ဆောင်းပါး
လူ့အခွင့်အရေးစောင့် ရှောက်ကာကွယ်မှု
============================
ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများသည် ၁၂၁၅ ခုနှစ်ကတည်းက အင်္ဂလန် နိုင်ငံဘုရင်မင်းမြတ် ''ဂျွန်'' လက်ထက်တွင် ပေါ်ပေါက်ခဲ့ သည့် မဂ္ဂနာကာတာ (MegnaCarta) ပဋိညာဉ်စာတမ်း က စတင်ခဲ့သည်ဟုဆိုနိုင်ပါသည်။ ယင်းစာတမ်းသည် ''လူ့အခွင့်အရေးသဘောတရားအခြေခံမျှသာ''ဖြစ်သော် လည်း၊MegnaCarta စာတမ်းပေါ်ပေါက်ခြင်းသည် လူ့အခွင့်အရေးဖြစ်စဉ်များ၏ သမိုင်းမှတ်တိုင်သစ်ကို စတင် စိုက်ထူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့နောက် ၁၇၈၉ ခုနှစ်တွင် ''ပြင်သစ်လူ့အခွင့်အရေးကြေညာစာတမ်း'' (The French Declaration of the Rights of Men and of the Citizens)၊ ၁၇၉၁ ခုနှစ်တွင် ''အမေရိကန် လူ့အခွင့်အရေးဥပဒေ'' (US Bill of Rights) တို့ကို ကြေညာပြဋ္ဌာန်းခြင်းများကလည်း သက်ဆိုင်ရာနိုင်ငံများ ၏လူ့အခွင့်အရေးကို ဖော်ထုတ်နိုင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများပင်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း လူသားမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ဘေးဒဏ်သင့်ခဲ့သည့် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ပေါ်ပေါက်ခဲ့ရာ ၎င်းဖြစ်ရပ် များပေါ်တွင် အခြေခံ၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ရေးဆွဲခဲ့သည်။ ယင်းတွင် လူမျိုး ကျား/မ၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာခွဲခြားမှုမရှိဘဲ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို လေးစားလိုက်နာရန် တိကျစွာ ဖော်ပြထားခဲ့သည်။ ထို့ကြောင့် လူ့အခွင့်အရေး၏ အယူ အဆနှင့် လူ့အခွင့်အရေး ( Human Rights) ဟူသော စာသားကို ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခန်း(၁)၊ အပိုဒ်(၂) နှင့်(၃) တို့တွင် ဖော်ပြသုံးနှုန်းခဲ့သည်ကို တွေ့ရှိ ရသည်။
ထို့နောက် ''ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်'' က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) ကို ရေးဆွဲခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အတည်ပြုခဲ့သည်။ နှစ်စဉ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ကို ''လူ့အခွင့်အရေးနေ့''အဖြစ် သတ်မှတ်ကာ ကုလသမဂ္ဂအဖွဲ့ဝင်ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပခဲ့ကြသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူ့အခွင့်အရေးအုပ်စုကြီး (၅) ခု အဖြစ် တွေ့ရှိနိုင်သည်။ ယင်းတို့မှာ -
(၁) ပြည်သူ့ရေးရာအခွင့်အရေး(Civil Rights)
(၂) နိုင်ငံရေးအခွင့်အရေး (Political Rights)
(၃) စီးပွားရေးအခွင့်အရေး (Economic Rights)
(၄) လူမှုရေးအခွင့်အရေး (Social Rights)
(၅) ယဉ်ကျေးမှုအခွင့်အရေး (Cultural Rights) ဟူ၍ ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီခေတ် ပြောင်း တော်လှန်ရေးလမ်းကြောင်းပေါ်တွင် တစိုက် မတ်မတ် လျှောက်လှမ်းလျက်ရှိသည်။ ဒီမိုကရေစီ၏ အသက်ဝိညာဉ်ဖွံ့ဖြိုးစေရန် လူ့အခွင့်အရေးကိုလေးစား ရန်လိုအပ်သကဲ့သို့ လူ့အခွင့်အရေးစံနှုန်းများ မြင့်မားရန် အတွက်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို မှန်ကန်စွာ နားလည်သဘောပေါက်ရန် အရေးကြီးသည်။
ထို့ကြောင့်လည်း လူ့အခွင့်အရေးကိစ္စအရပ်ရပ်ကို ဆောင်ရွက်နိုင်ရန် ၂ဝ၁၁ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၃၄/၂ဝ၁၁) ဖြင့် အဖွဲ့ဝင် ၁၅ ဦးပါ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပေး ခဲ့သည်။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် အမျိုး သားလူ့အခွင့်အရေးကော်မရှင်က ဥပဒေ(မူကြမ်း) ကို ရေးဆွဲခဲ့ပြီး ၂ဝ၁၄ ခုနှစ် မတ်လ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို အတည်ပြုခဲ့ကာ မတ်လ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေတွင် အခန်းပေါင်း(၉) ခန်းနှင့် ပုဒ်မပေါင်း (၇ဝ) ပါရှိပြီး အခန်း(၅)တွင် ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့် များကို ကျယ်ပြန့်စွာဖော်ပြထားသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေနှင့်အညီအဖွဲ့ဝင် ၁၁ ဦးပါ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်ကို နိုင်ငံတော်သမ္မတရုံးမှ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က( အမိန့်အမှတ်၂၃/၂ဝ၁၄) ဖြင့် ဖွဲ့စည်းခဲ့ သည်။ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတိုင်းသည် လူ့အခွင့်အရေးမြှင့်တင်ရေး(Human Rights Promo-tion) လုပ်ငန်းနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် ရေး (Human Rights Protection) လုပ်ငန်းတို့ကို ဆောင် ရွက်ကြရသည်ဖြစ်ရာ လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်း အဖြစ် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးသင်တန်းများ ပို့ချပေးခြင်း၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်ပေးသကဲ့သို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် လူမှုအခွင့် အရေးဆိုင်ရာ တိုင်တန်းချက်များကိုလက်ခံပြီး စုံစမ်း စစ်ဆေးဆောင်ရွက်ခြင်းများကို အဓိကဆောင်ရွက်သည်။ ထို့အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သည် အကျဉ်းထောင်အချုပ်ခန်းတို့တွင် အကျဉ်းကျနေ သူများ၊ အချုပ်နှောင်ခံနေရသူများကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာဥပဒေ၊ ပြည်တွင်း ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားရှိမှုအခြေအနေများကို အကျဉ်းထောင်၊ အချုပ်ခန်းနှင့် အလုပ်စခန်းစသည်တို့ကို သွားရောက် လေ့လာစစ်ဆေးမှုပြုခဲ့ပါသည်။ ကော်မရှင်အဖွဲ့သစ်သည် ဥပဒေနှင့်အညီဆောင်ရွက်ခြင်း၊ အစီရင်ခံခြင်းများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ သို့ ပေးပို့ဆောင်ရွက်ခဲ့ကြသည်။
ကော်မရှင်အဖွဲ့ဝင်များသည် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ များတွင်တည်ရှိသည့် အကျဉ်းထောင်နှင့် အချုပ်ခန်းတို့ အား သွားရောက်စစ်ဆေးခဲ့ကြသည်။ ကြည့်ရှုစစ်ဆေးမှု ပြုလုပ်ရာတွင် စာရင်းဇယားများအား ဖတ်ရှုလေ့လာခြင်း၊ အိပ်ဆောင်များ၊ အချုပ်ခန်းများအတွင်း ကြည့်ရှုစစ်ဆေး ခြင်းနှင့် အကျဉ်းသား၊ အချုပ်သားအချို့ကို တစ်ဦးချင်းသီးခြားတွေ့ဆုံမေးမြန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ အထူးသဖြင့် အချုပ်ခန်းများသန့်ရှင်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်ကျွေးမွေးမှု၊ အိမ်သာသန့်ရှင်းရေးစသည်များကိုလည်း အသေးစိတ်လေ့လာ ကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ဘူးသီးတောင်အကျဉ်းထောင် ဓမ္မာရုံ၊ ဆေးကုသဆောင်၊ အမျိုးသမီးဆောင်ရှိ ''အ''သုံးလုံးသင်တန်းစသည်တို့ကိုသာမက စက်ရုံစုရခိုင် ဒုက္ခသည်စခန်းများ၊ ခေါင်းဒုက္ကာဘင်္ဂါလီဒုက္ခသည်စခန်း များသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးကြည့်ရှုပြီးနောက် အကျဉ်းထောင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပြည်နှင်ဒဏ်ကျော်လွန်နေသော နိုင်ငံခြားအကျဉ်းသားများ ကိုအမြန်ဆုံးလွှဲပြောင်းနိုင်ရေး၊ အချုပ်ကာလကြာမြင့်သည့် အချုပ်သားများအား အမြန်ဆုံးလွတ်မြောက်နိုင်ရေး၊ သေဒဏ်အပါအဝင် ပြစ်ဒဏ်ကြီးများကျခံနေရသူများ အတွက်အတွင်းအယူခံကိစ္စများကို သတ်မှတ်ကာလ အတွင်း ဆောလျင်စွာဆောင်ရွက်နိုင်ရေးစသည်များ အတွက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ တရားစွဲအဖွဲ့ အစည်းများ၊ တရားရုံးများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသင့်ကြောင်း အကြံပြုချက်များ ပေးခဲ့သည်။
အကျဉ်းသားများသည် စားသောက်ရေး၊ နေထိုင်ရေး နှင့် သင့်တင့်မျှတသောအာဟာရများခံစားရရှိပြီး စာအုပ် များ ဖတ်ရှုခွင့်၊ တီဗွီကြည့်ရှုခွင့်၊ စာရေးသားဆက်သွယ်ခွင့်၊ မိသားစုနှင့်တွေ့ဆုံခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်များရရှိ ကြကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ကော်မရှင် အဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်းရှိ ရေသန့်စက်ရုံ သန့်ရှင်းရေး၊ လစ်လပ်လျက်ရှိသောဆရာဝန်၊ သူနာပြုများ ဖြည့်စွက်ခန့်ထားရေး၊ ကူးစက်ရောဂါခံစားနေရသည့် လူနာနှင့် အခြားလူနာများခွဲခြားထားရှိရေး၊ အချုပ်ခန်း များ ပြုပြင်မွမ်းမံရေး၊ အကျဉ်းသားများ၏ ရုပ်ပိုင်း၊ စိတ် ပိုင်းဆိုင်ရာစောင့်ရှောက်မှုများ ပိုမိုတိုးမြှင့်ရေးစသည့် အကျဉ်းသားတို့၏ အခွင့်အရေး ထိခိုက်နစ်နာမှုမရှိစေရန် တို့ကိုလည်း အသေးစိတ်အကြံပြုခဲ့ကြပြီး ယင်းအကြံပြု ချက်များကိုလည်း သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးရုံးသို့ အစီရင်ခံစာပေးပို့ခဲ့သည်။
ထိုနည်းတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်းက မန္တလေးမြို့၊ နောင်ချိုမြို့၊ သီပေါမြို့၊ လားရှိုးမြို့များတွင်ရှိ သော အကျဉ်းထောင်၊ အလုပ်စခန်းများတို့ကိုလည်း သွား ရောက် စစ်ဆေးခဲ့ကြပါသည်။
ယင်းအကျဉ်းထောင်များကို စစ်ဆေးရာတွင်လည်း ယခင်အကျဉ်းထောင်များကို စစ်ဆေးသကဲ့သို့ပင် အကျဉ်း ထောင်လုပ်ငန်းများအားလုံးကို အကျဉ်းထောင်ဥပဒေ၊ အကျဉ်းထောင်လက်စွဲဥပဒေ၊ ကုလသမဂ္ဂမှ သတ်မှတ် ပြဋ္ဌာန်းထားသော Standard Minimum Rules for prisoners များနှင့်အညီ စစ်ဆေးကြည့်ရှုခဲ့ပါသည်။ မန္တလေးနှင့်လားရှိုးထောင်တွင် အိပ်ဆောင်ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေကျော်လွန်နေသည့်အတွက် အိပ်ဆောင် များတိုးချဲ့တည်ဆောက်ရန်၊ အာမခံပေးသည့် အကျဉ်းသား များအာမခံရရှိရန်၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့် နေထိုင် စေခြင်းများပြုလုပ်သင့်ကြောင်း၊ အကျဉ်းထောင်ဆေးရုံ များအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုများ ပိုမိုတောင်းခံသင့်ပါကြောင်း၊ ဝင်ငွေရလုပ်ငန်းများမှ ရရှိ လာသည့်အကျိုးအမြတ် ငွေကြေးများကိုလုပ်အားရှင်များ အား ထိုက်သင့်သည့်အကျိုးခံစားခွင့်များ ပေးအပ်ရေး နှင့် ထုံးဘို(၁) ကျောက်ထုတ်စခန်းကဲ့သို့ မိမိတို့၏ ဆန္ဒကို ဖော်ထုတ်ရန် စာတိုက်ပုံးများကို လွင်ကြီးစိုက်ပျိုးမွေးမြူရေးစခန်း၊ ဟိုခိုစိုက်ပျိုးမွေးမြူရေးစခန်းတို့တွင်လည်း ထားရှိသင့်ကြောင်း၊ အသက် (၆ဝ) ကျော် လုပ်အားရှင် များကို အကျဉ်းထောင်များသို့ ပြန်လည်ရွှေ့ပြောင်းပေး သင့်ကြောင်း စသည်တို့အပြင် အထူးသဖြင့် ကျန်းမာရေး နှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက် သင့်ပါကြောင်း အကြံပြုခဲ့သည်။
အကျဉ်းစခန်းများတွင် အကျဉ်းသားများသည် အကျဉ်း ထောင်စည်းကမ်းများလိုက်နာကြသဖြင့် ကြီးလေးသည့် အပြစ်ပေးခံရမှုများမရှိသည့်ပြင် လူငယ်အကျဉ်းသားများ အား ပညာသင်ကြားပေးခြင်း၊ အကျဉ်းသားများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ စာမတတ်သူများ အတွက် ''အ'' သုံးလုံးသင်တန်းများ ဖွင့်လှစ်သင်ကြားပေး ခြင်း၊ သင့်တင့်သောအာဟာရများကျွေးမွေးခြင်း၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရခြင်း၊ မိမိတို့တွင် အခက်အခဲ တစ်စုံတစ်ရာရှိပါက သတင်းပေးခြင်း၊ တိုင်ကြားခြင်းများ ကို ဆောင်ရွက်ခွင့်ရှိကြောင်း တွေ့ရှိရသည်။
၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်းမှာပင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသောဆန္ဒပြ ကျောင်းသူ၊ ကျောင်းသားများ၊ ဝန်းရံသူများနှင့်ပတ်သက်၍ တိုင်တန်းချက်များရှိခဲ့သည်။ သို့အတွက် သာယာဝတီ ဗဟိုအကျဉ်းထောင်တွင် အချုပ်နှောင်ခံနေရသူများကိုလူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်းရှိ၊ မရှိစိစစ်နိုင်ရန် ပဲခူးတိုင်းဒေသကြီးသာယာဝတီဗဟို အကျဉ်းထောင်သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူ ၂၅ ဦး၊ အကျဉ်းထောင် ဝန်ထမ်း ၅ ဦးတို့အား တစ်ဦးချင်းတွေ့ဆုံလျက် ဖြစ်စဉ် များမေးမြန်းခြင်း၊ ¤င်းတို့ကို ထိန်းသိမ်းထားရှိသော အိပ်ဆောင်နှင့်တိုက်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေ သော လူနာတစ်ဦးအား တွေ့ဆုံမေးမြန်းကာ ဆေး မှတ်တမ်းများ၊ စာရင်းဇယားအချက်အလက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
၂ဝ၁၅ ခုနှစ် မတ်လအတွင်းဖြစ်စဉ်၌ သာယာဝတီ အကျဉ်းထောင်တွင် လက်ခံထိန်းသိမ်းခဲ့သည့် ဦးရေ၊ လွှဲပြောင်းလွှတ်ပေးခဲ့သည့်ဦးရေ၊ ဆက်လက်ထားရှိသူများ အခြေအနေတို့ကိုမေးမြန်းပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများ နှင့် ကျန်းမာရေးစစ်ဆေးကုသမှုအခြေအနေ၊ လက်ကိုင် ဖုန်း၊ လက်ပ်တော့ကွန်ပျူတာနှင့် ရွှေငွေပစ္စည်းများ သိမ်း ဆည်းမှု၊ ရေနှင့်အစားအစာ၊ ထောင်ဝင်စာနှင့် တိုက်ပိတ် ပြစ်ဒဏ်ချမှု၊ ရှေ့နေတွေ့ဆုံခွင့်နှင့် တရားရုံးစစ်ဆေးမှု တို့ကိုလည်း အသေးစိတ်မေးမြန်းခဲ့ကြသည်။ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်းရံသူအများစုမှာ ထူးခြားသည့် တိုင်တန်းချက်များမရှိခဲ့ကြသော်လည်း အကျဉ်းထောင်အတွင်း ထိခိုက်ဒဏ်ရာရရှိလာနိုင်သူ များအား အရေးပေါ်ပြုစုကုသပေးမည့် အစီအမံများ ထားရှိရေး၊ ထောင်ဝင်စာတွေ့ဆုံခွင့်နှင့် တိုက်ပိတ် ပြစ်ဒဏ်ချမှတ်ခံထားရသူအမျိုးသား ခုနစ်ဦးအား ထပ်မံ တရားစွဲဆိုမှုကို သက်ညှာစွာ စဉ်းစားရေး၊ ကျန်းမာရေး ဆိုင်ရာအထောက်အကူပစ္စည်းများပြည့်စုံစွာ ဖြည့်တင်း ရေးတို့ကို ပြုလုပ်သင့်ပါကြောင်း အကြံပြုခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သည် လူ့အခွင့်အရေးဆိုင်ရာများကို လူတစ်ဦးချင်း၏ ဂုဏ်သိက္ခာ (Personal Dignity) ကိုလေးစားရမည့် လူ့ကျင့်ဝတ် (Human Ethics)အဖြစ် အများကလက်ခံ နားလည်ကြစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့ သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ပုဒ်မ ၃၄၇ပါ ''နိုင်ငံတော်သည် မည်သူ့ကိုမဆိုဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်'' ဟူသည့် ပြဋ္ဌာန်း ချက်ကိုလည်း လိုက်နာစောင့်ရှောက်လျက် လူ့အခွင့် အရေးကို အမျိုးသားရေးအဖြစ် ကာကွယ်စောင့်ရှောက် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြ ရေးသားလိုက်ပါသည်။
မြမြ( ပြန်ကြားရေး)
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment