အမျိုးသားပညာရေးနှင့် အမျိုးသားနေ့
တူမလေးနွယ်နီက အမျိုးသားနေ့ရောက်ပြီဖြစ်၍ အမျိုးသားပညာရေးနှင့် အမျိုးသားနေ့မည်သို့ဖြစ်ပေါ်လာပုံကို လာရောက်မေးမြန်းပါသည်။
ကျွန်မက ''မြန်မာနိုင်ငံကို နယ်ချဲ့တို့က သုံးကြိမ်သုံးခါစစ်ခင်းခဲ့ကြတယ်။ ပထမအကြိမ် (၁၈၂၄-၂၆) ခုနှစ်မှာ မြန်မာတို့က တနင်္သာရီနဲ့ရခိုင်ကို ဆုံးရှုံးခဲ့ရတယ်။ ဒုတိယအကြိမ်(၁၈၅၂-၅၃)ခုနှစ်မှာ အောက်မြန်မာပြည်ကို ပေးခဲ့ရတယ်။
(၁၈၈၅)ခုနှစ် တတိယအကြိမ်မှာတော့ ကျန်ရှိနေတဲ့ အထက်မြန်မာ နိုင်ငံအပါအဝင် တစ်နိုင်ငံလုံးက ဗြိတိသျှလက်အောက်ကို ကျခဲ့ရတယ်။ နယ်ချဲ့စနစ်အောက်မှာ မြန်မာတိုင်းရင်း သား အားလုံးနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးခံခဲ့ကြရတယ် လေ.... နွယ်နီ။
အဲဒီအာဏာပိုင်တွေက မြန်မာ့ပညာရေးကို ဆယ်နှစ်ကျော်ထိ ဘာမှမလုပ်ပေးကြဘူး။ ၁၈၆၇ ခုနှစ် ရောက်မှ ပညာရေးဌာနကို ဖွင့်လှစ်ပေးခဲ့တယ်။ ဒါပေမယ့် ကံကောင်းထောက်မလို့ ရှေးကတည်းက ဘုန်းတော်ကြီး ကျောင်းတွေရဲ့ အခြေခံပညာရေး ရရှိထားလို့သာ မြန်မာ့ မြေပေါ်မှာ ပညာရေး လုံးဝကွယ်ပျောက်မသွားတာပေါ့ နွယ်နီရဲ့......''
''သူတို့က ကျောင်းတွေဖွင့်မပေးတော့ဘူးလား ကြီးကြီးမေ...'' ''ဖွင့်ပေးပါတယ်။ ဝတ်ကျေတမ်းကျေပေါ့။ အလယ်တန်း၊ အထက်တန်းရောက်တဲ့အခါ ဗုဒ္ဓဘာသာ သင်ခန်းစာတွေကို မသင်ကြရတော့ဘူး။
ဒါကြောင့် မြန်မာကျောင်းသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုကို အထောက်အကူပြုတဲ့ မင်္ဂလသုတ်၊ လောကနီတိစတဲ့ စာကောင်းပေကောင်းတွေနဲ့ ကင်းကွာခဲ့ရတယ်။
နယ်ချဲ့တို့က အထက်မြန်မာနိုင်ငံကိုသိမ်းပိုက် လိုက်တော့ မြန်မာ့စက်မှုလက်မှုပညာတွေ တိမ်ကော ပပျောက်ခဲ့ရတယ်။ မင်းတုန်းမင်းလက်ထက်ကတည်းက မြန်မာ့ကြေးနန်းရိုက် နည်းပညာရပ်တွေလည်း လုံးဝ ပျောက်ကွယ်ခဲ့ရတယ်။ ရှိပြီးသား မဲနယ်စက်၊ ဝါဂွမ်းစက်၊ သံရည်ကျိုစက်၊ ဖန်ချက်စက်၊ လက်နက်လုပ်စက်ဆိုတာတွေ လည်း လုံးဝပျောက်ကွယ်သွားခဲ့ရတယ်။
သူတို့က ရန်ကုန်ကောလိပ်ကို တည်ထောင်ပေးပေမယ့် နှစ်အတော် ကြာတာတောင် အသက်မွေးဝမ်းကျောင်းသင်တန်းနဲ့ သိပ္ပံ သင်တန်းတွေဖွင့်မပေးခဲ့ဘူး၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားတက္ကသိုလ်ကပြုသမျှနုရတဲ့ ရန်ကုန်ကောလိပ်က တက္ကသိုလ်အဆင့်ကို မရောက်ဘဲ ကောလိပ်ဘဝနဲ့နှစ် ပေါင်း အကြာကြီးနေခဲ့ရတယ်။''
တူမလေးနွယ်နီက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ''ဒါဖြင့် ကြီးကြီးမေ...ဒီကိုလိုနီပညာရေးစနစ်ကြောင့် မြန်မာတွေ အဘက်ဘက်က နစ်နာဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာပေါ့နော်'' ''ဟုတ်တယ်နွယ်နီရေ အဲဒါကြောင့် မျိုးချစ်မြန်မာ့ တိုင်းရင်းသားအချို့ဟာ ၁၉ ရာစုကုန်ခါနီးမှာ ပေါ်ထွက် လာကြတယ်။ ၂ဝ ရာစုအဝင်မှာ မြန်မာ့တိုင်းရင်းသား လူငယ်များ ပေါ်ထွက်လာပြီးတော့ မြန်မာ့ပြည်သူလူထုရဲ့ မျက်စိကိုဖွင့်ပေးခဲ့ကြတယ်လေ။''
''ဒါကြောင့် ကြီးကြီးမေရေ မြန်မာတိုင်းရင်းသားတို့ရဲ့ မီးခဲပြာဖုံးဇာတိမာန်တွေနဲ့ ရှေ့သို့ချီတက်ပြီး အားသစ် လောင်းခဲ့တာပေါ့နော် ကြီးကြီးမေ'' တစ်ဖန် တူမလေးက ''ကြီးကြီးမေလည်း အာခြောက်လာပြီ။ ရော့ရေနွေးကြမ်းလေး သောက်လိုက်ပါဦးနော်''ဟု ရေနွေးကြမ်းခွက်ကလေး ရှေ့တိုးပေးပါသည်။
''မြန်မာနိုင်ငံကတော့ ကောလိပ်ကနေ တက္ကသိုလ်ထိ ရှိစေချင်တာပေါ့၊ ဒါပေမယ့် ဗြိတိသျှတို့က တည်ထောင်ပေးမယ့် တက္ကသိုလ်မျိုးကိုမလိုလားကြဘူး၊ ဒါကြောင့် ကန့်ကွက်ခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ လိုလားချက်တွေကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် သူတို့ကမလိုက်လျော ခဲ့ကြဘူး။''
''သြော်..ဒါကြောင့် ကြီးကြီးမေရေ... ရန်ကုန် ကောလိပ်ကျောင်းသားကြီးတွေက မြန်မာအမျိုးသားတို့ အစီအစဉ်နဲ့ အမျိုးသားကျောင်းတွေဖွင့်ဖို့ အမျိုးသား တက္ကသိုလ်တည်ထောင်ဖို့ စိတ်အားထက်သန်ခဲ့ကြတာ ပေါ့နော်။''
''ဟုတ်တယ်...သမီးနွယ်နီ၊ ရန်ကုန်ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့ကခေါင်းဆောင်ပြီး ရွှေတိဂုံ ကုန်းတော်၊ စနေထောင့်မှာ တက္ကသိုလ်ကျောင်းကို ကန့်ကွက်ဖို့ စည်းဝေးတိုင်ပင်ကြတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲဆင်နွှဲကြတဲ့အခါ မြို့အသီးသီးတို့က မြို့သူမြို့သား များ၊ ပြည်သူပြည်သားမိဘများအနေနဲ့ ကျောင်းသား ကျောင်းသူများရဲ့အကြောင်းပြချက်ကတော့ ယူနီဗာစတီ ဥပဒေများက အမျိုးသားအပေါင်းတို့ကို သခင်ဖြစ်ဖို့ပညာ မျိုးမဟုတ်ဘဲ ကျွန်ဖြစ်ဖို့ပညာတွေပေးတာလို့ ယုံကြည် တယ်။ အမျိုးသားကျောင်းများဖွင့်လှစ်ဖို့လည်း အားကြိုး မာန်တက်ဆောင်ရွက်ကြပါမယ်လို့ မိဘများကို ပန်ကြားပါ တယ်။
အဲဒါကြောင့် အရေးတော်ပုံကနေ တစ်မျိုးသားလုံး အရေး ဖြစ်ပွားတာပေါ့။ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို ဗြိတိသျှကိုလိုနီပညာရေးစနစ်ကို ကန့်ကွက်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့ကို မြို့တိုင်းရွာတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်ခဲနက်တက်ကြွစွာ ဆင်ယင် ကျင်းပခဲ့ကြလို့ အခုလို အမျိုးသားနေ့ဆိုပြီး ဖြစ်ပေါ် လာတာပဲ သမီးရေ...''
နွယ်နီသည် စားပွဲခုံပေါ်မေးကလေးထောက်၍ စိတ်ပါဝင်စားစွာနားထောင်ရာက လက်သီးကလေးဆုပ် ကာ မြှောက်ပြီး ''အမျိုးသားနေ့..တို့နေ့... အမျိုးသားနေ့...တို့နေ့''ဟု အားမာန်အပြည့်ဖြင့် တက်ကြွစွာရွတ်ဆိုကာ ဂုဏ်ပြုနေပါသည်။
ကြီးကြီးမေ ကလည်း ဝမ်းသာစွာအားရပါးရ လက်ခုပ်တီးပြီး မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် ဂုဏ်ယူ၍ ''အမျိုးသားနေ့''ကို ဂုဏ်ပြုလိုက်ရပါသည်။ ။
ယုဝတီခင်ဦး
No comments:
Post a Comment