Thursday, September 17, 2015

Green Ribbon Movement (သရော်စာ)

Green Ribbon Movement (သရော်စာ)
----------------------------------------
8 days ။ ။ ဟုတ်ကဲ့ အစ်ကိုခင်ဗျ။ အခုလို ဒီ ဖဲကြိုးအစိမ်းလေး profile ပြောင်းလဲရခြင်းအကြောင်းကို သိပါရစေခင်ဗျ။
Ko Htun ။ ။ အမှန်တော့ ဒါက ဖဲကြိုးအစိမ်း မဟုတ်ပါဘူး။ စစ်ခါးပတ်အစိမ်းပါ။ ဒါပေမယ့် ဒါကို Green Ribbon Movement လို့ အမည်ပေးထားပါတယ်။ လူတကာသုံးနေတဲ့ ဖွဘုတ်မှာ
ကျွန်တော်တို့လဲ ခေတ်နောက်မကျရလေအောင် ဒီ လှုပ်ရှားမှုကို စတင်ရခြင်းဖြစ်ပါတယ်။
8 days ။ ။ ရည်ရွယ်ချက်ကကော တခြား ဖဲကြိုးလှုပ်ရှားမှုတွေနဲ့ တူတူပဲလားခင်ဗျ။
Ko Htun ။ ။ (ခေါင်းကို အတင်းရမ်းပြပြီး) မတူပါဘူးခင်ဗျ။ လုံးဝကို မတူတာပါ။ ဘယ်လောက်မတူသလဲဆိုရင် ဆန့်ကျင်ဘက်ကို ဖြစ်နေပါတယ်ခင်ဗျ။
Twelve ။ ။ ဘယ်လိုမတူတာလဲ ဆိုတာ သိပါရစေ။
Ko Htun ။ ။ တခြား ဖဲကြိုးလှုပ်ရှားမှုတွေက အရပ်ဘက်ကို စစ်ဘက်ကလူတွေမလာဖို့ ဖြစ်ပြီးတော့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကတော့ စစ်ဘက်ကို အရပ်ဘက်ကလူတွေ လာဖို့ပါ။
8 days, Twelve ။ ။ ခင်ဗျာ....။ (အလွန်အမင်းအံ့အားသင့်သောမျက်နှာဖြင့် ပြိုင်တူအော်မိကြသည်။)
Twelve ။ ။ ဟုတ်ကဲ့။ ဒီ လှုပ်ရှားမှုမှာ လူအင်အား ဘယ်နှယောက်ပါဝင်သလဲ ဆိုတာ သိပါရစေခင်ဗျ။
Ko Htun ။ ။ အင်း... ဘယ်နှယောက်လဲဆိုတော့ (ခေါင်းမော့ စဉ်းစားကာ လက်ညိုးချိုးကာရေတွက်သည့်ပုံစံဖြင့် အကြာကြီးငြိမ်သက်နေသည်) လောလောဆယ်တော့ ကျွန်တော်
တစ်ယောက်ထဲခင်ဗျ။ ဒါလဲ ကိစ္စမရှိပါဘူး။ များမကြာခင်မှာပဲ ကျွန်တော်နဲ့ စိတ်တူတဲ့သူတွေ အများကြီးပေးထွက်လာလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော့်နောက်မှာ ပြည်သူ သန်း ၅၀ ရှိတယ်လေ။ သိတယ်မလား။ ဟင်း ဟင်း
(ဟင်းဟင်း ဆိုသော အသံကို ရုပ်တည်ကြီးဖြင့်ပြောသွားသည်)
Twelve ။ ။ ဒါနဲ့ အခုကလေ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလနဲ့ တိုက်နေတာဆိုတော့ အောင်မြင်မှုရရှိမယ်ကော ထင်ပါသလားခင်ဗျ။ နောက်ပြီး အကို့အနေနဲ့ ဝင်အရွေးခံဦးမှာလား။
အရွေးမခံဘူးဆိုရင် ဘယ်ပါတီကို မဲပေးမလဲဆိုတာလေး သိပါရစေခင်ဗျ။
Ko Htun ။ ။ နိုး နိုး။ ဒါ သိပ်စိတ်ပူစရာမရှိပါဘူး။ အောင်မြင်ပါလိမ့်မယ်။ ကိုယ်တို့က မျိုးကြီး သီချင်း ဆိုနေတာမှမဟုတ်ဘဲ။ L ဆိုင်းဇီ သီချင်းဆိုပြနေတာလေ ညီလေးရဲ့။
Twelve ။ ။ အွန်။ မျိုးကြီး နဲ့ Lဆိုင်းဇီ က ဘယ်က ပါလာတာလဲ။ ဘာအဓိပ္ပါယ်လဲခင်ဗျ။
Ko Htun ။ ။ အော်။ ဒါက ဒီလိုလေ။ အကိုတို့ လှုပ်ရှားမှုက မျိုးကြီး ရဲ့ မလာပါနဲ့ သီချင်းဆိုနေတာမဟုတ်ဘူးလေ။ Lဆိုင်းဇီ လို လာချင်ရင် အနီးလေးဆက်ဆက် ကြိုမယ်ရှင် လို့ ဖိတ်ခေါ်နေတာပါ။
ဝင်အရွေးခံဖို့တော့မရှိပါဘူး။ မဲပေးဖို့ကတော့ ပါတီလဲ မကြည့်ဘူး။ လူချောချောလဲ မကြည့်ဘူး။ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးအောင် ဆောင်ရွက်ပေးမယ် လို့ သေချာပေါက် ကတိပေးနိုင်တဲ့
သူကိုပဲ မဲပေးမှာပါ။
8 days ။ ။ ဟုတ်ကဲ့။ ဒါဆို ဒီလှုပ်ရှားမှုကြီးအောင်မြင်သွားရင် ဘာဆက်လုပ်မလဲဆိုတာလေးကော သိပါရစေဦးခင်ဗျ။
Ko Htun ။ ။ ဒါကတော့ ဒီလိုရှိပါတယ်ခင်ဗျ။ ဒီလှုပ်ရှားမှုကြီးအောင်မြင်သွားလို့ စစ်မှုမထမ်းမနေရစနစ်ကြောင့် မရောက်ချင်ရောက်ချင် ရောက်လာခဲ့တဲ့သူတွေကို ကျွန်တော်တို့က အဖွဲ့လေးတွေ
ခွဲပါမယ် ခင်ဗျ။ ကျည်ဆံအစား ပန်းများပွင့်စေ ဆိုတဲ့ လှုပ်ရှားမှုထဲ ပါဝင်ဖူးတဲ့သူတွေကို နှင်းဆီနီ တစ်ယောက်တစ်ပွင့်ပေးပြီး လောက်ကိုင် နဲ့ ကချင်ဒေသကို ပို့ပါမယ်။ ဟိုဘက်က သေနတ်နဲ့ပစ်ရင် I am a rose Darling ဆိုပြီး
ပန်းနဲ့ ပြန်ပေါက်လို့ရတယ်လေ။ ဖဲကြိုးနက်ဆရာဝန်လေးတွေလဲ ရှေ့တန်းကို ပါဝင်ခွင့်ရပါမှာခင်ဗျ။ ပန်းပွင့်လေးတွေနဲ့ တက်ပေါက်တုန်း တစ်ဘက်ကျည်ဆံမှန်ရင် ကုသပေးလို့ရအောင်ပါ။
အဲ့လို ကျည်ဆံမှန်ပြီး ကျဆုံးသွားခဲ့တဲ့သူတွေရှိခဲ့ရင် အဲ့ဒီစစ်မြေပြင်မှာပဲ တစ်မိနစ်ခန့် မတ်တပ်ရပ် ငြိမ်သက်ပြီး ဝမ်းနည်းကြောင်းအထိမ်းအမှတ်ပြဖို့လဲ စီစဉ်ပေးလိုက်မှာပါ။
မဖဲဝါ အဲလေ ဖဲကြိုးဝါလေးတွေကိုတော့ ဒီကိစ္စကို တရားစွဲဖို့ အခွင့်အရေးပေးမှာပါ။ ဟုတ်တယ်လေ ကိုယ်က ပန်းနဲ့ပေါက်တာကို သူတို့က သေနတ်နဲ့ပြန်ပစ်ရင် ဒါ မတရားဘူး၊ မညီမျှဘူးလေ။ တရားဥပဒေစိုးမှိုးမှု မရှိတာကိုပြတာ။
ဒါကြောင့် စစ်ဖြစ်တာကို ပန်းနဲ့မပေါက်ဘဲ သေနတ်နဲ့ပစ်ကြတဲ့ ရက်စက်တဲ့လူတွေကို တရားစွဲဖို့ ပြုလုပ်သွားမှာပါ။ တချိန်ထဲမှာပဲ ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ကြတဲ့အဖွဲ့ထဲ ပါဖူးတဲ့သူတွေကိုတော့
စစ်ပွဲတစ်ပွဲဖြစ်တိုင်း မြစ်ကြီးနားကနေ မြိတ်၊ ထားဝယ်၊ ကော့သောင်းအထိ လမ်းလျှောက်ခိုင်းပါမယ်။ ဒါနဲ့မှ သူတို့အားမရသေးရင် ကိုကိုးကျွန်းအထိ ဆက်သွားနိုင်ဖို့ ဘောကွင်းတစ်ယောက်တစ်ကွင်း စီစဉ်ပေးပါဦးမယ်။
ဟုတ်တယ်လေ။ ဒါမှ နောက်ဆို စစ်ပွဲတွေမဖြစ်တော့မှာမဟုတ်လား။
8 days ။ ။ ဒါဆို တခြားသူတွေကိုကော ဘယ်လိုနေရာမျိုးတွေမှာ နေရာချထားပေးမလဲခင်ဗျ။
Ko Htun။ ။ အိုး... ဒါက သိပ်မခက်ခဲပါဘူး။ ဆရာဝန်တွေပါလာရင် ဒဏ်ရာရသူတွေ ဆေးကုပေးဖို့ ရှေ့တန်းပို့မယ်။ အင်ဂျင်နီယာတွေပါလာရင် မိုင်းထောင်ဖျက်စီးခံရတဲ့ လမ်း၊တံတား၊ ရထားလမ်းတွေ
ပြင်ဖို့ အဲ့ဒီနေရာတွေလွတ်မယ်။ ရှေ့တန်းကို သက်တောင့်သက်သာနဲ့သွားလို့ရအောင် လမ်းသစ်တွေသွားဖောက်ခိုင်းမယ်။ ဆက်သွယ်ရေးတွေကောင်းအောင် တာဝါတိုင်တွေစိုက်ခိုင်းမယ်။ ရှေ့နေတွလဲ
ရှေ့တန်းပို့မယ်။ ရှေ့တန်းမှာ လူ့အခွင့်အရေးနဲ့မညီတာတွေလုပ်ရင် ချက်ခြင်း on the spot အရေးယူခိုင်းမယ်။ တရားခုံရုံးဖွဲ့ စစ်ဆေးပြီး အမိန့်တခါတည်းချရမယ်။ စီးပွားရေးသမားတွေ၊ ကုန်သည်တွေပါလာရင်
ထောက်ပံ့ပို့ဆောင်ရေးတပ်ကို ပို့မယ်။ ရှေ့တန်းနဲ့ နောက်တန်းကို လူကိုယ်တိုင် ပစ္စည်းတွေ သယ်ပို့ပေးဖို့လေ။ တိရိစ္ဆာန်တွေနဲ့သယ်ရင် ညှင်းပန်းနှိပ်စက်မှုနဲ့ အရေးယူခံရမယ်မလား။ နိုင်ငံရေးသမားတွေပါလာရင်လဲ
ရှေ့တန်းလွတ်မယ်။ စစ်ဖြစ်နေတဲ့ အချိန်မှာ တစ်ဘက်နဲ့တစ်ဘက် နိုင်ငံရေးသမားအချင်းချင်း နိုင်ငံရေးကို အော်ဟစ်ပြီးဆွေးနွေးကြမယ်။ ရည်ရွယ်ချက်တူရင် စစ်ကိုရပ်၊ မတူရင်ဆက်ပစ်ကြပေါ့ဗျာ။ နာရေးကူညီမှုအသင်းကလူတွေ
ပါလာရင်လဲ ရှေ့တန်းလွတ်မယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျဆုံးသွားတဲ့သူရှိခဲ့ရင် နောက်တန်းကို သယ်ပို့ဖို့ သူတို့လိုတယ်လေ။ ဖွဘုတ်က လေကြီးလေကျယ်သမားတွေကိုလဲ ရှေ့တန်းလွတ်မယ်။ သူတို့ကိုတော့ စခန်းကုန်းတွေ
တက်သိမ်းမယ့် ကျားထိုးတဲ့အချိန်မှာ ကျား ဆိုတဲ့အသံကို အကျယ်ကြီးအော်ခိုင်းပြီး ရှေ့ကနေတက်ခိုင်းမယ်။ သူတို့က လေအားကောင်းတယ်မလား။ အဲ့အသံနဲ့ တစ်ဘက်လူ ကြောက်သွားအောင်လို့ပါ။
Twelve ။ ။ ငင့်... ။ အကုန်လုံးကို ရှေ့တန်းလွတ်နေတော့ နောက်တန်းမှာ လူကော ကျန်ဦးပါ့မလား။
Ko Htun ။ ။ ငှဲငှဲ.. (မချိုမချဉ် မျက်နှာထားဖြင့်) နောက်တန်းမှာတော့ အကိုတို့ နဂိုစစ်သားဟောင်းတွေကျန်မယ်လေ။ ဘယ်သူတွေနဲ့ ကျန်မလဲဆိုတော့ ဘဏ်အသီးသီးက ဝင်လာကြမယ့်
အရွယ်ရောက်ပြီးသား လုံမငယ်လေးတွေနဲ့ ကျန်မယ်။ ဘာလို့လဲ ဆိုတော့ စာရင်းပိုင်း၊ ငွေကြေးပိုင်းဆိုင်ရာ သူတို့က ကျွမ်းကျင်တယ်လေ။ အကိုတို့က တပ်လည်ပတ်ပုံတွေ သေချာသိတဲ့သူ
ဆိုတော့ အကိုတို့တွေနဲ့ ဘဏ်က ညီမငယ်လေးတွေ ကျန်ပါ့မယ်။ ဟဲဟဲ။
8 days ။ ။ ရည်ရွယ်ချက်ကြီးပါပေတယ်ဗျာ။ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးသလဲ။
Ko Htun ။ ။ ဟုတ်ကဲ့။ အခုဆို ညီလေးတို့လဲ အကိုတို့ရဲ့ အင်မတန်မှ ကြီးကျယ်ခမ်းနားမြင့်မြတ်လှတဲ့ Green Ribbon Movement အကြောင်းသိသွားပြီဆိုတော့ ပြည်သူ သန်း ၅၀ လုံး သိအောင်
ပြန်ချပြပါ။ အကိုတို့က ဝေလ ပါပဲလို့...။
Twelve ။ ။ ဗျာ.. လာပြန်ပြီ။ ဝေလ က ကော ဘာလဲဗျ။
Ko Htun ။ ။ ငါ့ညီတို့က ခေတ်လူငယ်လုပ်ပြီး ဒီလောက်တောင် ပိန်းသကိုးကွဲ့။ ဝေလ ရဲ့ ကြိုဆိုပါ၏ သီချင်းလေးအတိုင်းပါပဲလို့...။ နောက်ပြီးတစ်ခုရှိသေးတယ်။ အကိုတို့ လှုပ်ရှားမှုမျာ ကြွေးကြော်သံလေး ၂ ခုရှိတယ်။
ပထမတစ်ခုက မဲပေးမမှားဖို့အတွက်ပါ။ ဒါက ဘာလဲဆိုတော့ "စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးဖြစ်၊ ထိုသူ့ဘေးမှာ အမှန်ခြစ်"
နောက်တစ်ခုက အကိုတို့ လှုပ်ရှားမှုဆောင်ပုဒ်ပါ။ ဒါကတော့ "အခွင့်အရေးတွေမဆုံးရှုံးဖို့၊ တပ်မတော်သို့ တူတူဝင်ကြစို့" ပဲ ဖြစ်ပါတယ်။ ဒါလေးတွေပါ ပြောပြပေးလိုက်ပါဦး။
Twelve ။ ။ ဟုတ်ကဲ့ အစ်ကို။ အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
Ko Htun ။ ။ ဟုတ်ပါပြီ အခုလိုလာရောက်မေးမြန်းတဲ့အတွက် အကိုကလဲ ညီလေးတို့ကို ကျေးဇူးတင်ပါတယ်။ သြော်.. ဒါနဲ့ ငါ့ညီတို့ ၁၈ နှစ်ပြည့်ပြီးကြပြီမဟုတ်လား။
8 days, Twelve ။ ။ ဗျာ.. ဘာလုပ်မလို့လဲဗျ။
Ko Htun ။ ။ တခြားထွေထွေထူးထူးမဟုတ်ပါဘူးကွယ်။ မင်းတို့အသက်ပြည့်ပြီးရင် စစ်မှုထမ်းရမယ့်လူစာရင်းထဲ ညီလေးတို့နာမည်ကို ထိပ်ဆုံးကထည့်ထားလိုက်မလို့ပါ။ မင်းတို့လို သတင်းထောက်တွေလဲလိုတယ်လေ။
အာဖဂန်နစ္စတန်မှာလဲ အဲ့လို ရဲရဲတောက်သတင်းထောက်တွေ ရှိတယ်လေ။ သတင်းတစ်ပုဒ်ရဖို့ အသက်စွန့်သွားကြတဲ့သူတွေအများကြီး။ ဘယ်လောက်များ ဂုဏ်ယူဖို့ကောင်းသလဲ။
ငါ့ညီတို့ ဝင်မယ်ဆိုရင် ဦးစားပေးအနေနဲ့ ရှေ့တန်းကို ထိပ်ဆုံးကထည့်ပေးမလို့ပါ။
8 days ။ ။ သြော်...အဲ... ဟိုဟာလေ သားက ၁၆ နှစ်ပြည့်ဖို့ ၂ ရက်ကြီးများတောင်လိုသေးတယ်။ Twelve က သတင်းထောက်ကိုမေးကြည့် သူက သားထက်အသက်ကြီးတယ်။ ဦး အသက်ဘယ်လောက်လဲဟင်။
(Twelve သတင်းထောက်ဘက်သို့ လှည့်မေးလိုက်သည်)
Twelve ။ ။ ငင်.. မသာလေး။ ရွယ်တူတွေကိုများ မသိချင်ယောင်ဆောင်နေသေးတယ်။ သားကလဲ ဟိုတလောကမှ ၁၆ နှစ်ပြည့်ထားတာ တစ်ရက် နှစ်ရက်လောက်ပဲရှိသေးတယ်ရယ်။ သားလဲ အသက်
မပြည့်သေးဘူး သိလား။
Ko Htun ။ ။ ဟားဟား။ အေးပါကွာ ဟုတ်ပါပြီ။ မှတ်ပုံတင်တောင်းမကြည့်တော့ပါဘူး။ ဒါကြီးအောင်မြင်သွားခဲ့လို့ တပ်ထဲ မဝင်ချင်ဘဲဝင်လာရရင် ကိုယ့်ဆီသတင်းလာပို့ဦးနော်။ ညီလေးတို့အတွက်
တိုက်ပွဲကောင်းတွေနဲ့ ကြုံဖို့ ကိုယ်စီစဉ်ပေးမယ်။ ဟုတ်ပြီလား။
8 days, Twelve ။ ။ ဟုတ် ဟုတ် ဦးလေး။ သားတို့ သွားတော့မယ်နော်။ မေမေက ငယ်သေးတော့ သားတို့ အပြင်မှာ အကြာကြီးနေရင် စိတ်မချလို့ ပြန်လိုက်ဦးမယ်။ တာ့တာ။
Ko Htun ။ ။ အေးအေး။ ဆောင်ပုဒ်လေးတွေ မမေ့နဲ့ဦးနော် ငါ့ညီတို့။
--------------------------------------------------------------
"စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးဖြစ်၊ ထိုသူ့ဘေးမှာ အမှန်ခြစ်"
"အခွင့်အရေးတွေမဆုံးရှုံးဖို့၊ တပ်မတော်သို့ တူတူဝင်ကြစို့"
---------------------------------------------------------
ဤတွင် ကားလိပ်ချ၊ တစ်ခန်းရပ်။

Credit: Ko Htun



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment