်ထောင်စု လူဦးရေ၊ ကျား/မ အရေအတွက်
စသည်တို့ကို ဖော်ပြထားသော ကောက်ကွက်တစ်ခုချင်းစီ၏ စာရင်းချုပ်မှ
တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ကောက်ကွက်တစ်ခုချင်း၏
လက်ပေါင်းဇယားစာရင်းချုပ်မှ ကနဦးအဆင့်ရရှိထားသည့် ရှေ့ပြေးလူဦးရေစာရင်းအရ
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ၂ဝ၁၄ ခုနှစ်၊ မတ် ၂၉ ရက် ညသန်းခေါင်ယံအချိန်၌
ရှိနေကြသော (ပြည်ပရှိ မြန်မာသံရုံးများမှ ဝန်ထမ်းများအပါအဝင်)
မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁၄၁၉၄၂ဝ ဦးဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း
ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ
သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊
စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍
အဆင့် (၄)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ဒုတိယအဆင့်ဖြစ်သော
မြေပြင်ကွင်း ဆင်းသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍
တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။
တတိယအဆင့်ဖြစ်သော စာရင်းဇယား ပြုစုခြင်းလုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်း
စာရင်းကောက်ကွက် အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော
အိမ်ထောင်စုတစ်စုချင်းစီ၏ မေးခွန်းပုံစံအချက်အလက် ကိန်းဂဏန်းများအား
အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန်
ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း၊ ပုံရိပ်ဖတ်ခြင်းနှင့်
အမှားပြင်ဆင်ခြင်း စသည့်လုပ်ငန်း အဆင့်ဆင့်အား အချိန်ယူဆောင်ရွက်ရသည်
ဖြစ်၍ပင်မသန်းခေါင်စာရင်း အချက်အလက်များအား ၂ဝ၁၅ ခုနှစ်၊ မေလခန့်တွင်
ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၃ဝ ကျော်ကြာမှ ပြန်လည်ကောက်ယူခြင်း
ပြုလုပ်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း
ကောက်ယူခြင်းကို ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ တစ်နိုင်ငံလုံး၌
ပြုလုပ်ခဲ့ပြီး သွားလာရေးခက်ခဲသည့် နေရာများနှင့် ပဋိပက္ခဖြစ်ပွားရာ
နယ်မြေဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဇွန်လလယ်အထိ
ပြုလုပ်ခဲ့သည်
No comments:
Post a Comment