အရည်မရ အဖတ်မရ
--------------------------
မြန်မာတို့ အလှူမင်္ဂလာ အခမ်းအနားများတွင် ယွန်းကွမ်းအစ်ကြီးများကို တခမ်းတနား တဆောင်တယောင် ထား၍ ဧည့်ခံခဲ့သည်မှာ မြန်မာ့ရိုးရာ အစဉ်အလာတစ်ခု ဖြစ်ပါသည်။ သို့သော် ထို ''အစ်'' ကြီးများကို ဖွင့်ကာဖွကာဖြင့် တကြိတ်ကြိတ် ဝါးနေသူ များများစားစား မရှိလှပါ။ ယဉ်ကျေးမှု အစဉ်အလာ သဘောအရသာ ထားရှိခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ယခုအခါ အပျင်းပြေ၊ ဧည့်ခံစရာ၊ မိတ်ဖြစ်ဆွေဖြစ် စသည့် ခေါင်းစဉ်များအောက်တွင် ကွမ်းစားခြင်း ဓလေ့ တွင်ကျယ်လာသည်။ ကားမောင်းရင်း၊ စကားစမြည်ပြောရင်း၊ လုပ်ငန်း ဆွေးနွေးခြင်း စသည့်ကိစ္စများတွင် မပါမဖြစ် ဖြစ်လာသည်။ ထို့ကြောင့် နေရာတိုင်းတွင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးသူ ပေါများလာသည်ကို တွေ့နေရသည်။ ကွမ်းစားခြင်းသည် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးတို့သည် တစ်ခုချင်းအလိုက် ကောင်းသော ဂုဏ်သတ္တိများ ရှိကြသော်လည်း ၎င်းတို့ကို စုပေါင်း၍ စားသုံးသောအခါ ကောင်းကျိုးထက် ဆိုးကျိုး ပိုစေပါသည်။ ယခုအခါ အိမ်နီးချင်းနိုင်ငံ တစ်ခုမှ အရောင်အသွေးစုံ၊ အနံ့အသက်မျိုး ဖြစ်သော ကွမ်းယာသုံး အမယ် တန်ဆာပလာများ တင်သွင်း၍ စားသုံးနေမှုများကို တွေ့မြင်နေရသည်။ ရှေးခေတ်က ယွန်းအစ်များဖြင့် ဧည့်ခံခဲ့သော အစဉ်အလာမှသည် ယခုအခါ ပလတ်စတစ် အိတ်ငယ် အသွယ်သွယ်တွင် ကွမ်းယာများ ထည့်သွင်း ရောင်းချလာသည့် ဆိုင်ကြီး၊ ဆိုင်ငယ်တို့ ပေါများလာသည်နှင့်အမျှ ကွမ်းယာ စားသုံးမှုများမှသည် အာခံတွင်းဆိုင်ရာ ဝေဒနာရှင်များ များပြားလာသည်ကို ကြားသိရပါသည်။
ကွမ်းယာ ရောင်းသူများက ထုံးပေါက်ခြင်း အန္တရာယ်ကို ကာကွယ်သည့် အနေဖြင့် ရော်ဘာ လက်အိတ်များ စွပ်၍ ကာကွယ်နေချိန်တွင် ကွမ်းယာစားသူများက နူးညံ့လှသည့် မိမိတို့၏ အာခံတွင်း အတွင်းသို့ ထုံးများ တရစပ် ထည့်သွင်း စားသုံးနေသည်ကို စဉ်းစား ကြည့်သင့်သည်။ မိုးလင်းမိုးချုပ်အထိ စားနေကြသည့် ကွမ်းယာပေါင်းများစွာ အတွက် ငွေကြေးအားဖြင့် တစ်နေ့တာ အသုံးစရိတ် ရာထောင်ချီ၍ သုံးစွဲနေကြသည်။
နာရီပေါင်းများစွာ ကြိတ်ဝါးရမည့် အလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ဆောင်နေကြသည်။ အနားယူ အိပ်စက်ချိန်တွင်မှ ယောင်ယမ်း ကြိတ်ဝါးနေသလား မဆိုနိုင်ပါ။ ကွမ်းသီးကဲ့သို့ အမာပစ္စည်းကို မာကျောသော သွားဖြင့် နေ့စဉ်ကြိတ်ဝါးနေမှုကို တွေးကြည့်ကြပါက အမာနှင့် အမာ ထိတွေ့ကြိတ်ဝါးမှုတွင် ဦးစွာ ကွမ်းသီး ကြေသွားပါမည်။
သိပ်မကြာမီ သွားများကြေသော လက္ခဏာ ပြလာပါလိမ့်မည်။ လေး၊ ငါးနှစ်ခန့် နှစ်ပေါက် စားပြီးသောအခါ သွားများ မူလ အရောင်ပျောက်ဆုံး၍ တုံးတိ ဖြစ်သွားသည်က အများဆုံး ဖြစ်ကြောင်း တွေ့နေရပါသည်။ ထို့ကြောင့် ကွမ်းစားခြင်းသည် ကျန်းမာကြံ့ခိုင်သော မိမိ သွားများကို ပျက်စီးအောင် မိမိဘာသာ ဖျက်ဆီးခြင်း မည်သည်။ အပျင်းပြေ ကွမ်းစားသည့် အကျင့်လုပ်၍ ကွမ်းစားသည်။ ထိုအပျင်းပြေ အကျင့်လုပ်ခြင်း၏ နောက်တွင် 'ကွမ်းစွဲလမ်းမှု ပြဿနာ' ပေါ်လာပါသည်။ မစားရမနေနိုင် ဖြစ်လာသည်။
ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားရန် အာဟာရ အတွက်သာ ကြိတ်ဝါး အသုံးပြုသင့်သော သွားများသည် ယခုအခါ ကွမ်းဝါးရန်အတွက် အဓိကဆိုသည့် အနေအထား ရောက်နေပါပြီ။ ပုံမှန်ထက် လွန်ကဲသော အမာပစ္စည်းများ ကြိတ်ဝါးဖန် များလာသောကြောင့် သွားများကြံ့ခိုင်မှု အားနည်းလာခြင်း၊ သွားဖုံးနှင့်ပတ်သက်သော ပြဿနာများ၊ မေးရိုးဆိုင်ရာ ပုံမှန် အနေအထား ပျက်ယွင်းမှု၊ အာရုံခံစားမှု အားနည်းလာသည့် 'လျှာ'၏ ပြဿနာများကြောင့် ခံတွင်း ရောဂါများသည် ပြင်ပမှ ဝင်ရောက်လာခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီးခြင်းသာ ဖြစ်၍ 'ဘယ်သူမပြုမိမိမှု' သာ ဖြစ်သည်။
လူမှုရေးအမြင်ဖြင့် ကြည့်ပြန်သော် ကွမ်းစားပြီးနောက် ကွမ်းတံတွေး ထွေးရမည့် ကိစ္စမဖြစ်မနေ ရှိလာနိုင်ပါသည်။ နိုင်ငံကြီးသား ပီသစွာ ကျန်းမာရေး အပြုအမူ ကောင်းများကို တစ်ကိုယ်ရေ တစ်ကာယ ကြိုးစား၍ အလေ့အကျင့် ပြုလုပ်သင့်ပါသည်။ ကွမ်းသည် ခေါက်ဆွဲစားသကဲ့သို့ အားပါးတရ စားရမည့် အစားအစာ မဟုတ်ပါ။ သင်ကွမ်းစား သလား။ စားလျှင်လျှော့စား စေချင်ပါသည်။ လျှော့လျှင် လျော့သွားပါလိမ့်မည်။ ထို့ကြောင့် 'အရည်မရ အဖတ်မရ' အလုပ်တွေဟု လူကြီးသူမများက ပြောခဲ့ကြသည်။
ကွမ်းဝါးပြီး ကွမ်းတံတွေး ထွေးသော်အရည်မရ။ ဝါးပြီးကွမ်းဖတ်များ ထွေးထုတ်ပြန်တော့ အဖတ်ကမရ။ အကျိုးကျေးဇူးကား အာခံတွင်းဆိုင်ရာ ပြဿနာများသာ ဖြစ်လာသည် ကို တွေ့ရှိရကြောင်း ရေးသား လိုက်ရပေသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment