“ဒီဃနိကာယ်၊ ပါထိက၀ဂ်ပါဠိတော်၊ သင်္ဂီတိသုတ်”တွင်
အလှူဒါနတစ်ခု၏ စင်ကြယ်ခြင်းကို အောက်ပါအတိုင်း
လေးမျိုးဟောထားပါသည်။
၃၁၃။ အလှူ၏ စင်ကြယ်ခြင်းတို့သည် လေးပါးတို့တည်း။
ငါ့ရှင်တို့ အကြင်အလှူသည်
(၁) ဒါယကာကြောင့် စင်ကြယ်၏၊
အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်၊
ထိုအလှူသည် ရှိ၏။
(၂) အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၏၊
ဒါယကာကြောင့် မစင်ကြယ်၊
(၃) ဒါယကာကြောင့်လည်း မစင်ကြယ်၊
အလှူခံပုဂ္ဂိုလ် ကြောင့်လည်း မစင်ကြယ်၊
(၄) ဒါယကာကြောင့်လည်း စင်ကြယ်၏၊
အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်၏၊
ထိုအလှူသည် ရှိ၏၊ (ဤလေးပါးတို့တည်း)။ (၃၉)
၎င်းသုတ် အဋ္ဌကထာတွင် (ဒါယကတော ၀ိသုဇ္ဈတိ=
အလှူ့ဒါယကာကြောင့် စင်ကြယ်၏) ဟူရာ၌
(ဒါယကော သီလ၀ါ ဟောတိ၊ ဓမ္မေနုပန္နံ ဒေယျဓမ္မံ ဒေတိ =
ဒါယကာသည် သီလရှိ၏၊ တရားသဖြင့် ဖြစ်ပေါ်လာသော
လှူဖွယ်ဝတ္ထုကို ပေးလှူ၏။) ဟု ဖွင့်ဆိုထား၏။
(ပဋိဂ္ဂါဟကတော ၀ိသုဇ္ဈတိ =
အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်၏) ဟူရာ၌
(ပဋိဂ္ဂါဟကော သီလ၀ါ ဟောတိ= အလှူခံပုဂ္ဂိုလ်သည်
သီလရှိသူဖြစ်၏) ဟု ဖွင့်ဆိုထား၏။
ဆိုလိုသည်မှာ အလှူဒါနတစ်ခုကို ပြုရာ၏။
(က) အလှူပေးပုဂ္ဂိုလ် (ဒါယကာ)၊
(ခ) လှူဖွယ်ဝတ္ထု (ဂ) အလှူခံပုဂ္ဂိုလ်- ဟု
သုံးမျိုးရှိရာ ...
(၁) အလှူပေးပုဂ္ဂိုလ်က သီလရှိပြီး လှူဖွယ်ဝတ္ထုများက
ဓမ္မိယလဒ္ဓလ- တရားသဖြင့် ရှာဖွေရရှိထားသော
ပစ္စည်းများဖြစ်လျှင် အလှူခံပုဂ္ဂိုလ်က ဒုဿီလ -
သီလမရှိသူ ဖြစ်သည့်တိုင် (အလှူပေးပုဂ္ဂိုလ်ကြောင့်)
စင်ကြယ်သော အလှူဖြစ်နိုင်၏။
(ဤ၌ စင်ကြယ်၏-ဟူသည် ၀ိသုဇ္ဈန္တိ မဟပ္ဖလာ ဟောန္တိ-ဟု
ဖွင့်ပြထားရကား အကျိုးကြီးမားသည်ကိုပင် ဆိုလို၏)
(၂) အလှူပေးပုဂ္ဂိုလ်က သီလမရှိသဖြင့် သူရှာဖွေထားသော
ပစ္စည်းဥစ္စာများက ဓမ္မိယလဒ္ဓ မဖြစ်သည့်တိုင်
အလှူခံပုဂ္ဂိုလ်က သီလရှိလျှင် အလှူစင်ကြယ်နိုင်ပါသည်၊
အကျိုးကြီးမားနိုင်ပါသည်။
(၃) နှစ်ဘက်စလုံးက ချွတ်ယွင်းနေလျှင်ကား
စင်ကြယ်သော အလှူမဖြစ်နိုင်ပါ။ အကျိုးမကြီးမားနိုင်ပါ။
(၄) နှစ်ဘက်စလုံး ပြည့်စုံနေလျှင်ကား အစင်ကြယ်ဆုံး
အလှူ၊ အကျိုးအကြီးဆုံး အလှူ ဖြစ်ပေလိမ့်မည်။
ဥပရိပဏ္ဏာသပါဠိတော် “ဒက္ခိဏာဝိဘင်္ဂသုတ်”တွင်လည်း
အောက်ပါအတိုင်း ဟောတော်မူ၏။
၃၈၂။ အကြင် သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်
ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော
စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သောကံ၏ အကျိုးကို
အလွန် ယုံကြည်လျက် သီလမရှိသောပုဂ္ဂိုလ်တို့အား
အလှူကို ပေးလှူ၏၊
ထိုအလှူသည် လှူသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။
အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည်
“မတရားသဖြင့်ရအပ်သော ပစ္စည်းကို ၊
မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော
ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလရှိသော
ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊
ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။
အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်
ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍
ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို
မယုံကြည်ဘဲ သီလ မရှိသော ပုဂ္ဂိုလ်တို့အား
အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်
ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါ မဟော။
အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်
ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍
ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို
အလွန် ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား
အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ်
ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါဟော၏။
အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ဒက္ခိဏသုတ်တွင်လည်း
အောက်ပါအတိုင်း ဟောတော်မူထားပါသည်။
၇၈။ ရဟန်းတို့ အလှူ၏ စင်ကြယ်ကြောင်းတို့သည်
ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုး တို့နည်းဟူမူ-
(၁) ရဟန်းတို့ အလှူပေးပုဂ္ဂိုလ်ကြောင့်သာ
စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုး
သည်ရှိ၏။
(၂) ရဟန်းတို့ အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍
အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။
(၃) ရဟန်းတို့ အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် ၊
အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။
(၄) ရဟန်းတို့ အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ် ၊
အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်သော အလှူမျိုးသည် ရှိ၏။
(၁) ရဟန်းတို့ အဘယ်သို့လျှင် အလှူသည်
အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍
အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သနည်း၊
ရဟန်းတို့ ဤလောက၌ အလှူပေးသူသည် သီလရှိ၏၊
ကောင်းသောသဘော ရှိ၏၊
အလှူခံ ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏။
ရဟန်းတို့ ဤသို့လျှင် အလှူသည် အလှူပေး ပုဂ္ဂိုလ်ကြောင့်
သာ စင်ကြယ်၍ အလှူခံ ပုဂ္ဂိုလ်ကြောင့် မစင်ကြယ်။
(၂) ရဟန်းတို့ အဘယ်သို့လျှင် အလှူသည်
အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့်
မစင်ကြယ်သနည်း၊ ရဟန်းတို့ ဤလောက၌ အလှူပေးပုဂ္ဂိုလ်သည်
သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏၊ အလှူခံပုဂ္ဂိုလ်သည်
သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ရဟန်းတို့
ဤသို့လျှင် အလှူသည်အလှူခံပုဂ္ဂိုလ်
ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့်
မစင်ကြယ်။
နံပါတ် (၃) မှာ နှစ်ဘက်စလုံးကြောင့် စင်ကြယ်သော
အလှူဖြစ်၍၊ နံပါတ် (၄) မှာ နှစ်ဘက်စလုံးကြောင့်
စင်ကြယ်သော အလှူဖြစ်၏။)
ဤဒေသနာတော်တွင် လှူဖွယ်ဝတ္ထုက တရားသဖြင့် ရရှိထားသော
ပစ္စည်းဖြစ်ရမည်ဟု မပါပါ။ သို့ရာတွင် အလှူပေးပုဂ္ဂိုလ်၏
သီလရှိခြင်း မရှိခြင်းကို ဆိုသဖြင့် ထိုအလှူ့ရှင်
လှူသောပစ္စည်း၏ တရားသဖြင့် ရရှိထားသော
ပစ္စည်းဖြစ်-မဖြစ် ကိစ္စလည်း ပါဝင်ပြီးဖြစ်၏။
အလှူပေးပုဂ္ဂိုလ်က သီလရှိလျှင် ထိုသူလှူသော
ပစ္စည်းလည်း ဓမ္မိယလဒ္ဓဖြစ်မည်ပင်။
သို့ရာတွင် သီလရှိရုံသက်သက်မျှဖြင့်
ဓမ္မိယလဒ္ဓစစ်စစ် မဖြစ်သေးပါ။
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်၊ ၀ဏိဇ္ဇာသုတ်၌ ---
၁၇၇။ ရဟန်းတို့ ဥပါသကာသည် ဤကုန်သွယ်
ရောင်းဝယ်မှုငါးမျိုးတို့ကို မပြုအပ်ကုန်။
အဘယ်ငါးမျိုး တို့နည်း ဟူမူ -
(၁) လက်နက်ကုန်သွယ် ရောင်းဝယ်ခြင်း။
(၂) လူသတ္တ၀ါကိုကုန်သွယ် ရောင်းဝယ်ခြင်း။
(၃) အသားကိုကုန်သွယ် ရောင်းဝယ်ခြင်း။
(၄) သေအရက်ကိုကုန်သွယ် ရောင်းဝယ်ခြင်း။
(၅) အဆိပ်ကိုကုန်သွယ် ရောင်းဝယ်ခြင်း- တို့တည်း။
ဟု ဟောတော်မူသောကြောင့် အထက်ပါ
အရောင်းအ၀ယ် ငါးမျိုးကြောင့် ရရှိထား
သော လှူဖွယ်ပစ္စည်း မဟုတ်ဖို့လည်း လိုပါသည်။
အကယ်၍ ဓမ္မိယလဒ္ဓမဟုတ်သော ပစ္စည်းမျိုးဖြင့်
ဒါနပြုလျှင် မည်သို့ အကျိုးပေးနိုင်သည်ကိုလည်း
သိလိုပါသည်-ဟူရာ၌ ဓမ္မလဒ္ဓမဟုတ်လျှင်
အကျိုးမကြီးမားပဲ အကျိုးပေးနည်းနိုင်ကြောင်း
အထက်ပါ ဒေသနာများ အရ သိနိုင်ပါသည်။
ပေတ၀တ္ထုပါဠိတော်၊ ခေတ္တူပမပေတ၀တ္ထုတွင်---
ခေတ္တူပမာ အရဟန္တော၊ ဒါယကာ ကဿကူပမာ။
ဗီဇူပမံ ဒေယျဓမ္မံ၊ ဧတ္တော နိဗ္ဗတ္တတေ ဖလံ။
၁။ ရဟန္တာအရှင်တို့သည် လယ်မြေကောင်းနှင့် တူကုန်၏၊
ပေးလှူတတ်သူတို့သည် လယ်လုပ်သားနှင့် တူကုန်၏၊
လှူဖွယ်ဝတ္ထုသည် မျိုးစေ့နှင့် တူ၏၊
ဤ (ပေးတတ်သူ၊ အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္ထုကို
စွန့်ကြဲပေးကမ်းခြင်း) ဟူသော အကြောင်းသုံးပါးမှ
အကျိုးတရား ဖြစ်ပေါ်လာ၏။-ဟု ဟောတော်မူထား၏။
ထိုဒေသနာအရ (ဘာသာဋီကာဆရာတော် သုံးသပ်ထားပုံမှာ) ...
၁။ လယ်ယာက မြေကောင်း၊ မကောင်း လိုက်၍ အပင်အသီး
ကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က
ကောင်းမကောင်း လိုက်၍ အကျိုးပေး ကွာခြားဖွယ်ရှိ၏။
၂။ မျိုးစေ့က အောင်၊ မအောင် လိုက်၍ အပင်အသီး
ကွာခြားသကဲ့သို့ လှူဖွယ်ပစ္စည်း တရားသဖြင့် ဟုတ်၊
မဟုတ် နှင့် အနည်းအများလိုက်၍ အကျိုးပေး ကွာခြားဖွယ်ရှိ၏။
၃။ လယ်ယာလုပ်သူက နားလည်၊ မလည်၊
လုံ့လ၀ီရိယ ရှိ-မရှိ၊ အပင်အသီးကွာခြားသကဲ့သို့
အလှူရှင်က ဉာဏ်ရှိ-မရှိ၊ အားတက်သရောနှင့်
ဝမ်းမြောက်ဝမ်းသာ ရှိ-မရှိ လိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။
၎။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင်-မပြုပြင်
လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ မိမိ၏
“ပုဗ္ဗစေတနာ”ကို ထက်သန်အောင် ပြု-မပြု
လိုက်၍လည်း အကျိုးပေး ကွာခြားဖွယ်ရှိ၏။
၅။ လယ်ယာတို့၌ မျိုးစေ့ကို စိုက်ပျိုးပြီးနောက်
“ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း” စသည်တို့ကို ပြု-မပြု
လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက်
ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမှု၊ သတိရတိုင်း ၀မ်းမြောက်မှု
(“အပရစေတနာ” ထက်သန်-မထက်သန် လိုက်၍)
အကျိုးပေး ကွာခြားဖွယ်ရှိ၏။
၆။ မျိုးစေ့စိုက်ပျိုးပြီးနောက် စိတ်ပေါက်ပေါက်ရှိ၍
ဖျက်ဆီးလိုက်သကဲ့သို့ လှူဒါန်းပြီးနောက်
(ငါလှူမိတာ မှားပေါ့) စသည်ဖြင့် စိတ်ပျက်မှု ဖြစ်ရပြန်လျှင် (အပရစေတနာချို့တဲ့ပြန်လျှင်)
ထိုဒါနသည် အကျိုးမရဘဲ
(အကျိုးရစေကာမူ ကောင်းစွာမဟုတ်ဘဲ)ပျက်စီးဖွယ်ရှိ၏။
၇။ မျိုးစေ့လယ်ယာတို့က အားလုံးအဆင်သင့်သော်လည်း
စိုက်ပျိုးသင့်သောအခါ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွားသကဲ့သို့
အလှူခံနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ
(လိုနေသော နေရာဝယ်) လှူမှသာ ဖွံ့ဖွံ့ထွားထွား
အကျိုးများဖွယ် ရှိ၏။ (ကိုယ်ကျင့်အဘိဓမ္မာ)
“မြတ်နိုးသဒ္ဓါ၊ စေတနာဖြင့်၊ လှူပါသမှု၊ ဒါနစုကား၊
ဝတ္ထုညံ့နုံ့၊ မုယောမုန့်မှ၊ မကျုံ့ကျယ်စွာ၊ နန်းသိင်္ဂါနှင့်၊
ဗာရာပြည်လုံး၊ ကျုံး၍အုပ်စိုး၊ နုဘော်ဖြိုး၏။”
ဟူသည့်အတိုင်း စေတနာသဒ္ဓါတရား ထက်သန်ပါလျှင် ၊
လှူဖွယ်ဝတ္ထုက ညံ့နေသည့်တိုင် အကျိုးကြီးမားနိုင်သောကြောင့်
တတ်နိုင်လျှင် “လှူဖွယ်ဝတ္ထုကိုလည်း ဓမ္မိယလဒ္ဓ”ဖြစ်အောင်
ကြိုးစား၍ မိမိ၏ အလုပ်အကိုင်က မုဆိုးတံငါစသည်
ဖြစ်နေသဖြင့် ဓမ္မိယလဒ္ဓဖြစ်အောင် မလုပ်ဆောင်နိုင်စေကာမူ
စေတနာအား ၊သဒ္ဓါတရားကို ထက်သန်စေ၍
ဒါနကောင်းမှုကို ကြိုးစားကာ ဆည်းပူးသင့်ပါသည်။
တရားအသိဉာဏ်များ တိုးပွားနိုင်ကြပါစေ...
-【အရှင်ကောဝိဒ (ယော)ဆရာတော်】
မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ
Websiteလိပ်စာ
http://mohnyinnews.blogspot.com
သို့မဟုတ် google မှာလဲ မိုးညှင်းသတင်း လို့ရှိက်ပြီဝင်ရောက်
ကြညိ့ရှုနိုင်ပါတယ်
Posted via Blogaway
No comments:
Post a Comment