Wednesday, October 21, 2015

အသံဟောင်းတွေ ကြားနေရတယ်

အသံဟောင်းတွေ ကြားနေရတယ်
------ ------ ------ ------
ရွေးကောက်ပွဲကြီးကလည်း နီးသထက်နီးလာပြီ၊ ပါတီကြီးတွေရဲ့ မဲဆွယ်မှုကလည်း တဖက်နဲ့တဖက် အနိုင်မခံ၊ အရှုံးမပေး၊ ခေတ်စကားနဲ့ပြောရရင် ပြိုင်ဆိုင်မှုတွေပြင်းထန်တယ်ပေါ့။ သြော် ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ အပြိုင်အဆိုင် အနိုင်ကြဲနေကြတာ ပျော်စရာလား၊ မောစရာလားဆိုတာ မောင်မှန်လည်း သေချာမပြောတတ်ပါ ဘူး၊ (၂၀၁၆ ထဲမှာ သေချာပေါက် အဖြေပေါ်မှာပါ)

ပါတီကြီးတရပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကြွေးကြော်သံက 'ပြောင်းလဲချိန်တန်ပြီ'တဲ့၊ (တကယ်တော့ ခုမှ မဟုတ်ပါဘူး၊ ပြောင်းလဲချိန်တန်တာ ကြာပါပြီ၊ ဟုတ်ဖူးလား) အမှန်တကယ်ကိုပဲ ပြောင်းလဲသင့်တာ ကြာပါပြီ၊ ပြည်သူတွေလည်း မျှော်လင့်လှပါပြီ၊ အာဏာရပါတီကြီးကတော့ အပြောင်းအလဲဆိုတာ ငါတို့က ဖြစ်သွား တာပါကွာလို့ ကြုံရာနေရာမှာ ကြုံသလို ဟောပြောဝါဒဖြန့်ပါတယ်၊ သူတို့ပါတီရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ ကို 'အပြောင်းအလဲများအစ၊ အဘတို့က'လို့တောင် လုပ်လိုက်ဖို့ကောင်းတာ၊ ပြည်မြို့ဘက်မှာ မဲဆွယ်နေတဲ့ ဗဟိုကော်မတီဝန်ကြီးဟောင်းတယောက်က ''ပြောင်းလဲလိုက်တာမှ ခုမှသိပ်ပြီးတော့ အရှိန်လွန်သွားပြီး ရမ်းကားတဲ့အဆင့်တောင် ရောက်သွားပြီ''လို့ ပြောခဲ့ပါတယ်။ သူကပဲဆက်ပြီး ''အထူးသဖြင့် ကျွန်တော်တို့ အပါ အ၀င် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရဟာ ယခင်တုန်းက အာဏာရှင်ပဲပြောပြော၊ စစ်အာဏာရှင်ပဲ ပြောပြော၊ အကြောင်းကြောင်းကြောင့် တိုင်းပြည်ကို ခေါင်းဆောင်တဦးတည်းက တာဝန်ယူပြီး လုပ်ခဲ့တဲ့စနစ်က နေပြီး ဒီမိုကရေစီကိုပြောင်းလဲရတဲ့ အစိုးရဖြစ်ပါတယ်။ လုပ်ရကိုင်ရတာ အင်မတန် ကျပ်ပါတယ်။ ကမ္ဘာမှာ ဘယ်သူနဲ့မှမတူအောင် ဒီမိုကရေစီကို ပြုပြင်ပြောင်းလဲပေးခဲ့တာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရပါ''လို့ ပြောပါ တယ်။

သူပြောသွားတဲ့ ရမ်းကားသူများအထဲမှာ မောင်မှန်တော့ မပါကြောင်း အရင်ရှင်းပြထားချင်ပါတယ် ခင်ဗျာ၊ တော်ကြာ လာမယ့်ငါးနှစ်မှာ မောင်မှန်ကို အညှိုးထားနေရင် ခက်ရချည့်၊ ပြောင်းလဲမှုအစ ငါတို့ကဆိုလည်း ဟုတ်ကဲ့ အိုကေပါပဲ ခင်ဗျ၊ ခုတလောမယ် အတိတ်က အသံဟောင်း တချို့ကိုလည်း ပြန်ပြန်ကြားလာရလာ လေတော့ မောင်မှန်တယောက် သတိကြီးကြီးထားနေမှ ဖြစ်မှာပါ၊ ကိုယ်နဲ့တိုက်ရိုက်မဆိုင်ပေမယ့် သွယ်ဝိုက် ဆိုင်မယ်လို့တော့ ထင်တာပဲ၊ လှံဖျား ပုစဉ်းနားတာနဲ့ ကျီးကန်းကချေးပါနေတယ်လို့ ပြောချင်လဲပြော၊ မောင်မှန်က ကြောက်တတ်ပါတယ်။

မောင်မှန် ကြားသိထားတာတွေကို ကြားသိတဲ့အတိုင်း ပြန်တင်ပြပါ့မယ်။ မြောက်ဥက္ကလာမှာလုပ်တဲ့ မျိုးစောင့် ဥပဒေအောင်ပွဲတခုမှာ အာဏာရပါတီရဲ့ ပြိုင်ဘက်ပါတီက အမျိုးသမီးခေါင်းဆောင်ကို ထိုးနှက်တဲ့ ကြေညာ ချက်အတု ဖတ်ကြားတယ်လို့ သတင်းတပုဒ်မှာ ဖတ်ရပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်(ဒ)နေ့မှာ ပြိုင်ဘက်ပါတီက ထုတ်ပြန်တယ်ဆိုပြီး online ပေါ်တက်ခဲ့တဲ့ ကြေညာချက်အတုကို ဖတ်ကြားခဲ့တာပါ။ (တကယ်က online ပေါ်ရောက်ပြီးကတည်းက ပြိုင်ဘက်ပါတီက သူတို့နဲ့မဆိုင်တဲ့အတုသာဖြစ်ကြောင်း ရှင်းလင်းပြီးသားပါ) ဒီအရင်ကလည်း မြောင်းမြဘက်မှာ စာရွက်ဖြန့်ဝေတိုက်ခိုက်တာတွေ လုပ်ခဲ့ပါသေးတယ်။ (အဲဒါတွေကလည်း အတုလား၊ အစစ်လား ခုထိ မကွဲပြားသေးပါ) တခါ မြစ်ကြီးနား မနောကွင်းကိစ္စလည်း ရှိပါ သေးတယ်၊ လူငယ်တွေပြောပြောနေတဲ့ 'နှစ်မျိုးပဲ ရှိတယ်၊ ခုတမျိုး တော်ကြာတမျိုး'ဆိုတာကို မောင်မှန်က ထပ်မံဖြည့်စွက်ချင်ပါတယ်။ 'နှစ်မျိုးပဲ ရှိတယ်၊ မလိုတမျိုး လိုတမျိုးး'လို့ ၂၀၁၂ ခုနှစ်မယ် လိုနေတော့ မနောကွင်းလည်း ဖွင့်ထားတာပေါ့၊ ၂၀၁၅ ကျမှ လိုလည်းမလိုရော မနောကွင်းမရ ဘောကွင်းကြွရတော့ တာပေါ့။ ဒါက နမူနာလောက်ပဲ ရှိပါသေးတယ်။ ဒါထက်ပိုတဲ့ ကိစ္စတွေကို ဆက်လက်တင်ပြပါဦးမယ်။

ဟင်္သာတက မဲဆွယ်ပွဲတခုမှာ အာဏာရပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ပြောင်းလဲမှုအစ ငါတို့က ဇာတ်လမ်းကို ပြန်ဆက် တယ်၊ ''နိုင်ငံရေးစနစ် ပြောင်းလဲမှုကို ဘယ်သူတွေ အသိအမှတ်ပြုလဲဆိုတော့ ဟိုအရင်တုန်းက စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေတဲ့ ပြောင်းမှာမဟုတ်ပါဘူးဆိုတဲ့ နိုင်ငံကြီးတွေ  အသိအမှတ်ပြုလာတယ်၊ အဆက်အသွယ် လုပ်လာတယ်၊ အဲဒီအတွက် ဟိုအရင်တုန်းက ကျွန်တော်တို့ကို ကုလသမဂ္ဂနယ်ပယ်မှာ အပြစ်တွေတင်နေ တယ်။ အရေးယူဖို့လုပ်နေတယ်ဆိုတဲ့ နိုင်ငံကြီးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာလည်ကြတယ်။ မစ္စတာ အိုဘားမား သူလာတယ်၊ နှစ်ကြိမ်တောင်လာတယ်''လို့ ပူးတွဲဥက္ကဋ္ဌက ဆိုပါတယ်။ မောင်မှန်ပြောတဲ့ မလိုတမျိုး၊ လိုတမျိုးဆိုတာ ဒါပါပဲ ခင်ဗျာ၊ ၂၀၁၂ မှာ အမျိုးသမီးခေါင်းဆောင် ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲက လွှတ်တော်ထဲ ရောက်ဖို့ လိုကိုလိုနေပါတယ်။ ဒါကြောင့် မနောကွင်းမက ချသာချဆိုပြီး ဟထားပေးခဲ့တယ်။(၂၀၁၂ က ကြားဖြတ်မို့လား၊ လွှတ်တော်ထဲ ၄၀ လောက်ရောက်လာတာ အပြစ်ထက် အကျိုးများမယ်ဆိုတာ အဘတို့က သိပြီးသား) လွှတ်တော်ထဲ ရောက်ပြီးတဲ့နောက်ပိုင်းမှသာ ပူးတွဲဥက္ကဋ္ဌပြောတဲ့ အသိအမှတ်ပြုမှုတွေ၊ အဆက် အသွယ်လုပ်မှုတွေ ဆတက်ထမ်းပိုး တိုးတက်များပြားလာတာပါ) ဒါကို ပိုမိုသေချာစေတဲ့ စကားတခွန်းကိုလည်း ကော့မှူး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာသူဌေးကြီးက ခုလိုပြောခဲ့ပါတယ်။ ''သူ့ကို ငါကိုယ်တိုင် မဲထည့်မယ်၊ ငါသတ္တိရှိတယ်၊ သူက နိုင်ငံတော်အတွက် ဒီမိုကရေစီအတွက် အနစ်နာခံတာများတယ်၊ အရှင်းဆုံး ပြောရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် သူ့ကိုပြပြီးလုပ်ဖို့လိုတယ်၊ ဒါကြောင့် လက်ခံရမယ်၊ သူ့ရဲ့ ဘ၀ ဒီလိုနေရင်း ကုန်ဆုံးသွားရင် နှမြောဖို့ကောင်းတယ်''တဲ့။ မြန်မာနိုင်ငံစီးပွားရေးတိုးတက်ဖို့ သူ့ကိုပြပြီးလုပ်ဖို့ လိုသတဲ့၊ သူက အရှင်းဆုံးပြောလိုက်တော့ မောင်မှန်တို့လည်း ရှင်းရှင်းပဲသိလိုက်ရပါတယ်။ သတ္တိရှိရှိပဲ ကိုယ်တိုင်တောင် မဲထည့်ဦးမှာတဲ့။ ကိုယ့်မိခင်ပါတီက သူကိုတောင် မဲမပေးဘဲ ပြိုင်ဘက်ပါတီက သူ့ကိုမဲပေး မယ်လို့ လူပုံလယ်မှာ ဖွင့်ချပြောဆိုတာ နည်းနည်းနောနော သတ္တိတော့ မဟုတ်ပါ။ ဒီလောက်ဆို မောင်မှန်တို့ သဘောပေါက်သင့်ပါတယ်၊ စားတော့စား မကုန်စေနဲ့ဆိုသလို လွှတ်တော်ထဲရောက်တော့ရောက် အကုန်တော့ မဟုတ်စေနဲ့ နည်းဗျူဟာပါ။

ပူးတွဲဥက္ကဋ္ဌစကားကို တဆက်တည်း အကုန်မဖော်ပြဘဲ (ရောကုန်မှာစိုးလို့) မောင်မှန်ချန်ထားတာလေး နည်းနည်းရှိတယ်၊ အခုဖော်ပြပါမယ်။ ''မစ္စတာ အိုဘားမား၊ သူလာတယ်၊ နှစ်ကြိမ်တောင်လာတယ်၊ နှစ်ကြိမ် တောင်လာတော့ ဘာဖြစ်လဲ၊ နှစ်ကြိမ် အနမ်းခံရတာပေါ့''တဲ့။ ဒါကတော့ နိုင်ငံရေးနဲ့ မဆိုင်တော့ဘူး။ အနမ်း ရေးရာ ဖြစ်သွားပြီ။ အတည်ပေါက်ကြီးပြောလာရာကနေ ရုတ်တရက်ကြီး အနမ်းဘက်ချိုးချလိုက်တယ်၊ အံ့ရော ပဲ၊ မောင်မှန်ဖြင့် နားတွေရှက်လိုက်တာ၊ (တကယ်က ဖတ်ရတာဆိုတော့ မျက်စိရှက်တာ) နှစ်ကြိမ် အနမ်းခံ ရတာပေါ့တဲ့၊ သွား လူဆိုး ဒါမျိုးပဲတတ်တယ်၊ ဒီတခါ အိုဘားမားလာရင် သူ့ကိုနမ်းပါစေတော်၊ အဲလေ,ဗျာ။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က ရွေးကောက်ပွဲဝင်မယ့် တနပ်စားဝန်မင်းက ''ဘယ်လောက်ပဲ အမျိုးကို ချစ်တယ်၊ ချစ်တယ်ပဲပြောပြော၊ ဘယ်လောက်ပဲ တိုင်းပြည်ကို ချစ်တယ်၊ ချစ်တယ်ပဲပြောပြော၊ သူယူထား တာက ချစ်တီးကုလားကြီးဆိုရင် ဖြစ်နိုင်သေးလား ခင်ဗျားဗျာ၊ တိုင်းပြည်ကို ချစ်တယ်၊ အမျိုးကိုချစ်တယ်ဆိုတာ သူညာနေတာပဲဗျ၊ ဒါလိမ်ညာနေတာ ကျွန်တော်တို့က နားလည်တယ်၊ ကျွန်တော့်ဇနီး၊ သားသမီးတွေကို ခေါ် လာတယ်၊ ကျွန်တော့်ရဲ့ သားကို လူပုံအလယ်မှာ ရဲရဲတင်းတင်းနဲ့ ခေါ်လာရဲတယ်၊ ကျွန်တော် သူများကို ပုတ်ခတ်ချင်တာ မဟုတ်ဘူး၊ ပြည်သူတွေကို နားယောင်အောင်လုပ်တာကို ပွင့်ပွင့်လင်းလင်း ပြောမှရမှာ''လို့ မဲဆွယ်ပွဲမှာ ပြောပါတယ်။ ဒါလည်း နိုင်ငံရေး မဟုတ်ပြန်ပါဘူး၊ အတိတ်က အသံဟောင်းများစွာထဲက အသံ တသံပါပဲ။ လူတယောက်ဟာ လူမျိုးခြားကိုယူမိတာနဲ့ ကိုယ့်အမျိုးကို ချစ်ခွင့်လုံးဝဆုံးရှုံးသွားတဲ့ သဘောပြော သွားတာပါ။ မလိုတမျိုးဆိုတာ ဒါမျိုးကို ပြောတာပါခင်ဗျာ။

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တီဗီအငြိမ့်တခု ခဏခဏ လာပါတယ်။ အငြိမ့်မင်းသမီးရဲ့သီချင်းက ခေါင်းရင်း ထရံမှာထိုးထားတဲ့ ကုလားဖြူသွေးသောက်ခဲ့တဲ့ အဘိုးရဲ့ဓား ဘာညာပေါ့လေ၊ နောက်ဆုံးပိုဒ်က ကုလားဖြူ မယား ခုထွက်သွားတဲ့၊ အဲဒီအငြိမ့်များ ခုနေပြန်လာဦးမလား မသိပါဘူး။ 
                                
မောင်မှန်

No comments:

Post a Comment