ရွေးကောက်ပွဲကာလ ဖေ့စ်ဘွတ်ခ်တွင် သတင်းမှား ဖော်ပြပါက ထောင်
ကျနိုင်သည့် ပြစ်ဒဏ်များဖြင့် အရေးယူတော့မည်
==================================
လက်ရှိအချိန်မှစ၍ ရွေးကောက်ပွဲ ကာလအတွင်း ဖေ့စ်ဘွတ်ခ်တွင် သတင်းမှားများ ရေးသားဖော်ပြပါက ထောင် ကျနိုင်သည့် ဥပဒေများဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း သိရ သည်။ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ ပြုလုပ်ချိန် ကာလအတွင်း ဖေ့စ်ဘွတ်ခ် ပေါ်တွင် ပါတီတစ်ခုနှင့် တစ်ခု အမုန်းပွားစေသည့် အကြောင်းများ၊ မဟုတ်မမှန်သည့် သတင်းများ အစရှိသည် တို့ကို ရေးသားဖော်ပြပါက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နှင့် သော်လည်းကောင်း၊ ဆက်သွယ်ရေး အက်ဥပဒေ ပုဒ်မ ၆၈(က)နှင့်သော် လည်းကောင်း အရေးယူသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက ပြော သည်။ ထိုသို့ပြုလုပ်ခြင်းမှာ လွတ်လပ်မှုကို ပိတ်ပင်ခြင်းမဟုတ်ဘဲ၊ အကောင်းဆုံး ဖြစ်အောင် ရည်ရွယ်၍ ဆောင် ရွက်ခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြောသည်။ “ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဖေ့စ်ဘွတ်ခ်လည်း မကျယ်ပြန့်သေးဘူး။ စာပေစိစစ်ရေးလည်း ရှိခဲ့တယ်။ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့က ဒီရွေးကောက်ပွဲက ပထမဆုံးအကြိမ် စတင်ကိုင်တွယ်ရခြင်း ဖြစ်တဲ့အတွက် အကောင်း ဆုံးဖြစ်အောင် ရည်ရွယ်ပြီး လုပ်တာပါ” ဟု ၎င်းက ပြောသည်။ ပုဒ်မ ၅၀၅(ခ)သည် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ် အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး နိုင်ငံတော်အစိုးရ (သို့မဟုတ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက အများပြည်သူကိုသော် လည်းကောင်း၊ လူတစ်စုကိုသော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ ဖြစ်စေလျှင် ဤပြစ်မှုမြောက်သည်ဟု သိရသည်။ အရေးယူရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး အက်ဥပဒေပုဒ်မ ၆၈(က) အရ အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး မမှန်ကန်သည့် သတင်း အချက်အလက်အား မရိုးဖြောင့်သော သဘောဖြင့် ဖြန့်ချိပါက ထိုပြစ်မှုမြောက်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအ ချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မုန်းချောင်းရေလှောင်တမံ ကျိုးပေါက်ပြီဆိုသည့် သတင်းမှား ဖော်ပြခဲ့ကြသည့် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် နှစ်ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၇ အရ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖော်ထုတ်အရေးယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment