အမတ်လောင်းများကို လေ့လာပါ
Sunday, August 23, 2015
မြန်မာ့ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် အကြိတ်အနယ်အရှိဆုံး ရွေးကောက်ပွဲမှာ ၇၇ ရက်သာ လိုတော့သည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ၃၂၃ ဦး အပါအ၀င် နိုင်ငံရေးပါတီ ၉၃ ပါတီမှ အမတ်လောင်း ၆,၁၈၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ၉၃ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်လောင်းစုစုပေါင်း ၂၃၀၀ ခန့်သာ ရှိခဲ့သည်။ ၂၀၁၀ ရွေး ကောက်ပွဲတွင်လည်း နိုင်ငံရေးပါတီ ၄၀ ပါဝင်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ၀င်ရောက်ရွေးချယ်ခံခဲ့သည်။ ထို့ ကြောင့်လာမည့်ရွေးကောက်ပွဲသည် အမတ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်သည်။
အမတ်လောင်း ၁၅ ဦးအထိ ၀င်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန် တိုင်းအမျိုးသားလွှတ်တ်ာမဲဆန္ဒနယ် အမှတ် (၁၁) နှင့် အမတ်လောင်း ၁၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့တွင် နေထိုင်သော ပြည် သူများအတွက်မူ အမတ်လောင်းများ၏ အမည်မှတ်မိရန်ပင် ခက်ခဲလှပေမည်။
ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲနီးလာသည်နှင့် အမျှ ပြည်သူများထံ ပုံစံမျိုးစုံဖြင့် ချဉ်းကပ်လာပြီဖြစ်၏။
ယခင်ပြည်သူများနှင့် ပြောဆိုဆက်ဆံလျှင် အထက်စီးဖြင့်မောက်မာတတ်သော ၀န်ကြီးများပင်လျှင် ရွေးကောက်ပွဲဝင်ရောက်မည့်အချိန်တွင် ချိုသာသော စကားလုံးများဆိုကာ အကူအညီများ အားတက်သရောပေးလာသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက မဲဆန္ဒရှင်များကို လှည့်မကြည့်တော့သော အမတ်များသည်လည်း ပြည်သူများထံ ပြန်လာကာ ဂရုစိုက်ပြနေကြပြီဖြစ်သည်။ ရေဘေးကယ်ဆယ်ရေး၊ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပညာရည်ချွန်ဆုပေးပွဲစသော ခေါင်းစဉ်မျိုးစုံဖြင့် ၀န်ကြီးများ၊ ဗိုလ်ချုပ်ဟောင်းများ၊ပါတီများ၊ အမတ်လောင်းများကပြည်သူများထံမှ မဲတစ်ပြားရရေး ကြိုးပမ်းနေသော ကာလပင်။
ဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များမှာ ပြည်သူသာဖြစ်သည်ဟူသော အဆိုမှာ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနီးလာချိန်တွင်မှသာ ဟုတ်သလိုလိုဖြစ်လာသည်။ အာဏာပိုင်အဖွဲ့အစည်းများက ပြည်သူများကို လူဟုအသိအမှတ်ပြု ဆက်ဆံသော ရှားရှားပါးပါးအချိန်လေးများ ဖြစ်၏။
ထို့ကြောင့် ပြည်သူများအနေဖြင့် အမတ်လောင်းများအနက် မည်သူက ရွေးကောက်ပွဲနီးချိန်မှ မိမိတို့ကို ဂရုစိုက်သူ၊ မည်သူက ပြည်သူများ အကျိုး၊ တိုင်းပြည်အကျိုးထမ်းဆောင်လိုသူ၊ မည်သူက အာဏာရှင်စနစ် ဆက်လက်အသက်သွင်းလိုသူ၊ မည်သူက တိုးတက်သော အမြင်ရှိပြီး အမြင်ကျယ်သူ စသည်တို့ကို ခွဲခြားသုံးသပ်နိုင်ရန် အရေးကြီးလှပါသည်။ သို့ပါ၍ ပြည်သူများ အညာမခံရဘဲ အမတ်များကို ပြန်ခိုင်းနိုင်ရန် မိမိတို့ မဲဆန္ဒနယ်မှ ပါတီများ၊ အမတ်လောင်းများကို လေ့လာထားကြရန် လိုပါသည်။
7 day
mohnyinnews
No comments:
Post a Comment