Tuesday, September 22, 2015
ဒေသခံတွေရဲ့ ဆန္ဒမဟုတ်ဘဲ ယာယီလုပ်သားတွေရဲ့ ဆန္ဒဖြစ်မှာ ဒေသခံတွေ စိုးရိမ် --------------------------------------
ဒေသခံတွေရဲ့ ဆန္ဒမဟုတ်ဘဲ ယာယီလုပ်သားတွေရဲ့ ဆန္ဒဖြစ်မှာ ဒေသခံတွေ စိုးရိမ်
--------------------------------------
မြစ်ကြီးနားခရိုင်မှာ ရှိတဲ့ အင်ဂျားယန်မြို့နယ်မှာ စက်တင်ဘာလအတွင်း လာရောက် အလုပ်လုပ်ကိုင်တဲ့ ရွှေလုပ်သားတွေရဲ့ မဲတွေကြောင့် ဒေသခံတွေ လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေ မပေါ်ထွန်းလာမှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ အဲ့ဒီမဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့် ပါတီတွေနဲ့ ဒေသခံတွေ ထံမှ သိရပါတယ်။
အဲ့ဒီဒေသကို ရောက်ရှိနေတဲ့ လမ်းတည်ဆောက်ဖို့နဲ့ အင်ဂျားယန်ဒေသ အတွင်း ရွှေတူးဖော်ဖို့ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ အခု အင်ဂျားယန်မြို့နယ်မှာ လက်ရှိရှိနေတဲ့ မဲဆန္ဒရှင်ဦးရေထက် များပြားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
“အခုတလောမှာ အဲ့ဒီမှာ ရောက်ရှိလာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ နှစ်ထောင်နဲ့ သုံးထောင်ကြားမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြတယ်။ ရောက်ရှိလာတဲ့ မဲထည့်နိုင်တဲ့ သူတွေက ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနည်းလမ်းအရ မဲထည့်ရင်တော့ ကောင်းတာပေါ့။ ဒီလိုမဟုတ်ဘဲ တခြားနည်းမျိုးနဲ့ ထည့်မှာကို စိုးရိမ်တယ်” လို့ အဲ့ဒီဒေသမှာ အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ပြိုင်မယ့် ကချင်အမျိုးသား ဒီမိုကရေစီကွန်ရက်(KNDC) ပါတီဝင် ဦးထွယ်အောင်က ဆိုပါတယ်။
ဒေသခံ မဲဆန္ဒရှင်တွေထက် ယာယီ အလုပ်သမားဦးရေက ပိုများနေတာကြောင့် ဒေသခံတွေ ထောက်ခံမဲ ပေးလိုတဲ့ ကိုယ်စားလှယ်တွေ မဲမနိုင်မှာကို စိုးရိမ်တယ်လို့ ပြည်နယ်အခြေစိုက် ပါတီတချို့က ဆိုပါတယ်။
“ရွှေ့ပြောင်းလုပ်သားပဲ ဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် မဲဆန္ဒနယ် အပြင်ဘက်ရောက်ရင်တော့ ပုံစံ ၃(က)နဲ့ မိမိရောက်ရှိတဲ့ နေရာမှာ ရက်ပေါင်း ၁၈၀ အထက် နေထိုင်တဲ့ ထောက်ခံစာပါရမယ်။ အဲ့လိုမဟုတ်ဘူး ဆိုရင်တော့ မဲပေးလို့ ရတဲ့ ဥပဒေမရှိဘူး” လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment