Wednesday, August 27, 2014

RCSS/SSA အဖွဲ့ဝင်အချင်းချင်းကြား ဆက်ကြေးငွေ အလွဲသုံးစားမှု ပြဿနာ ဖြစ်ပွား


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျိုင်းတောင်းမြို့နယ်ခွဲအတွင်းရှိ သစ်စက်များနှင့် ပရိဘောဂ အလုပ်ရုံ များဆီမှ ကောက်ခံထားသော ဆက်ကြေးငွေများနှင့်ပတ်သက်၍ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့ဝင် အချင်းချင်းကြား ပြဿနာဖြစ်ပွားနေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

“ သစ်စက်တွေနဲ့ ပရိဘောဂအလုပ်ရုံတွေဆီကနေ ဆက်ကြေးကောက်တဲ့ငွေတွေကို အထက်ကို မပေးဘဲ အလွဲသုံးစား လုပ်လို့ဆိုပြီး ရာထူးကြီးတဲ့ လူက ခေါ်ထားတယ်လို့ ကြားတယ်၊ ဒီရွာနားမှာပဲ သူတို့တွေ ရှိနေတုန်းပဲ ” ဟု ဟိုဟကျေးရွာမှ ကိုစိုင်းမြင့်က ပြောသည်။

အဆိုပါ မြို့နယ်၊ ဟိုဟ ကျေးရွာအုပ်စုတွင် RCSS/SSA အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိ စိုင်းရွေး ဦးစီးအဖွဲ့ ရောက် ရှိနေပြီး နမ့်ဟူးရွာပျက်သို့ ငွေအလွဲသုံးစားလုပ်သော တပ်ဖွဲ့ဝင်(၃)ဦးအား ခေါ်ယူထားကြောင်း သိရသည်။

RCSS/SSA အဖွဲ့ တပ်ရင်းမှူးမှ ဆင့်ခေါ်ထားသော တပ်ဖွဲ့ဝင်များမှာ စိုင်းနန္တိ၊ စိုင်းဝဏ္ဏ နှင့် အိုက်ထ တို့ ဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုများမှာ ကျိုင်းတောင်းမြို့နယ်ခွဲအတွင်း၌ နေထိုင်ကြသူများဖြစ်၍ လာရောက် ဖြေရှင်းခြင်း မပြုပါက မိသားစုဝင်များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံတစ်ဦးက ပြော သည်။

“ သူတို့ မိသားစုတွေလည်း ကြောက်နေကြတာပေါ့၊ ရွာပျက်မှာ စောင့်နေတာ သွားမတွေ့ကြသေးဘူးလို့ ပြောတယ်၊ ဆက်ကြေးကောက်ထားတဲ့ ငွေတွေက ဘယ်လောက်တောင် များမှန်းမသိဘူး၊ အလွဲသုံးစားလုပ် ထားတဲ့ သူတွေကလည်း ပြဿနာ မရှင်းချင်ဘဲ ထွက်ပြေးနေတော့ မိသားစုကို ဒုက္ခပေးသလို ဖြစ်နေတာပေါ့ ” ဟု ကျိုင်းတောင်းမြို့ခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိ စိုင်းရွေးက ငွေကြေးအလွဲသုံးစား လုပ်ထားသော တပ်ဖွဲ့ဝင်(၃)ဦး အား ပြန်လည်ဖမ်းဆီးရမိပါက ကျိုင်းတောင်းမြို့နယ်ခွဲအတွင်းမှ ကောက်ယူထားသော ဆက်ကြေးငွေများအား ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်သွားမည်ဟု ပြောကြား ထားကြောင်း သိရှိရပါသည်။


Posted via Blogaway

No comments:

Post a Comment