လာမည့်နှစ်တွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်း အသစ်သည် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုကို အခြေခံထား
ရန်ကုန် စက်တင်ဘာ ၃
လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုကို အခြေခံသည့် သင်ရိုးညွှန်းတမ်း အသစ်ဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်များ ကော်မတီမှ သိရသည်။
အဆိုပါ ဖွံ့ဖြိုးမှုနယ်ပယ် ခြောက်ခုမှာ သင်ယူဖွံ့ဖြိုးမှုနယ်ပယ်၊ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်၊ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း၊ သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း၊ အနုရသခံစားမှုနှင့် ဖန်တီးခြင်း နယ်ပယ်နှင့် ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း စသည်တို့ကို အခြေခံထားခြင်း ဖြစ်ကြောင်း၊ ယင်းသင်ရိုးညွှန်း တမ်းများကို မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်များ ကော်မတီမှ ရေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။
''သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲတဲ့အခါမှာလည်း သူငယ်တန်းအတွက် UNICEF ၊မူလတန်းအတွက် JICA ၊ အလယ်တန်းနဲ့ အထက်တန်းအတွက်ကို ADB တို့က ကူညီပြီး ရေးဆွဲပေးထား ကြပါတယ်။ နိုင်ငံတကာက အကြံပေးပညာရှင်တွေကလည်း ပါဝင်ကူညီထားပါတယ်'' ဟု မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းနှင့် ပြဋ္ဌာန်းစာအုပ်များ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် သူငယ်တန်းကို ထူးခြားသည့် သင်ရိုးညွှန်းတမ်း အသစ်ဖြင့် ပြောင်းလဲ သင်ကြားပေးသွားမည် ဖြစ်ပြီး လက်ရှိသင်ကြားနေသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များဖြင့် သင်ကြားပေးခြင်းမျိုး မဟုတ်ဘဲ နယ်ပယ်ခြောက်ခု ရှိသည့် အနက် နယ်ပယ်များ ခွဲခြား၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်ရိုးညွှန်း တမ်းအသစ်မှာ ကလေးငယ်များအား ကစားရင်း၊ သီချင်းဆိုရင်းဖြင့် ကျောင်းစာများကို စိတ်ဝင်စားလာအောင် သင်ကြားမည့် သင်ရိုးညွှန်းတမ်း ဖြစ်ကြောင်း သိရသည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment