Tuesday, November 18, 2014

ဦးနေ၀င်း၏ မြေးများနှင့် တိုင်းရင်းသား လက်နက်ကိုင် တချို့ ယနေ့ တွေ့ဆုံမည်

ဦးနေ၀င်း၏ မြေးများနှင့် တိုင်းရင်းသား လက်နက်ကိုင် တချို့ ယနေ့ တွေ့ဆုံ သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) မှ သတင်း ရရှိသည်။ ယင်းသို့ တွေ့ဆုံမည် ဆိုသော်လည်း တွေ့ရှိမည့် အကြောင်း၊ တွေ့ရှိမည့် အချိန် ၊ နေရာ စသည် တို့ကို မသိရှိ သေးဘဲ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) နှင့် တွေ့မည်ဟုသာ သိရှိ ရကြောင်း၊ ကျန်သည့် မည်သည့် ကိစ္စကိုမှ မသိရှိ ရကြောင်း DKBA မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က The Messenger Media သို့ ပြောသည်။ ဗိုလ်မှူး စောလုံလုံက ဦးနိုင်ဟံသာတို့ နဲ့ပါ သွားတယ်။ KIO ကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သွားလိမ့်မယ်။ NCCT နဲ့ တွေ့မယ်။ ပုဂိ္ဂုလ်ရေး အရလည်း ဖြစ်နိုင်တယ်။ ကျွန်တော်လည်း အတိအကျ မသိဘူး။ NCCT က ဦးနိုင်ဟံသာတို့နဲ့တွေ့မယ် ထင်တယ်။ ကျွန်တော်လည်း ဒီထက်ပိုပြီး မသိရ သေးဘူး ဟုဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ဗိုလ်ကြီး စောစိုးမြင့်က DKBA ဗိုလ်မှူး စောလုံလုံကို ဆက်သွယ် မေးမြန်းရန် The Messenger Media သို့ တယ်လီဖုန်း နံပါတ်ပေးခဲ့ သော်လည်း ဗိုလ်မှူး စောလုံလုံ၏ တယ်လီဖုန်းမှာ စက်ပိတ်ထား သဖြင့် ဆက်သွယ် မေးမြန်းခွင့် မရခဲ့ပေ။ NCCTနဲ့ ဦးနေ၀င်း မြေးတွေ တွေ့ မယ်ဆိုတဲ့ သတင်းက သတင်း အမှားပါ။ လုံးဝ မဟုတ်ပါဘူး ဟု NCCTပထမ ခေါင်းဆောင် နိုင်ဟံသာက The Messenger Media သို့ ပြောသည်။ ဦးနေ၀င်းမြေး ဖြစ်သူ ကိုအေးနေ၀င်း အကျဉ်းထောင်က လွတ်မြောက် လာပြီး နောက်ပိုင်း The Messenger Media နှင့် ပြုလုပ်သော အင်တာဗျူး တွင် မိသားစု စီးပွားရေး လုပ်ငန်းတွေ ကိုပဲ ကျွန်တော် ၀ိုင်းလုပ်နေတာ ရှိပါတယ်။ တော်တော် များများက မေးကြတာ ကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပေါ့နော်၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်တာ ကိုင်တာရှိလဲ ဆိုရင် ပြတ်ပြတ်သားသား ပြောနိုင် တာက လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကျွန်တော် ၀င်ရောက် ပြီးတော့ ပါဝင်ဖို့လည်း အစီအစဉ် မရှိသလို လက်ရှိ ဖွဲ့စည်းထားပြီး ဖြစ်တဲ့ နိုင်ငံရေး ပါတီ တစ်ခုခု မှာလည်း ကျွန်တော် မပါဘူး။ ထို့အပြင် နိုင်ငံရေး ပါတီ အသစ် တစ်ခုခု ကိုလည်း ကျွန်တော် ထူထောင်ဖို့ အစီအစဉ် မရှိပါဘူး။ အဲဒါတော့ ပြောနိုင်ပါတယ်။ သို့သော် တစ်ဖက်က ပြောသလို နိုင်ငံသား တစ်ယောက် အနေနဲ့ ကတော့ လုပ်သင့် လုပ်ထိုက်တဲ့ ဟာမျိုး၊ ကိုယ့် နိုင်ငံကို ကာကွယ်ဖို့၊ ကိုယ့်အမျိုးသား အကျိုး စီးပွားကို ထိခိုက်တဲ့ ဟာမျိုး ကာကွယ်ဖို့ အတွက် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြင်ဆင်ထား ပါတယ် ဟုပြောဆို ထားသည်။ Messenger News Journal

No comments:

Post a Comment