ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆဟောင်းကျေးရွာအုပ်စုနှင့် ဟဲနန်းကျေးရွာအုပ်စုများတွင် ပအိုဝ့်တိုင်းရင်းသား အများစုနေထိုင်ကြပြီး ၎င်းတို့ပိုင်ဆိုင်သော ကားနှင့် ထော်လာဂျီများကို သြဂုတ် ၂၅ ရက်နေ့၌ RCSS/SSA အဖွဲ့မှ ဆက်ကြေး လာကောက်သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါမြို့နယ်ခွဲတွင် ဆဟောင်းအုပ်စု၊ ဟဲနန်းအုပ်စု၊ ပန်မုန့်အုပ်စု၊ ဆနင်းအုပ်စု၊ နားတစ်အုပ်စု၊ နောင်လိုင်အုပ်စုများရှိ သည့်အနက် ဆဟောင်း၊ဟဲနန်းနှင့် ပန်မုန့် အုပ်စုများတွင် ပအိုဝ့်တိုင်းရင်းသားများ နေထိုင်ကြကြောင်း သိရသည်။
“ ဟိုတစ်လောက လူသစ်စုတယ်၊ မလိုက်နိုင်ဘူးလို့ ငြင်းလိုက်တော့ အခုဆက်ကြေးကောက်ပြန်တယ်၊ ဖိုးဝှီးကားနဲ့ ထော်လာဂျီပိုင်တဲ့ ရွာသားတွေကို စာရင်းမှတ်ပြီး တောင်းတာလို့ သိရတယ် ” ဟု ဆဟောင်းရွာခံ ဦးခွန်သန်းအောင် ကပြောသည်။
RCSS/SSA အဖွဲ့မှ အဆိုပါအုပ်စုများအတွင်းရှိ ကျေးရွာများ၌ ဖိုးဝှိးကားနှင့် ထော်လာဂျီပိုင်သော ပိုင်ရှင်များ၏ အမည်စာရင်းကို ကောက်ယူပြီး ဆက်ကြေးငွေကောက်ခံမှုအပေါ် ဒေသခံများက လက်မခံကြောင်း သိရသည်။
“ ကိုယ်ပိုင် ထော်လာဂျီထောင်ထားပါတယ်၊ ရှမ်းစစ်တပ်က ဆက်ကြေးလာကောက်လို့ ပြန်ရောင်းရမလို ဖြစ်နေပြီ၊ တောင်းတဲ့ ဆက်ကြေးကလည်း သိန်းနဲ့ချီပြီးများတော့ ဘယ်က ပိုက်ဆံရလို့ ပေးမလဲ၊ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့ တောင် အနိုင်နိုင် ရုန်းကန်နေရတာ၊ ထော်လာဂျီကို ပြန်ရောင်းပြီး ဆက်ကြေးပေးရမလိုဖြစ်နေတယ်ဗျာ ” ဟု ဟဲနန်းရွာသား ကိုခွန်သာက ပြောသည်။
RCSS/SSA အဖွဲ့မှ ဖိုးဝှီးယာဉ်တစ်စီးလျှင် (၅) သိန်းကျပ်၊ ထော်လာဂျီအကြီးတစ်စီးလျှင် (၄) သိန်းကျပ်နှင့် ထော်လာဂျီ အသေးတစ်စီးလျှင် (၃) သိန်းကျပ်နှုန်း သတ်မှတ်၍ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။
Posted via Blogaway
No comments:
Post a Comment