Saturday, October 17, 2015

ဖီဖာက ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် ကူဝိတ်အသင်းကို ထုတ်ပယ်၊ မြန်မာအသင်း ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်း

ဖီဖာက ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် ကူဝိတ်အသင်းကို ထုတ်ပယ်၊ မြန်မာအသင်း ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်း
------------------------------

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရုရှားနိုင်ငံ၌ ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲနှင့် ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု) နိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် အာရှဖလား ခြေစစ်ပွဲများကို ယှဉ်ပြိုင်လျက်ရှိသည့် ကူဝိတ်အသင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပယ်လိုက်သောကြောင့် မြန်မာအသင်း အနေနှင့် ခြေစစ်ပွဲများ အောင်မြင်ရန် အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်သည်။

ကူဝိတ်အစိုးရက နိုင်ငံတွင်း အားကစား ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့သောကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဘောလုံးအားကစားနည်းအပေါ် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို အရေးယူသည့် အနေနှင့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဖီဖာက အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ ထုတ်ပြန်လိုက်သောကြောင့် မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်နေသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (G) တွင် ကူဝိတ်အသင်း၏ ရလဒ်များကို ထည့်သွင်းတွက်ချက်တော့မည် မဟုတ်ကြောင်း၊ ကူဝိတ်အသင်း အနေနှင့် လက်ကျန်ပွဲစဉ် သုံးပွဲကိုလည်း ဆက်လက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (G) တွင် တောင်ကိုရီးယား အသင်းသည် ရမှတ်ကိုးမှတ်ဖြင့် အုပ်စု ပထမနေရာ ရရှိထားပြီး ဒုတိယ ရရှိထားသည့် ကူဝိတ်အသင်း နေရာတွင် တတိယနေရာမှ လက်ဘနွန်အသင်းဖြင့် အစားထိုးခဲ့ပြီး စတုတ္ထနေရာမှ မြန်မာအသင်းသည် တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုင်းနိုင်ငံ၌ နိုဝင်ဘာ ၁၇ ရက်နေ့တွင် အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ရမည့် ကူဝိတ်အသင်းနှင့် ပွဲစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော်လည်း ယင်းပွဲစဉ်သည် တစ်လခန့် လိုသေးသောကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ် အနေနှင့် အခြေအနေ စောင့်ကြည့်လေ့လာလျက်ရှိကြောင်း ယင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားထားသည်။

လက်ရှိ ယှဉ်ပြိုင်နေသည့် ခြေစစ်ပွဲများသည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူအေအီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၉ အာရှဖလားပြိုင်ပွဲတို့ အတွက် ကျင်းပခြင်းဖြစ်ရာ အုပ်စုပထမရသည့် အသင်းများသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တတိယအဆင့် ခြေစစ်ပွဲနှင့် အာရှဖလားပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပြီး ဒုတိယရသည့် အသင်းများသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တတိယအဆင့် ခြေစစ်ပွဲနှင့် အာရှဖလားကို တိုက်ရိုက် (သို့မဟုတ်) တတိယအဆင့် ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

တတိယရရှိသည့် အသင်းများမှာမူ အာရှဖလား ခြေစစ်ပွဲ တတိယအဆင့်ကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပြီး စတုတ္ထနှင့် ပဉ္စမရရှိသည့် အသင်းများသည် အာရှဖလားခြေစစ်ပွဲကို Play-Off အဆင့်မှ စတင်ကစားရမည်ဟု အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ခြေစစ်ပွဲနှစ်ပွဲ ကစားရန် ကျန်ရှိနေသေးသည့် မြန်မာအသင်းသည် လာအိုအသင်းကိုသာ အိမ်ကွင်းတွင် သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရထားပြီး အဝေးကွင်းတွင် လာအိုကို နှစ်ဂိုးစီ သရေကျခဲ့ကာ တောင်ကိုရီးယားနှင့် လက်ဘနွန်ကို နှစ်ဂိုးပြတ်၊ ကူဝိတ်ကို ကိုးဂိုးပြတ်တို့ဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာအသင်းသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် တောင်ကိုရီးယားအသင်း၊ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် လက်ဘနွန်အသင်းနှင့် ဒုတိယအကျော့ ပွဲစဉ်များအဖြစ် အဝေးကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment