ရွေးကောက်ပွဲ သတင်းယူခွင့် ခရိုင်အလိုက် ခွင့်ပြုမည်
----------------------------
ရန်ကုန်၊ စက်တင်ဘာ ၅
အထွေထွေရွေးကောက်ပွဲနေ့တွင် မဲရုံပရဝဏ်အတွင်း သတင်းရယူရန် မူလက တစ်မြို့နယ်လျှင် သတင်းမီဒီယာတစ်ခုမှ သတင်းသမားသုံးဦးစီ ခွင့်ပြုထားသော်လည်း ယခုအခါ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင်အလိုက် မဲရုံပရဝဏ်အတွင်း သတင်းယူခွင့်ပြုကြောင်း စက်တင်ဘာလ ၄ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားစာ ပေးပို့သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
သြဂုတ်လ ၃ ရက်က စာနယ်ဇင်းကောင်စီသို့ ပေးပို့သည့် အကြောင်းကြားစာတွင် တစ်မြို့နယ်လျှင် သတင်းသမားသုံးဦးနှုန်းဖြင့် လျှောက်ထားသည့် မြို့နယ်၏ မဲရုံပရဝဏ်အတွင်းသာ သတင်းယူခွင့် ပြုသောကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းကာ ခရိုင်အလိုက် သတင်းရယူခွင့်ပြုရန် စာနယ်ဇင်းကောင်စီက တရားဝင် စာပို့တောင်းဆိုသောကြောင့် စက်တင်ဘာလ ၄ ရက်တွင် ယင်းသို့ ပြန်လည်ပြင်ဆင်ပေးပို့ခြင်း ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီထံမှ သိရှိရသည်။
“သုံးဦးထက် မပိုတာက အထဲကို ဝင်ခွင့် သုံးဦးထက် ပိုမပေးနိုင်တာ။ အထဲမှာ မကန့်သတ်ရင် လူတွေ အရမ်းများသွားမှာ။ အဲဒီ မဲရုံပရဝဏ် ပြင်ပမှာ Voice က လူ ၁၀၀ ထားထား၊ ၅၀ ထားထား ကြိုက်သလောက်ထားလို့ ရတယ်။ မဲရုံပရဝဏ်အတွင်းက မီဒီယာတစ်ခု သုံးယောက်ထက် ခွင့်မပြုဘူး။ အဲဒါဘာကို ညွှန်းဆိုသလဲ ဆိုတော့ Broadcast Media ဆိုရင် ကင်မရာသမား တစ်ယောက် ပါမယ်။ Reporter တစ်ယောက်ပါမယ်။ နောက်ပြီးတော့ အသံကို ကိုင်မယ့် လူတစ်ယောက် ပါလာလိုပါလာငြား ဆိုပြီးတော့ သုံးဦးဆိုပြီး ခွင့်ပြုထားတာ။ မင်းတို့ Press ကဆိုရင် တစ်ယောက်တည်းကို ကင်မရာလွယ်ပြီး အထဲကို ဝင်သွားလို့လည်း ရတာပေါ့” ဟု ဦးဇော်သက်ထွေးက ပြောကြားသည်။
ထို့ပြင် ယခင်က ပြန်ကြားရေး ဝန်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာပါမည်ဆိုသည့် ဝန်ခံချက်ကိုလည်း ပယ်ဖျက်၍ နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း အစားထိုးပြင်ဆင်ချက်ကို ဝန်ခံကတိထိုးရမည် ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းသတင်းမီဒီယာ တစ်ခုမှ မကွေးမြို့နယ် နယ်သတင်းထောက် ဦးလွင်အေးက “ဒီနယ်ဘက်က သတင်းသမားတွေက ဘယ်အတိုင်းအတာထိ သတင်းယူခွင့်ရတယ် ဆိုတာ တိတိကျကျတော့ မသိရသေးဘူး ဖြစ်နေတာ။ မနေ့တုန်းက တိုင်းဒေသကြီးကော်မရှင်နဲ့ ခရိုင်ကော်မရှင်အဖွဲ့တွေ သွားမေးတော့လည်း အဲဒါကို တိတိကျကျ မသိကြသေးဘူး။ ခုလို ခရိုင်အလိုက် ခွင့်ပြုတာကောင်းတယ်။ လေ့လာစောင့်ကြည့်ခွင့်ရတာ၊ သတင်းယူခွင့်ရတာ နယ်ပိုကျယ်သွားတာပေါ့။ ဥပမာ- ရွာတစ်ရွာမှာ ပြဿနာတက်တယ် ဆိုရင် တစ်မြို့နယ်တည်းထက် ခရိုင်အလိုက်ဆိုတော့ ပိုကျယ်ဝန်းပြီး ချက်ချင်းသွားနိုင်တာပေါ့” ဟု မှတ်ချက်ပြု ပြောကြားသည်။
ထိုသို့ ပြန်လည်ပြင်ဆင်လိုက်သောကြောင့် မဲရုံပရဝဏ်အတွင်း သတင်းရယူမည့် သတင်းသမားသုံးဦးသည် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ မဲရုံပရဝဏ်အတွင်း သတင်းယူခွင့် သက်သေခံကတ်ပြား ထုတ်ယူရန် နိုဝင်ဘာလ ၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ထိုအကြောင်းကြားစာအရ သိရှိရသည်။
မဲရုံပရဝဏ်အတွင်း သတင်းယူခွင့် လျှောက်ထားရာတွင် ပြည်တွင်းသတင်းမီဒီယာသမားများ အနေနှင့် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေး စေလွှတ်ထားသူ ဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ဖြစ်စေ၊ ပုဂ္ဂလိက သတင်းသမားများ အနေဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်း၏ ထောက်ခံချက်စာကို တင်ပြ၍ဖြစ်စေ လျှောက်ထားရမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီသို့ ပြင်ဆင်ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
ပြည်တွင်းရှိ သတင်းမီဒီယာ အဖွဲ့အစည်းများ ဆိုရာတွင်လည်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းမီဒီယာ အဖွဲ့အစည်းများ ပါဝင်ပြီး နိုင်ငံခြားမှ သီးသန့်လာရောက်၍ သတင်းရယူမည့် သတင်းထောက်များကိုမူ ပြန်ကြားရေး ဝန်ကြီးဌာန ထောက်ခံချက်ဖြင့် သတင်းရယူခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာလ ၂ ရက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက်ဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။
၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ အနေဖြင့် မဲရုံပရဝဏ်အတွင်း သတင်းရယူခွင့် မရှိခဲ့ကြောင်း၊ ယခုအခါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများနည်းတူ မဲရုံပရဝဏ်အတွင်း သတင်းယူခွင့်ပြုခြင်းသည့် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေအရ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဦးတင်အေးက ပြောကြားခဲ့သည်။
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment