Saturday, September 5, 2015

ချိုသာသောစကား၏ ကျေးဇူး ==================

ချိုသာသောစကား၏ ကျေးဇူး
==================

ပခုံးနှစ်ဖက်ကြားခေါင်းပေါက်သည့် လူလူချင်းတူသော်လည်း စကား ပြောတတ်ပုံချင်း ကွာသေး၏။ အချို့က ရှင်းရှင်းဘွင်းဘွင်း အရှိကိုအရှိတိုင်း ပြောတတ်ကြ၏။ အချို့သည်ကား လိမ္မာပါးနပ်စွာ စကားတန်ဆာဆင် ၍ပြောတတ်ကြ၏။ အချို့သည်ကား ချိုချိုသာသာ အဆင်ပြေအောင် ပြောဆို တတ်ကြ၏။ စကားကိုအဆင်ပြေညီညွတ်အောင် ပြောဆိုတတ်ခြင်းသည် ဆောင်ရွက်လုပ်ကိုင်သော လုပ်ငန်းအဖြာဖြာတို့သည် အောင်မြင်ရာ အောင်မြင်ကြောင်း အကြောင်းတရားပင်ပေတည်း။

စကားကိုအဆင်ပြေစွာပြောတတ်ခြင်းနှင့် ချိုသာစွာ ပြောတတ်ခြင်း တို့မှာ အဓိပ္ပာယ်မတူပေ။ အဆင်ပြေစွာပြောတတ်ခြင်းဆိုရာတွင် လုပ်ငန်း တစ်ခုအပေါ် ကောင်းကျိုးညီညွတ်စွာ လည်လည်ပတ်ပတ် အဆက်အစပ် မိမိရှင်းလင်းစွာပြောဆိုခြင်းပင် ဖြစ်၏။ ချိုသာစွာပြောဆိုခြင်းမှာ အများ သူငှာ နားဝင်ချိုအောင် စကားလုံးအသုံးအနှုန်းကအစသတိပြု၍ ပြောဆို ခြင်းပင်ဖြစ်၏။ ပြောဆိုလိုသော စကားအကြောင်းအရာသည် အတူတူပင် ဖြစ်လင့်ကစား ချိုချိုသာသာပြောဆိုခြင်းနှင့် ဒေါသနှင့် ပြောဆိုခြင်း တို့မှာ ကွာ၏။ ချိုချိုသာသာပြောဆိုခြင်းကို လူတိုင်းနှစ်သက်ကြ၏။

လူတို့အနေဖြင့် စကားအရာ ပျားသကာကဲ့သို့ ချိုသာစွာပြောဆို သင့်ကြောင်းကို ငါးရာ့ငါးဆယ်ဇာတ်တော်တစ်ခုဖြစ်သည့် သုဇာတဇာတ် ၌ ဤသို့ဆိုလေ၏။

ရှေးလွန်လေပြီးသောကာလ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုလေ၏။ မင်းကြီး၏မယ်တော် မိဖုရားကြီးသည်ကား ကြမ်းကြုတ် ၏။ အမျက်ဒေါသကြီး၏။ ရန်တွေ့တတ်၏။ ဤ၌မင်းကြီးလည်း မယ်တော် အား အဆုံးအမပေးရန် သင့်လျော်သော အခါကာလကို ရှာကြံတွေးဆ၍ နေလေ၏။

တစ်နေ့သ၌ မင်းကြီးလည်း ဥယျာဉ်ကစားသွား လတ်သည်ရှိသော် မယ်တော်လည်း အတူတကွ လိုက်ပါခဲ့လေ၏။ ထိုသို့ခရီးသွားရင်းမှ လမ်းခုလတ် တစ်နေ့ရာ၌ တစ်တီတူးငှက်သည် ကျယ်လောင်စွာ အော်မြည် လေ၏။ မင်းကြီး၏ အခြွေအရံတို့သည် ထိုအသံကိုကြားလေလျှင် နားကိုလျင်မြန်စွာ ပိတ်၍ ''ဟယ်...ငှက်ယုတ်၊ သင်၏ ရုန့်ရင်းကြမ်း တမ်းလှစွာသောအသံဖြင့် မဟစ်ကြွေးလင့်'' ဟုဆိုကြလေ၏။ ဥယျာဉ် တော်သို့ရောက်၍ လှည့်လည်သောအခါ အပွင့်တို့ ဝေဆာလျက်ရှိသော အင်ကြင်း ကိုင်းဖျား၌နားနေသော ဥသြငှက်လည်း သာယာချိုမြိန်သောအသံ ကို တွန်ကျူး၏။ ထိုအခါ မင်းကြီး၏ အခြွေအရံပရိသတ်တို့လည်း ထိုအသံ ကို ကြားလေလျှင်-

''အို----သိမ်မွေ့နူးညံ့သောအသံရှင် အဆွေငှက် ထပ်မံ၍ မြည်ြေ<ွကး ပါဦးလော့'' ဟု လည်ကိုမော့ကာ နားထောင်နေကြကုန်၏။ ဤတွင် မင်းကြီးလည်း ထိုအကြောင်း နှစ်ပါးကိုအခြေခံ၍ အဆုံးအမပေးခြင်းငှာ သင့်လျော်ပေပြီဟု ကြံစည်ယူဆကာ-

''အို....မိခင်၊ အဆင်းနှင့်ပြည့်စုံ၍ သာယာသော အသံ၊ ချစ်ဖွယ် သောအသံ ဖြစ်စေကာမူ ရုန့်ရင်းကြမ်းကြုတ်သောစကားကို ပစ္စုပ္ပန်၊ တမလွန်လောကမှာပင် မချစ်မနှစ်သက်အပ်ပါ။''

''အို.....မိခင်၊ မည်းနက်၍ အဆင်းမလှသော ဥသြငှက်ကို မူကား သိမ်မွေ့နူးညံ့သောစကားကြောင့် လူများစွာတို့ ချစ်ခင်နှစ်သက် အပ်သည် မဟုတ်ပါလော။ ထို့ကြောင့် သိမ်မွေ့နူးညံ့စွာဖြင့် မပျံ့မလွင့် ဆိုလေ့ရှိသောသူ၏စကားသည် အနက်ပါဠိ အကျိုးအကြောင်းကို ပြ၏။ ချိုမြိန်ကောင်းမြတ်လှပေ၏'' ဟူ၍ တရားဟောကာ မယ်တော်အား သိစေ အပ်၏။

ထို့နောက်ဆက်လက်၍-

''အို...မိခင် ရုန့်ရင်းကြမ်းကြုတ်သည့် အသံရှိ သော တစ်တီတူးငှက် ကို လူတို့ မချစ်ခင်မနှစ်သက်ပါ။ သိမ်မွေ့နူးညံ့သည့်အသံရှိသော ဥသြ ငှက်ကိုမူ လူတို့ချစ်ခင်နှစ်သက်ကြပါ၏။ ဤ အကြောင်းနှစ်ပါးကို ရှု၍ စဉ်းစားတော်မူပါလော့'' ဟု မယ်တော်အား ခွဲခြမ်းစိတ်ဖြာသိစေ၏။ ထိုအခါ မှစ၍ မယ်တော်လည်း ကြမ်းတမ်းမှု၊ အမျက်ဒေါသထွက်မှုမရှိ တော့ဘဲ သိမ်မွေ့နူးညံ့ကာ အကျင့်သီလနှင့်ပြည့်စုံလေတော့၏။

ဤဇာတ်နိပါတ်ကို ထောက်ရှုလျက် လူတိုင်းလူတိုင်းသည်လည်း စကားကို ချိုသာစွာပြောဆိုသင့်ကြောင်း သင်ခန်းစာယူထိုက်ပေ၏။ ချိုသာစွာ ပြောဆိုခြင်းကို လူတိုင်း နှစ်သက်ကြကုန်၏။ ရုန့်ရင်းကြမ်းတမ်း စွာ ပြုမူပြောဆိုခြင်းသည် လူမုန်းခံရတတ်၏။ ကြမ်းတမ်းစွာ ပြောဆို ခြင်းဖြင့် အကျိုးမရှိ။ ဆုတ်ယုတ်မှုသာ ဖြစ်နိုင်၏။ အချို့သောသူများ သည် ပညာရှိလူကုန်ထံတို့ ဖြစ်လင့်ကစား စကားကိုချိုသာစွာ မပြော တတ်ကြပေ။ ချိုသာစွာပြောဆိုတတ်ခြင်းသည် အကျိုးကျေးဇူးကားများပြား ၏။ လုပ်ကိုင်ဆောင်ရွက်သော အမှုကိစ္စအဝဝတို့သည် ချိုသာနူးညံ့ စွာ ပြောဆိုခြင်းဖြင့် အောင်ြမင်နိုင်၏။ အခက်အခဲ အကျပ်အတည်းများ ဖြင့် ဖြေရှင်းလုပ်ကိုင်ရသောအမှုကိစ္စတို့ပင်လျှင် အောင်မြင်စွာ ဖြေရှင်း နိုင်စွမ်းရှိ၏။

တစ်ခါတစ်ရံ ဒေါသအလျောက် ဖြေရှင်းပြောဆိုရသော အမှုကိစ္စတို့ ၌ပင် အကျိုးအကြောင်းသင့်စွာ ချိုသာစွာပြောဆိုခြင်းဖြင့် အဆင်ပြေ သွားသည်ကို တွေ့ဖူးကြပေလိမ့်မည်။ ဤသည်မှာ ချိုသာသောစကားကို အသုံးချတတ်ခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်၏။

သို့ပါ၍ မည်သည့်အမှုကိစ္စတို့၌မဆို ချိုသာသော စကားကို အသုံးချ တတ်ကြမည်ဆိုလျှင် များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ပါကြောင်း။
မြင့်မောင်စိုး



အားပေးတဲ့အတွက်ကျေးဇူးပါ

No comments:

Post a Comment