ဒီမိုကရေစီခရီးလမ်းမှာ စစ်တပ်ကိုလက်တွဲခေါ်ရမယ်
--------------------------------------------------------------
ပြီးခဲ့တဲ့ရက်ပိုင်းက ဖားကန့်လုံးခင်းဒေသမှာ မြန်မာစစ်တပ်က စစ်သားတစ်ယောက် အရပ်သားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့သတင်းဖတ်ခဲ့ရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ လမ်းလုံခြုံရေးအရ ယာဉ်ကြော ပိတ်ဆို့နေတာကို လမ်းရှင်းဆောင်ရွက်ပေးတဲ့ စစ်သားကိုအရပ်သားကားသမားက ဓားနဲ့ဝင်ခုတ်ဖို့ လုပ်တာ ကြောင့် ခြောက်လှန့်ပစ်ခတ်ရင်း ထိမှန်သွားခဲ့တာပါ။ တချို့သတင်းမီဒီယာတွေမှာလည်း ဖြစ်စဉ်ကိုအမှန် အတိုင်းဖော်ပြပြီး အရပ်သားဘက်ကမှားကြောင်း ရေးကြပါတယ်။ လူမှုကွန်ယက်နဲ့တချို့ မီဒီယာများကတော့ ထုံးစံအတိုင်းစစ်တပ်ကို ဖွတဲ့ သတင်းအမှားတွေကိုပဲ လုပ်ကြံ ရေးခဲ့ပါတယ်။
အဲဒီမှာကျွန်တော့်အနေနဲ့ တွေးမိတာလေးတွေ ရှိလာပါတယ်။ တချို့လူတွေရဲ့ စစ်တပ်မုန်းတီးရေးဝါဒဟာ စစ်တပ်ကို ယခင်ကထက် ပိုဆိုးလာအောင်လုပ်နေသလားလို့ပါ။ စစ်အာဏာရှင်စနစ်မှာ နှစ်ပေါင်းများစွာနေလာခဲ့တာကိုမှ သင်ခန်းစာ မယူနိုင်ကြဘူး။ အခုအချိန်မှာစစ်တပ်ဟာ အကြီးအကဲတွေက အစပြောင်းလဲစ ပြုလာနေပါပြီ။ တပ်မတော်နဲ့ပြည်သူ နီးစပ်အောင် အားစိုက်ကြိုးစားလာကြတာ တွေ့ရပါတယ်။ ခေါင်းဆောင်ပိုင်း တွေကလည်း မီဒီယာတွေနဲ့ထိတွေ့ပြီး ပွင့်လင်းမြင်သာမှုရှိလာကြပါပြီ။ ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလို ကိစ္စမှာလည်း အင်တိုက်အားတိုက် ဆောင်ရွက်လာကြတယ်။ ဘာပဲဖြစ်ဖြစ် ယခင်ကထက် တပ်မတော်ကပြည်သူနဲ့ ပိုနီးစပ်လာတယ်ဆိုတာကတော့ ငြင်းမရပါဘူး။ ဒါကောင်းတဲ့လက္ခဏာပါ။
ကျွန်တော်တို့အားလုံးက စစ်တပ်ကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်နေရမယ့် အခြေအနေမှာ စစ်တပ်ကို နောက်ပြန် လှည့်စေမယ့် တိုက်ခိုက်မှုမျိုးကို ရှောင်ရှားကြရမှာပါ။ နိုင်ငံတစ်နိုင်ငံဖြစ်လာပြီဆို စစ်တပ်နဲ့ကင်းကွာလို့ မရပါဘူး။ မြန်မာ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ပိုပြီးတောင်ကင်းကွာလို့ မရပါဘူး။ ဘယ်လိုသမိုင်းကြောင်း တွေပဲရှိရှိ စစ်တပ်ရဲ့ နိုင်ငံရေး ပါဝင်မှုကိုယခုလက်ရှိအချိန်မှာ လျစ်လျူရှုထားလို့မရဘူး။ တပ်မတော် ခေါင်းဆောင်ပိုင်းတွေရဲ့ ပြောင်းလဲချင်စိတ်ကို လက်ကမ်းကြိုဆိုခြင်းနည်းနဲ့စည်းရုံးရမှာပါ။ အခုကစစ်တပ်နဲ့ပတ်သက်လာရင် ဘယ်လိုကိစ္စပဲ ဖြစ်ဖြစ်အမှားအမှန်ကို မခွဲခြားဘူး။ အပုပ်ချပြီး တိုက်ခိုက်ဖို့ပဲလုပ်နေမယ်ဆိုရင် အနာဂတ်မှာ စစ်တပ်က တင်းမာမှုတွေလုပ်လာနိုင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရသေးပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း စစ်တပ်က အားတက်သရောလုပ်နေတာကိုလည်း တွေ့ရပါတယ်။ အခုဆို လက်မှတ်ထိုးဖို့အထိ အောင်မြင်မှုရနေတာတွေရှိလာ ပါတယ်။ နိုင်ငံက ငါးနှစ်အတွင်း အကူးအပြောင်း ကြမ်းလှပါတယ်။ ဒီမိုကရေစီအကူးအပြောင်းဟာ ညင်သာဖို့လိုပါတယ်။ ဆာလောင်မှုကို တစ်ခါတည်း အ၀စားချင်လို့ရတာမျိုး မဟုတ်ဘူး။ အဆာပြေလေးတွေပဲ နည်းနည်းချင်းစီ နားနားပြီးစားမှ အချိန်တန်ဗိုက်ပြည့်မှာပါ။ အဓိက က ပန်းတိုင်ရောက်ဖို့ပဲ မဟုတ်လား။ဒါကြောင့် အရွေ့ကြမ်းလှတဲ့ မြန်မာနိုင်ငံရေး ခရီးလမ်းမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို မျက်ကွယ်ပြု ရှုတ်ချနေမယ့်အစား စစ်တပ်ကိုကိုယ့်ဘက်ပါအောင် စည်းရုံး သိမ်းသွင်းပြီး တစ်သားတည်းဖြစ်စေခြင်းက ပိုပြီး ခရီးရောက် လိမ့်မယ်လို့ ထင်မိပါတယ်။
#မင်းဇော်ဟန်
#နေ့စဉ်သတင်း
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment