အစိုးရပိုင် သတင်းမီဒီယာများတွင် တစ်ရက်လျှင် ပါတီသုံးခု စည်းရုံးဟောပြောခွင့်ပြုမည်
Thursday, August 27, 2015
အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် အစိုးရပိုင် သတင်းမီဒီယာများတွင် တစ်ရက်လျှင် ပါတီသုံးခု စည်းရုံးဟောပြောခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။
မဲဆွယ်စည်းရုံးခွင့်ပြုသော စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် နိုင်ငံရေးပါတီ သုံးခု၏ စည်းရုံးဟောပြောမှုများကို အစိုးရပိုင် သတင်းမီဒီယာများ ဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များတွင် ထုတ်လွှင့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပါတီတစ်ခုကို ၁၅ မိနစ်စာ ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ နိုင်ငံရေးပါတီများက ဟောပြောစည်းရုံးမည့် အစီအစဉ်များကို ရွေးကောက်ပွဲကော်မရှင်ထံသို့ ခုနစ်ရက် ကြိုတင်တင်ပြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွှန့်က ဆိုသည်။
“ကော်မရှင်က စိစစ်ပြီးလို့ ခွင့်ပြုပြီးလို့ရှိရင် စည်းရုံးဟောပြောတာတွေကို ရိုက်ကူးဖို့ လုပ်ရပါမယ်၊ ကျွန်တော်တို့ကတော့ စည်းရုံးရေးသီးချင်းကို သုံးမိနစ်စာလောက်ထည့်မယ်၊ ကျန်တဲ့အပိုင်းကတော့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဟောပြောသွားမှာပါ” ဟု ၎င်းက ဆိုသည်။
အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ နှစ်လအချိန်ပေးမည် ဖြစ်သောကြောင့် စက်တင်ဘာလ ၈ ရက်နေ့တွင် မဲဆွယ်စည်းရုံးမှု စတင်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ (လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်) သည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက်အတွင်း မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခွင့်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ လျှောက်ထားရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
The Voice Weekly
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment