Saturday, August 29, 2015

ရွေးကောက်ပွဲကာလ မီဒီယာများ၏အခန်းကဏ္ဍ ==============================

ရွေးကောက်ပွဲကာလ မီဒီယာများ၏အခန်းကဏ္ဍ
==============================

လာတော့မည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် သီတင်းကျွတ်လဆုတ် ၁၁ ရက် နံနက် ၆ နာရီတိတိတွင် မြန်မာတစ်နိုင်ငံ လုံးရှိ ရွေးကောက်ပွဲမဲရုံများဖွင့်ကြပေလိမ့်မည်။ ၁၆းဝဝ နာရီ (ညနေ ၄ နာရီတိတိ)၌ မဲရုံပရဝဏ်အတွင်းရောက်နေပြီးဖြစ်သော မဲဆန္ဒရှင်မှအပ မဲရုံပိတ်သိမ်းလိုက်ပေလိမ့်မည်။ တစ်နိုင်ငံလုံးရှိရပ်ကွက်နှင့် ကျေးရွာအလိုက် မဲရုံပေါင်း အထောင်အသောင်းတို့သည် ပါတီကိုယ်စားလှယ်လောင်းများ၊ ရပ်မိရပ်ဖများ၊ စိတ်ဝင်စားသူပြည်သူများ၊ တရားဝင်လေ့လာစောင့်ကြည့်သူ အဖွဲ့ဝင်များဖြင့် ပြည့်နေပေလိမ့်မည်။ မဲရုံမှူး၊ ဒုမဲရုံမှူးတို့က အတည်ပြုမဲ၊ ပယ်မဲတို့ကို အများမြင်သာအောင် ပြသပြီး ရေတွက်ကြပေလိမ့်မည်။
နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒပေးပိုင်ခွင့်ရှိကြသော လူပုဂ္ဂိုလ် ၃၂ သန်းကျော်သည် မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲရုံများတွင် မိမိအမည်ပါဝင် ကြောင်း စက်တင်ဘာလအတွင်းက ကြိုတင်ကြည့်ရှုထားပြီးဖြစ်သည်နှင့် အညီ ဘယ်မဲရုံအမှတ်၊ ဘယ်နေရာသွား၍ မဲပေးရမည်ကို သိပြီးသား။
ခရီးဝေးသွားသူ၊ သင်တန်းတက်သူ၊ ဆေးရုံတက်သူ၊ ရှေ့တန်းထွက်သူ စသည်တို့၏ ကြိုတင်မဲများကိုလည်း မြို့နယ်အဆင့်နှင့် ရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်တို့က ကြိုတင်ကြေညာကပ်ပေးထားပြီးသည့်အတိုင်း သက်ဆိုင်ရာမဲရုံမှူးများထံသို့ ၈-၁၁-၂ဝ၁၅ ရက်(တနင်္ဂနွေနေ့) ညနေ ၄ နာရီ မတိုင်မီ အရောက်ပို့ပေးပြီးသား။

ခြားနားချက်

ယခင့်ယခင် ဒီမိုကရေစီရွေးကောက်ပွဲများနှင့် ကွဲပြားခြားနားသော အချက်များလည်းရှိလေသည်။ ဥပမာ သာဓကဖော်ပြရပါက မဲဆန္ဒပေးပိုင်ခွင့် ရှိသူ မဲပေးခွင့်မရဘဲ ကျန်ရစ်ခဲ့သည်ဟု မရှိရစေရန် ဇူလိုင်လ၊ သြဂုတ်လများ ကပင် ကြိုကြိုတင်တင် အခြေခံမဲစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာရွေးကောက် ပွဲကော်မရှင်ရုံးများ၌ ပွင့်လင်းမြင်သာစွာပြည်သူလူထုကြည့်ရှုနိုင်ရန် ကပ်ပေး ထားခဲ့၏။ ထို့ကြောင့် လိုလျှင်ဖြည့်ခွင့်ရ၏။ စက်တင်ဘာမှာ လာဦးမည်။ လွဲမှားလျှင် ပြင်ခွင့်ရခဲ့၏။
ပိုနေလျှင် ဖျက်ခွင့်ရခဲ့ပြီးပြီ။ ကွယ်လွန်ခဲ့ပြီးသူကို မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနအထိ တရားဝင် သွားရောက်သတင်းမပို့ခဲ့သဖြင့် အိမ်ထောင်စုစာရင်းမှာ ဆက်ပါနေသေးခြင်းပါ။ ရပ်/ကျေးဥက္ကဋ္ဌ၊ အုပ်ချုပ်ရေး မှူး၊ ရပ်/ကျေးစာရေးတို့ချည်းတာဝန်လည်းမဟုတ်။ ကာယကံရှင်က မွေးခြင်း၊ သေခြင်းသည် ကျန်းမာရေးဦးစီးဌာနနှင့်သာ သက်ဆိုင်သည်ဟု သိ၏။ သေဆုံး လက်မှတ်မူရင်းကိုလည်း သင်္ချိုင်းက ယူထားလိုက်၏။ မိတ္တူပြရုံနှင့် သင်္ဂြိုဟ်၍ မရ။
ဤသို့ ကြိုကြိုတင်တင်ပြင်ဆင်ခွင့်ရပြီး အမှားကင်းစင်အောင်တင်ပြသည် ကိုပင် မည်သည့်မြို့နယ်မှ မဲဆန္ဒရှင်ဦးရေ ၈ဝ ရာခိုင်နှုန်း ပြည့်အောင်လာ မကြည့်ခဲ့သည့် မှတ်တမ်းရှိပါ၏။ အများဆုံးလာကြည့်ကြသော မြို့နယ်ပင် ၄ဝ ရာခိုင်နှုန်းမရှိ။ အချို့မီဒီယာများက ၈ဝ ရာခိုင်နှုန်းမှားနေသည်။ ၉ဝ ရာခိုင်နှုန်းလောက် ကျွမ်းထိုးမှောက်ခုံ မှားယွင်းနေသည်ဟု ဘာမှအခြေအမြစ် အထောက်အထားမရှိ ပြောဆိုရေးသားခြင်းမျိုးလည်းရှိ၏။ အမှားတွေ့မြင် အမှန်ပြင်ရုံပဲဥစ္စာ။ ကြိုဆိုအားပေးရမည့်အစား မဟုတ်မမှန်သားပုပ်လေလွင့်။
မည်သို့ပင်ဖြစ်စေ၊ အမှားနည်းပါး အမှန်များစေခဲ့ပြီးပြီ။ စက်တင်ဘာလ မှာကပ်မည့် မဲစာရင်းများကို လာကြည့်လိုက်လျှင် ထင်ရှားပါလိမ့်မည်။ ဒါလည်း သတ်ပုံ၊ စာလုံးပေါင်းမှားတုန်းပဲဆိုလျှင်လည်း စိတ်မပျက်ပါနှင့်။ မဲပေးခွင့် မဆုံးရှုံးစေရပါ။ ရပ်ကွက်လူကြီး၊ရပ်မိရပ်ဖများက ပြောပြ၍ မဲပေးခွင့်ရှိသူ အမှန်ဖြစ်ပါက အသေးအဖွဲ မကိုက်ညီတာနှင့် မဲရုံမှမငြင်းပယ်ပါ။ မဲလာပေးတာကို ကြိုဆိုပါ၏ ။

အချိန်ယူပြင်ဆင်ခဲ့၏

အခြေခံမဲစာရင်းကို ဤကဲ့သို့ လေးငါးခြောက်လ အချိန်ယူကြိုတင်ပြင် ဆင်ခြင်း၊ ကောက်ယူခြင်း၊ အမှားကင်းစင်အောင်ပြင်နိုင်ခြင်း၊ ကွန်ပျူတာ ဖြင့် စာစီခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကွန်ပျူတာမိန်းဆာဗာ၌ ပြည့်စုံ စွာ ထည့်သွင်းနိုင်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်တို့ကို ကာကွယ်ပြီးသား ဖြစ်သွား၏။
ဇူလိုင်လအတွင်း ထူးကဲသည်းထန်သောမိုးကြောင့် မြေပြိုခြင်း၊ ရေလွှမ်း ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ပြည်သူတစ်သန်းခွဲ လောက် အတိဒုက္ခရောက်ကြရသည်။ အဆိုးထဲမှအကောင်းကား အခြေခံ မဲစာရင်းများ ကွန်ပျူတာမိန်းဆာဗာထဲ ပြည့်စုံစွာရှိထားခဲ့ပြီးသားမို့ အပျက် အစီးမရှိ။ ရေစုန်မမျောဘဲ ကျန်ရှိ၏။
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်စေရန် ကွန်ပျူတာများ ကူညီပေးခဲ့ကြသောIFES (International Foundation For Electoral Systems) နိုင်ငံတကာရွေးကောက်ပွဲစနစ်များ ဖောင်ဒေးရှင်းကိုလည်း ကျေးဇူး တင်စရာကောင်း၏။ ရွေးကောက်ပွဲကော်မရှင်၏ ကြိုကြိုတင်တင်ပြင်ဆင်မှု၊ အပင်ပန်းခံကာ ပြုစုမှုနှင့်ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီမှုကြောင့် အောင်မြင်ပါ၏။ မဲဆန္ဒရှင် စာရင်းပြုစုခြင်းကား သဘာဝဘေးအန္တရာယ်ကြီးမှ လွတ်မြောက်ခဲ့၏ ။

ကြိုးစားမှုရှိ၏

မဲပေးခွင့်ရှိသူအားလုံး အမည်မကျန်စေရန် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သည် အထူးအလေးထား၍ ကြိုးစားခဲ့သည်မှာ ထင်ရှားပါ၏။ ဘယ်ပါတီတွေ ပြိုင်လာမှာမှန်းမသိ၊ အချို့ပါတီက ရွေးကောက်ပွဲဝင်မှာလိုလို၊ မဝင်ဘူးလိုလိုလည်းရှိခဲ့၏။ ဘယ်ပုဂ္ဂိုလ်တွေ ဝင်ပြိုင်မှာလဲ မသိရသေးသည့် အချိန်မှာပင် လုပ်စရာဆောင်ရွက်စရာရှိသမျှ မလစ်လပ်ရအောင် ကြိုးစားထမ်း ဆောင်ခဲ့ကြ၏။ မွေးရက်၊ မွေးလ၊ မွေးခုနှစ်လွဲလျှင် ပြင်ပေးမည်။ အသက် ၁၈ နှစ်ပြည့်ပြီးကြောင်း သဲကွဲလျှင်လုံလောက်၏။ ဇွန်လ ၁၅ ရက် မွေးသူဦးရေ များ အတော်အတန်များနေခြင်းကား မွေးနေ့မွေးလ မသိပါ။ မမှတ်မိပါဟု ဖြေကြားသူများကို (ကွန်ပျူတာပရိုဂရမ်ဒီဇိုင်းအရ ကွက်လပ်ချန်ထား၍မရ)မသိဟု ထည့်လို့မရသဖြင့် နိုင်ငံတကာရွေးကောက်ပွဲများမှာ ကျင့်သုံးကြသည့် ထုံးစံအတိုင်း ၁၂ လမှာ အလယ်လ၊ ရက် ၃ဝ မှာ အလယ်ရက်၊ (၁၈ နှစ် ပြည့်လျှင်ပြီးပါသည်။ ဘာနေ့သားလဲ၊ ဘယ်လဖွားလဲက ဘာမျှအရေးမကြီးပါ)ကို ထည့်ပေးရခြင်းပါ။ မသမာခြင်းလည်းမဟုတ်။ ဘယ်သူ့ကိုမှလည်း မထိခိုက်၊ သဘာဝမကျဘူးဟု အပြစ်ပြောသူလည်းရှိ၏။
ဘာမျှမသိဘဲ ဟာသလုပ်ကာ နောက်ပြောင်သူများ၊ ဟားသူများကိုလည်း ခွင့်လွှတ်ပါ၏။ မွေးဇာတာလည်းမရှိ။ မွေးရက်မွေးလ မှတ်သားထားခဲ့ခြင်းလည်း မရှိ။ အိမ်မှာ ပြက္ခဒိန်လည်းမရှိကြသော မိသားစုမျိုး ဤမျှများပြားလှသည်ကို တွေ့ရှိရသောအခါတွင်မူ သက်ပြင်းကိုသာ အခါခါချမိပါ၏။ အဘအမည်၊ အမိအမည် ဦးဖြူနှင့်ဦးမြူ၊ ဒေါ်ခွေးနှင့် ဒေါ်အေး လွဲရုံမျှနှင့်လည်း မဲပေးပိုင် ခွင့်ကို မဆုံးရှုံးစေရ။ ရပ်ရွာလူကြီးတွေက ကောင်းစွာသိပြီး နေကြသည် မဟုတ်လား။ မပူနှင့်။ မဲပေးပိုင်ခွင့် ရစေရပါမည်။

ကူညီကြ၏

မကျန်အောင် အသေးစိတ်ကြိုးပမ်းသကဲ့သို့ မထပ်အောင်လည်း ၂ဝ၁၅ ရွေးကောက်ပွဲ၌ စီမံထား၏။
မဲပေးပြီးသူ၏ လက်သန်းကို မင်တို့ပေးလိုက်ပါရစေ။ စိတ်မရှိပါနှင့်၊ ညနေ ၄ နာရီအထိ ဖျက်လို့မရပါ။ ဤမဲရုံသို့ နောက်တစ်ခေါက်မဲလာပေး၍မရ။ အခြားမဲရုံသို့လည်း မဲသွားပေး၍မရ။ ယခင်က ဤကဲ့သို့ မလုပ်ခဲ့ဖူးပါ။ လူတစ်ယောက်တည်းက နှစ်ကြိမ်မဲပေးခွင့်မရှိစေရ။ လူတစ်ယောက်တည်းက မဲရုံနှစ်နေရာ ပေးခွင့်မရစေရ။ ၂ဝ၁၅ နိုဝင်ဘာအထွေထွေရွေးကောက်ပွဲ မဲရုံပေါင်း သောင်းသိန်းအတွက် နိုင်ငံတကာ ဒီမိုကရေစီရွေးကောက်ပွဲများ၌ ကျင့်သုံးသောစနစ်အတိုင်းIFES က မင်ဘူးများ ထောက်ပံ့ကူညီထား၏ ။

ထူးခြားမှုရှိ၏

၂၀၁၅ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက ယခင်နှင့်မတူ၊ စေ့စပ်လှ ချည်လား။ တိကျလှချည်လား။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တို့သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း သမာသမတ်ကျစွာ မိမိတို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြလိမ့်မည်။ သန့်ရှင်း၍ တရားမျှတမှန်ကန်သော ရွေးကောက်ပွဲဖြစ်ကြောင်းကို ကမ္ဘာအဝန်းက သိရှိ အောင်ပွင့်လင်းမြင်သာမှုရှိစွာ စွမ်းဆောင်မည်ဖြစ်၏။ ပြည်သူတွေ ပါဝင် ကူညီကြပါ။
၂ဝ၁၅ ဒီမိုကရေစီရွေးကောက်ပွဲ၏ နောက်ထပ်ထူးခြားသည့်လက္ခဏာတစ်ရပ်မှာ ပြည်သူများအားလုံးလည်း ကြိုတင်သိမြင်ထားသင့်၏။ ယနေ့ ခေတ်မှာ ဘာမျှ ဖုံးကွယ်ထိန်ဝှက်ထားချင်၍မရ။ ပွင့်လင်းမြင်သာကြရမည်။ ပြည်တွင်းပြည်ပ လေ့လာသူ၊ စောင့်ကြည့်သူများကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က တရားဝင်ခွင့်ပြုမည်ဖြစ်၏။ ယခင်က ဤကဲ့သို့ မရှိခဲ့ဖူးပါ။

ကျင့်ဝတ်လိုက်နာ

လေ့လာသူများနှင့် စောင့်ကြည့်သူများက မတူဘူးလား။ မတူကြပါ။ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ လေ့လာသူများကို လနှင့်ချီပြီး လေ့လာ ခွင့်ပြုထားမည်ဖြစ်၏။ ကော်မရှင်၊ အစိုးရဌာနများ၊ မဲရုံမှူး၊ မဲရုံဝန်ထမ်းများ၊ ဒေသအာဏာပိုင်များ၊ မီဒီယာများ၊ မဲဆန္ဒရှင်များ၊ ရဟန်းရှင်လူ ပြည်သူအများ ကို တရားဝင်မေးမြန်းလေ့လာခွင့်ပြုထား၏။
စောင့်ကြည့်သူအဖြစ် တရားဝင်ခွင့်ပြုသော ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များ ကမူ ရွေးကောက်ပွဲသို့ ကာလတိုရက်ပိုင်းမျှသာ ဆောင်ရွက်ကြမည်ဖြစ်၏။ သူတို့က ရွေးကောက်ပွဲကော်မရှင်သို့ တွေ့ရှိချက်များတင်ပြကြမည်ဖြစ်၏။ နှစ်သက်ရာ မြို့နယ်၊ ကြိုက်ရာမဲရုံများသို့ သွားရောက်လေ့လာခွင့်၊ စောင့်ကြည့် ခွင့် ပေးပါလိမ့်မည်။ လေ့လာစောင့်ကြည့်သူများ၏ ကျင့်ဝတ်တော့ရှိပါ၏။ ကျင့်ဝတ်နှင့်အညီသာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်၏။ မဲရုံမှူးနှင့် ရွေးကောက်ပွဲလုပ်ငန်းများအပေါ် လွှမ်းမိုးခြင်း၊ စွက်ဖက်ခြင်းပြုခွင့်မရှိပါ။
ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများက ညီညွတ်စွာတိုင်ပင်ဆွေးနွေးပြီး နိုင်ငံရေးပါတီများ၏ ကျင့်ဝတ်ကိုလည်း ရေးဆွဲပြဋ္ဌာန်းထား၏။ ၂ဝ၁၅ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ၏ ဆင့်ကဲဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်လည်း ဖြစ်၏။ ယခင်ကမရှိခဲ့ဖူးပေ။ ယှဉ်ပြိုင်မည့်ပါတီပေါင်းကလည်း ၉ဝ ကျော်၏။ တစ်သီးပုဂ္ဂလယှဉ်ပြိုင်သူများ အရေအတွက်ကလည်း ၃၂၃ ဦး မှတ်ပုံတင် ထားကြ၏ ။

စံချိန်တင်ဦးရေ

တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်သူဦးရေ

၁။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲ ၈၇ ဦး
၂။ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ ၈၂ ဦး
၃။ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ ၃၂၃ ဦး
၂ဝ၁၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်ကိုးစား ထိုက်သည်ဟု ယုံကြည်မှုရှိသူ၊ လွတ်လပ်စွာဖြင့် နိုင်ငံကောင်းကျိုးကို ပါတီစွဲ မပါဘဲ ဆောင်ရွက်လိုသူဦးရေ သုံးဆလေးဆ တိုးတက်လာခြင်းဖြစ်ပါ၏။
၂ဝ၁၅ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းသူ ဦးရေလည်း နှစ်ဆသုံးဆတိုးတက် များပြားခဲ့ပါ၏။
၁။ ၁၉၉ဝ ရွေးကောက်ပွဲ ၂၂၉၆ ဦး
၂။ ၂ဝ၁ဝ ရွေးကောက်ပွဲ ၃ဝ၆၉ ဦး
၃။ ၂ဝ၁၅ ရွေးကောက်ပွဲ ၆၁၈၉ ဦး
ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ လွှတ်တော်မဲပုံးအလိုက် ရွေးချယ်စရာ ပိုမိုများပြားလာခြင်းသည် မဲဆန္ဒရှင်ပြည်သူများအတွက် အခွင့် အရေးကောင်းဖြစ်၏။ စစ်မှန်သောခေါင်းဆောင်ကောင်းကို သေချာစွာနှိုင်းယှဉ် စိစစ်ရွေးချယ်စရာ အခွင့်အလမ်းပိုများလာခြင်းမဟုတ်ပါလား။ မိမိမြို့ရွာ၊ မိမိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် တိုင်းပြည်၏ ကောင်းကျိုးကိုအမှန် တကယ်စွမ်းဆောင်နိုင်လောက်သည့် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ခွင့် မိမိတို့မှာရှိကြ၏ ။

အခွင့်အရေးကြီး

ဤအခွင့်အရေးကြီးသည် ငါးနှစ်ကြာမှ တစ်ကြိမ်သာ ရနိုင်ခြင်းဖြစ်သဖြင့် သေချာစွာ နှိုင်းယှဉ်စဉ်းစားပြီး ဆန္ဒမဲပေးသင့်ပါ၏။ မိမိအရွေးမှန်လျှင် နိုင်ငံလူမျိုး အကျိုးရှိမည်ဖြစ်၏။ မိမိဘဝလည်း တိုးတက်သာယာမည်ဖြစ်၏။ ဘာမျှမစဉ်းစားဘဲ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနှင့် မျက်စိမှိတ်ပြီး ရွေးလိုက်မိလျှင်
(သူတို့ ပါတီဝင်အချင်းချင်းမှာပင် မလိုလား၊ မကျေနပ်နိုင်ခဲ့သူများ)ကောင်းကျိုးရနိုင်ပါမည်လား။ တစ်သီးပုဂ္ဂလ အပါအဝင် မိမိ၏မဲရုံမှာ ရွေးချယ်ခွင့်ရှိသူကိုယ်စားလှယ်လောင်းအားလုံး၏ ကိုယ်ရေးအချက်အလက်၊ လမ်းစဉ်၊ မူဝါဒ၊ စွမ်းဆောင်နိုင်မှု၊ ကိုယ်ကျင့်တရား၊ ခေါင်းဆောင်ကောင်းအဖြစ် ယုံကြည် အားကိုးလောက်ပါ၏လား။ သေချာစွာစဉ်းစားဆုံး ဖြတ်သင့်ပါသည်။
လွတ်လပ်စွာ နှိုင်းယှဉ်သုံးသပ်နိုင်ပါသည်။ ဥပမာ-
(၁) အမျိုးသားလွှတ်တော်အတွက် ၁ မဲထည့်ရန်မဲပုံး
(၂) ပြည်သူ့လွှတ်တော်အတွက် ၁ မဲထည့်ရန်မဲပုံး
(၃) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ၁ မဲ
(၄) (ကရင်လူမျိုးဆိုလျှင်) တိုင်းဒေသကြီး/ပြည်နယ်ကရင်လူမျိုးကိုယ်စားလှယ်အတွက် ၁ မဲ
(၅) (ရခိုင်လူမျိုးဆိုလျှင်) အလားတူ ၁ မဲ
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံများတွင် မဲပုံးက သုံးပုံး၊ လေးပုံး၊ ငါးပုံး ဟူ၍ မတူညီဘဲရှိကြပါလိမ့်မည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးမြို့နယ်တစ်ခုတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ ၁ဝ ဦးပင်ရှိသည်ဟု ကြားရ၏။ (မဲလက်မှတ်က ရှည်ပေလိမ့်မည်)
မဲအများဆုံးရသူ တစ်ဦးသာလျှင် လွှတ်တော်အမတ်နေရာရလိမ့်မည်။ ကိုးဦးကသူ့ထက်တစ်မဲပဲလျော့လျော့အရှုံးသမားများသာ ဖြစ်ပါလိမ့်မည်။ ရှုံးသူများလှပါတကား။

ရွေးချယ်ခွင့်ပိုများလာ

၂၀၁၅ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကြိုတင်မြင်ယောင်ကြည့်ပါ။
စဉ် လွှတ်တော် အမတ်နေရာ ယှဉ်ပြိုင်သူဦးရေ
၁။ ပြည်သူ့လွှတ်တော် ၃၃ဝ ၁၇၇၂
၂။ အမျိုးသားလွှတ်တော် ၁၆၈ ၉၁၃
၃။ တိုင်းဒေသကြီး/ပြည်နယ် ၆၄၄ ၃၃၄၁
လွှတ်တော်
၎။ တိုင်းဒေသကြီး/ပြည်နယ် ၂၉ ၁၆၃
လွှတ်တော်အသီးသီးရှိ
တိုင်းရင်းသားကိုယ်စားလှယ်
စုစုပေါင်း ၁၁၇၁ ဦး ၆၁၈၉ ဦး
ယှဉ်ပြိုင်သူ ၆၁၈၉ ဦးရှိ၏။ နိုင်သူ၊ နေရာ ၁၁၇၁ ဦးရှိ၏။ ထို့ကြောင့် ရှုံးမည့်သူက ၅ဝ သာဖြစ်ပါလိမ့်မည်။ ထို့ကြောင့် တစ်ဦးနိုင်ပြီး ငါးဦးရှုံးမည့်ရွေးကောက်ပွဲတွင် မီဒီယာများသည် တရားမျှတရပါမည်။ ဘက်လိုက်ခဲ့လျှင် နောင်တတရားကို ရင်ဝယ်ပိုက်ကြရလိမ့်မည်။စာနယ်ဇင်းကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်ကို မိမိတို့ကိုယ်တိုင် ညှိနှိုင်း ရွေးချယ်ရေးဆွဲခဲ့ကြပြီး ပြီဖြစ်သည်။

တရားမျှတလွတ်လပ်ရမည်

နိုင်ငံတကာမှာလည်း သတင်းစာဆရာများကျင့်သုံးလိုက်နာကြရသောကျင့်ဝတ်ငါးပါးရှိထားပြီးဖြစ်၏။
၁။ ပြည်သူလူထုကိုအကျိုးပြုရပါမည်။
၂။ မှန်ကန်ရမည်။
၃။ တရားမျှတရမည်။(ဘက်မလိုက်ရ)
၎။ လွတ်လပ်ရမည်။(အမှီအခိုကင်းရမည်)
၅။ ဟီရိသြတ္တပ္ပတရားကိုစောင့်ထိန်းရမည်။
(ဥပမာ အမျိုးသမီးများ၊ ကလေးသူငယ်များကို ငဲ့ညှာစာနာရမည်။ ယဉ်ကျေးရမည်)
မြန်မာပြည်မှာမှ ထူးခြားပြီး သတ်မှတ်ခြင်းကား မဟုတ်ခဲ့ပေ။ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီရှားနိုင်ငံများ မှာပင် သတင်းစာဆရာများအပေါ် အစိုးရက ယခုတစ်လော ဖိနှိပ်ချုပ်ချယ်နေပါသည်ဟု အသံဗလံတွေဆူညံနေ၏။မိမိကိုယ်တိုင်က မှန်ကန်မှု၊ တရားမျှတမှု၊ ဘက်မလိုက်မှု၊ အမှီအခိုကင်းမှုတို့ရှိဖို့တော့ လိုကြပေလိမ့်မည်။ ဤရွေးကောက်ပွဲကို အားပေးကူညီကြသူတွေက မြန်မာ့သမိုင်းစဉ်တွင် အကြုံစဖူးအောင် အားကောင်းနေပါသည်။

အားကောင်းချက်

၁။ နိုင်ငံတကာ ဒီမိုကရေစီရွေးကောက်ပွဲစနစ်များဖောင်ဒေးရှင်း(ကွန်ပျူတာ၊ မင် စသည်ကူညီ၏) တရားမျှတအောင်အားပေးသည်။
၂။ ကုလသမဂ္ဂကလည်း မြန်မာပြည် ၂ဝ၁၅ ဒီမိုကရေစီရွေးကောက်ပွဲကိုအောင်မြင်စေချင်သည်။
၃။ အမေရိကန်၊ ဂျပန်၊ ယူကေ၊ နော်ဝေ၊ သြစတြေးလျစသည့် မိတ်ဆွေနိုင်ငံများကလည်း ရွေးကောက်ပွဲ ကို အောင်မြင်စေချင်ကြသည်။
၎။ အာဆီယံနိုင်ငံမိတ်ဆွေရင်းချာများကလည်း အောင်မြင်စေချင်ကြသည်။
၅။ တရုတ်၊ အိန္ဒိယစသောအင်အားကြီးမား အိမ်နီးနားချင်းနိုင်ငံများကလည်း အောင်မြင်စေချင်၏။
၆။ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာအဖွဲ့များစွာကိုလည်း (တရားမျှတကြောင်းစိန်ခေါ်ဘိသကဲ့သို့) တရားဝင်ခွင့်ပြုမည်ဖြစ်၏။ မှတ်ကျောက်တင်ခံမှာဖြစ်၏။ ပြည်သူအားလုံး ဤအချက်ကို မြင်ကြရမည်။
၇။ ကမ္ဘာကစောင့်ကြည့်နေကြမည့် ၂ဝ၁၅ မြန်မာနိုင်ငံပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်၏။ မြန်မာနိုင်ငံ၏ ပုံရိပ်ကိုအရှိပကတိအတိုင်း (အကောင်းသော်လည်းကောင်း၊ အဆိုးသော်လည်းကောင်း) အထင်အရှား ပြသကြရမည့် အခွင့်အလမ်းဖြစ်၏ ။

သမိုင်းပေးတာဝန်

ဤကဲ့သို့သော ကာလသမ္ပတ္တိ အချိန်အခါကောင်း၊ အခွင့်အရေးကောင်းကြီးမှာ မီဒီယာအားလုံးကလည်း ယုံကြည်အားထားထိုက်သော စတုတ္ထမဏ္ဍိုင်ဖြစ်ကြသည့်အားလျော်စွာ ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မစွက်ဘဲ တစ်ဦးချင်းက စိတ်အားထက်သန်စွာဖြင့် အောက်ပါရည်မှန်းချက်အတွက် ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု စာရေးသူက အပြည့်အဝယုံကြည်နေပါသည်-
(၁) တရားမျှတအောင် (ဘယ်သူ့ဘက်မှမလိုက်)
(၂) မှန်ကန်အောင်
(၃) လွတ်လပ်အောင်
(၄) အေးချမ်းတည်ငြိမ်အောင်
(၅) တရားဥပဒေကို ရိုသေလေးစားကြအောင် အမြင်ကျယ်စွာဖြင့် ပါဝင်ကူညီကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ဘယ်သူနိုင်နိုင်၊ ဘယ်သူရှုံးရှုံး၊ အရေးကိစ္စထက် မြန်မာနိုင်ငံ ၂ဝ၁၅ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲက ကမ္ဘာမှာစံပြ တရားမျှတစွာအောင်မြင်ခဲ့ပြီဟူသောအချက်က ပိုမိုပြီး အဓိကကျနေကြောင်း ထင်ရှားပါပြီ။ သို့မှသာ စီးပွားရေးကောင်းအောင် ပြောင်းလဲနိုင်ကြမည်။ ခေတ်သမိုင်းက ကျွန်တော်တို့ ပခုံးပေါ်သို့ တင်ပေးလိုက်သည့် သမိုင်းပေးတာဝန်ကို ကျွန်တော်တို့က မည်မျှတာဝန်ကျေပွန်စွာ ထမ်းဆောင်ကြပါသလဲဟု ဆိုသည့်အချက်က ကျွန်တော်တို့၏ တန်ဖိုးပင်ဖြစ်ပါသည်။ နိုင်ငံ့သားကောင်း သမီးကောင်း ပီသကြကြောင်း ပြသခွင့်ရခြင်းဖြစ်ပါသည်။ အမှန်တရားအတိုင်း စွမ်းဆောင်ပေးကြပါ။ ဤအရာက အလိုအပ်ဆုံးနိုင်ငံ့အနာဂတ်အတွက် အသက်တမျှ အရေးအကြီးဆုံး မဟုတ်ပါလား။
ချစ်နိုင်(စိတ်ပညာ)



ကျေးဇူးတင်ပါသည်

No comments:

Post a Comment