Saturday, September 19, 2015

ဓာတ်လိုက်ခြင်းသည် ဗို့အားကြောင့်လား၊ လျှပ်စီးကြောင့်လား

ဓာတ်လိုက်ခြင်းသည် ဗို့အားကြောင့်လား၊ လျှပ်စီးကြောင့်လား

 Published on Sat, 09/19/2015 - 08:49



ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် လျှပ်စစ်မီး သွယ်တန်းထားသည်ကို တွေ့ရစဉ်

လျှပ်စစ်ဓာတ်အား စနစ်တစ်ခုတွင် အဓိကအားဖြင့် ကဏ္ဍသုံးပိုင်း ပါဝင်သည်။  လျှပ်စစ်ကို လျှပ်ထုတ်စက်ဖြင့် ထုတ်လုပ်ပေးခြင်း၊ ယင်းနောက် လိုရာအရပ် (နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ) သို့ ပို့လွှတ်လိုင်းများ (Transmission Lines) ဖြင့် ပို့ခြင်းနှင့် သုံးစွဲသူတို့ထံ အရောက် ဖြန့်ဖြူးပေးခြင်း (Distribution Lines)  စသည်ဖြင့် လုပ်ဆောင်ရသည်ဖြစ်ရာ အပိုင်းတစ်ပိုင်းစီတွင် အလွန်နက်နဲ ရှုပ်ထွေးသော နည်းပညာရပ်တို့ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရမည်။  ရိုးရိုးသာမန် အိမ်တစ်အိမ် အတွင်း၌ (ဥပမာလုံးချင်းနှစ်ထပ်အိမ်)  သုံးစွဲ မည့် လျှပ်စစ်ဓာတ်အား ပမာဏနှင့် သဟဇာတဖြစ်သည့် ကြိုးသွယ်တန်းသည့် ကိစ္စသည်ပင်လျှင် လျှပ်စစ်အကြောင်း နားလည်တတ်ကျွမ်းသူသာ စနစ်ကျကျ ဆောင်ရွက်ပေးနိုင်သည်။  နားလည်တတ်ကျွမ်းမှု မရှိသည့် အခြားပုဂ္ဂိုလ်များ ဆောင်ရွက်မပေးနိုင်ဟု မဆိုလိုသော်လည်း ဘေးအန္တရာယ် မဖြစ်စေရန် စည်းမျဉ်းစည်းကမ်း ဘောင်အတွင်း တိကျစွာ လိုက်နာဆောင်ရွက်ခြင်းကိစ္စနှင့် ပတ်သက်လာလျှင်မူ မတူညီနိုင်တော့ပေ။

စိတ္တဇ ပန်းချီကားတစ်ချပ်လို လျှပ်စစ်သည် နားလည်ရခက်သည်။ သည့်ပြင် လျှပ်စစ်ကို နိုင်နင်းသော လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်ရန်မှာ သာလွန်ခက်သေးသည်။ လျှပ်စစ်၏ အတွေးအမြင် (Concept)  အယူအဆကို အများအားဖြင့် သဘောပေါက်ရန်မလွယ်။ အခြားစက်မှု၊ မြို့ပြစသော အင်ဂျင်နီယာ ပညာရပ်များမှာ မျက်စိဖြင့်မြင်ရ၊ လက်ဖြင့် ကိုင်တွယ်ထိတွေ့ စမ်းသပ်နိုင်သည့် ပညာရပ်များ ဖြစ်သဖြင့် လျှပ်စစ်ပညာရပ်လောက် အတွေးအမြင် မရှုပ်ဟု ယူဆသည်။  ပညာရပ်တိုင်းမှာ သင်ယူရန် လွယ်ကူသော ပညာရပ်ဟူ၍မရှိ၊ ခက်သည်ချည်းဖြစ်သည်။ အတွေးအမြင် အယူအဆတွင်သာ အတိမ်အနက် ကွာခြားသည်။

လျှပ်စစ်ဓာတ်သည် မနှိုင်းကောင်း နှိုင်းကောင်း တစ်ချက်လွှတ် အာဏာရှင်တစ်ဦးနှင့် တူသည်။ သွားထိသူအား အသေသတ်သည်။  သို့သော်၊ မတူသည့် အချက်တစ်ချက်တော့ ရှိသည်။ လျှပ်စစ်ဓာတ်ကို ကောင်းစွာ နားလည်သူ ကိုင်တွယ်ပါက သူကဘာမှ ဒုက္ခမပေး၊ လူအများကိုပင် အတိုင်းအဆမရှိ အကျိုးပြုလိုက် သေးသည့် အချက်ပင်ဖြစ်သည်။

ရန်ကုန် စက်မှုတက္ကသိုလ် (ယခု နည်းပညာတက္ကသိုလ်) ၌ အခြေခံ သဘောတရား များအား နိုင်နင်းစွာ သင်ယူတတ်မြောက်ခဲ့သူ တစ်ဦးသည်ပင် အလုပ်ခွင်သို့ ရောက်ရှိသွား၍ လက်တွေ့လုပ်ငန်းနှင့် ဆက်စပ် အသုံးချခွင့် ရပြီးမှသာ အဆိုပါ အခြေခံသဘောများကို မိမိရရ ဆုပ်ကိုင် သဘောပေါက် နားလည်သွား တော့သည်ဟု ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်သူ အားလုံးလိုလိုက ၀န်ခံပြောဆိုကြသည်။ ဤမျှနက်နဲသော အင်ဂျင်နီယာ နည်းပညာဘာသာရပ်တို့ကို တက္ကသိုလ်တွင် အချိန်ပြည့် ခြောက်နှစ် သင်ယြူ ပီးစီးခဲ့သူများသည်သာ သက်ဆိုင်ရာ လုပ်ငန်းတို့၌ အခက်အခဲ နည်းပါးစွာဖြင့် ရပ်တည်နိုင်ခဲ့သည်ကို ခေတ်ကာလ တစ်လျှောက် အနှစ် ၆၀၊ ၇၀ အတွင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ၏ ပညာရေးအဆင့် အလွန်မြင့်မားခဲ့သော ထိုကာလများတွင် ဘွဲ့ရ လျှပ်စစ်အင်ဂျင်နီယာတစ် ယောက်ဖြစ်ရန် သင်္ချာ၊ ရူပဗေဒအပါအ၀င် အင်ဂျင်နီယာဘာသာရပ် စုစုပေါင်း ၄၀ ခန့် သင်ယူ တတ်မြောက် အောင်မြင်မှသာ ဖြစ်နိုင်သည်။  ယင်းဘာသာရပ်များအနက် လျှပ်စစ်ပတ်လမ်းများ  (Electrical Circuit) ဘာသာရပ်မှာ အသုံးအ၀င်ဆုံးနှင့် အခြေခံအကျဆုံးဟုဆိုလျှင် မမှားနိုင်။  ပို၍ အခြေခံကျသည့် အစိတ်အပိုင်းတစ်ခုမှာ လျှပ်စစ်သံလိုက်နှင့် ယင်းမှဖြာထွက်သည့် စက်ကွင်းအကြောင်း ဖြစ်သည်။ မည်သည့် လျှပ်စစ်စက်ကိုပဲကြည့်ကြည့် လျှပ်စစ်သံလိုက် လုပ်ဆောင်ချက်နှင့် လွတ်ကင်းသည်ဟု မတွေ့ရ။ စက်မှုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ ပြောင်းမှု ဘာသာရပ်သည်လည်း အရေးပါလှသည်။ လျှပ်ထုတ်စက်နှင့် မော်တာ အမျိုးမျိုးအကြောင်းသည်လည်း ဘာသာရပ်တစ်ခု အဖြစ်တည်ရှိခဲ့သည်။  သင်တန်းခြောက်နှစ်၏ နောက်ဆုံးနှစ်၌ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်သည် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ခြင်း၊ ပေးပို့ခြင်းနှင့် ဖြန့်ဖြူးခြင်းတည်းဟူသော ပညာရပ်များအား အသေးစိတ်လေ့လာရ သည်။  ဘာသာရပ်များအဖြစ်၊ လျှပ်စစ်စွမ်းအားစနစ် ခွဲခြမ်းစိတ်ဖြာမှု၊ စွမ်းအားစနစ် ကာကွယ်မှု၊ စွမ်းအားစနစ် တည်ငြိမ်မှု စသည့်ဘာသာများအပြင် ပို့လွှတ်လိုင်း၌ အပြစ် (Fault) ဖြစ်၍ စစ္စတမ်ဘရိတ်ဒေါင်း မဖြစ်မီစပ်ကြား ထိုအပြစ်ကို အမြန်ဆုံး ရှာဖွေကုစား ဖယ်ရှားပစ်ရန် လုပ်ဆောင်ခြင်းလည်း ပါဝင်သည်။ “မှတ်ချက်။ ကွန်ပျူတာသုံး၍ ကွန်ရက်၏ ပုံစံငယ်တစ်ခု ပြုလုပ်ကာ ဒစ်ဂျစ်တယ်နည်းဖြင့် လှုံ့ဆော်ခြင်းဖြင့် ယခုအခါ ပြဿနာတို့အား တွက်ချက် ဖြေရှင်းနေပြီ ဖြစ်သည်။”

လျှပ်စစ်အင်ဂျင်နီယာ မဟုတ်သော အခြား အင်ဂျင်နီယာ ကျောင်းသားများသည်လည်း ၎င်းင်တို့၏ ခြောက်နှစ်သင်တန်းအတွင်း တတိယနှင့် စတုတ္ထနှစ်များတွင် အခြေပြုလျှပ် စစ်အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူရပေသည်။ စက်မှု၊ မြို့ပြ၊ ဓါတု၊ သတ္တုဗေဒ၊ သတ္ထုတူး၊ ရေနံ၊ ချည်မျှင်နှင့် အထည်စသည့် အထူး ပြု ကျောင်းသားများသည် မည်သည့်လုပ်ငန်းခွင်၌မဆို လျှပ်စစ်အခြေခံသဘော၊ လျှပ်စစ်မော်တာများ၊ လျှပ်စစ်ပစ္စည်းကိရိယာများ စသည်တို့နှင့် မလွဲမသွေ ကြုံဆုံထိတွေ့ရန် သေချာသောကြောင့် ဤလျှပ်စစ်ဘာသာရပ်ကို လေ့လာရန် လိုအပ်ခြင်းဖြစ်သည်။ ၎င်းတို့အား အခြေခံ ဒီစီအေစီ လျှပ်စစ်ပတ်လမ်း၊ လျှပ်စစ်သံလိုက်ဓာတ်၊ အေစီဒီစီ လျှပ်ထုတ်စက်နှင့် မော်တာအမျိုးမျိုး၊ ဒီစီ မော်တာမြန်နှုန်းကို လိုအပ်သလို ထိန်းကွပ်နည်း၊ ထရန်စဖော်မာများ၊ စွမ်းအားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းစသည့် သင်ရိုးကို နှစ်နှစ်တာကာလအ တွင်း သင်ယူစေသည်။

အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာရန် အခြေခံလိုအပ်သည့် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ အပါအ၀င် စုစုပေါင်းခြောက်နှစ်မျှ ဘာသာရပ်ပေါင်း မြောက်မြားစွာကို လေ့လာ ဆည်းပူးခဲ့ရခြင်းမှာ နှယ်နှယ်ရရ ကိစ္စမဟုတ်ပေ။

သေးသေးမွှားမွှားပါဟူ၍တစ်မျိုး၊ အင်ဂျင်နီယာ မဟုတ်လည်း ထိုအလုပ်ကို လုပ်နိုင်သည်ဟူ၍ တစ်ဖုံထင်မြင် ယူဆပါက ထိုသို့ယူဆသူသည် သူတစ်ပါးအား နှိမ်ချိုးလို၍ ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ အောက်ခြေလွတ်၍ဖြစ်စေ၊ အပေါ်စီးမှ နေရာယူလို၍ ဖြစ်စေ တစ်ခုခုကြောင့်တော့ဖြစ်မည်။

ယခုလည်း တစ်နေ့က သတင်းတစ်ပုဒ်ထဲတွင် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၌ နည်းပညာနှင့် သက်ဆိုင်သည့် စီမံခန့်ခွဲမှု အပိုင်းတွင် စစ်ဘက်မှ အငြိမ်းစားများ ၀င်ရောက်ရန် အသင့်ဖြစ်နေသည့် သတင်းကို ဖတ်လိုက်ရသည်။ လျှပ်စစ်ဖြန့်ဖြူးရေး ဆိုင်ရာနေရာများတွင် တာဝန်ယူ ဆောင်ရွက်နေသည့် အင်ဂျင်နီယာများ၏ နေရာ၌ လျှပ်စစ်ကို နားမလည်ဘဲ ငါးရက်လောက် သင်တန်းပေးပြီးသူများအား အစားထိုးမည်ဟု သတင်းထဲတွင် ဆက်လက်ပါရှိသည်။  နည်းပညာ ကျွမ်းကျင်သူများ မဟုတ်သည့်အတွက် စီမံခန့်ခွဲရာမှာ လျှပ်စစ်အသုံးပြုသည့် ပြည်သူအများ ထိခိုက်နစ်နာမည်ဟု လျှပ်စစ်အင်ဂျင်နီယာတစ် ယောက်ကဆိုသည်။  (The Daily Eleven ၁၂ - ၉ -၂၀၁၅ နေ့ထုတ်) မှန်ပါသည်။  ပြည် သူ ထိခိုက်နစ်နာရုံသာမက အသက်အန္တရာယ်ပါ ဖြစ်လာနိုင်သည်။ အထက်တွင် စာရေးသူ ရေးခဲ့သလို လျှပ်စစ်ဆိုင်ရာ အတွေးအမြင် အယူအဆကို နားလည်သဘောပေါက်ရန် ခက်ခဲကြောင်း ရေးခဲ့သည်။  ဓာတ်လိုက်ခြင်းသည် ဗို့အားကြောင့်လား၊ လျှပ်စီးကြောင့်လား။  ၂၃၀ ကီလိုဗို့၊ ၃၃ ကေဗီ၊ ၁၁ ကေဗီ၊

၆ ဒသမ ၆ ကေဗီ၊ ၄၀၀ ဗို့၊ ၂၃၀ ဗို့ စသဖြင့် မည်သည့်အတွက်ကြောင့် ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေး၌ ဗို့အားပမာဏ အမျိုးမျိုး အစားစားရှိသနည်း။  ထရန်စဖော်မာကို မည်သည့်နေရာတွင်မှ အသုံးပြုရသနည်း။ ၀ိုင်ယာရှော့ထ် (Wire Short) သို့မဟုတ် ရှော့ထ်ဆားကစ် (Short Circuit) မည်သည့်အတွက်ကြောင့် ဖြစ်သနည်း။  မည်သို့ ကာကွယ်မည်နည်း။ မေးခွန်း ဒုနှင့်ဒေး ရှိသည့်အနက် အချို့ ကိုသာ မေးခွန်းထုတ်ထားခြင်းဖြစ်သည်။ ဤမေးခွန်းတို့အား လျှပ်စစ်အင်ဂျင်နီယာများနှင့် လျှပ်စစ်ဘာသာရပ်ကို သင်ယူဖူးသောသူများသာ တိကျစွာဖြေဆိုပြီး ဖြေရှင်းနိုင်မည် ယူဆသည်။ တိုင်းပြည်အနာဂတ် ကောင်းမွန်တိုး တက်ရန်ဆိုသည်မှာ နေရာဌာနတိုင်း၌ လုပ်ငန်းဆောင်ရွက်ရာတွင် လူမှန်နေရာမှန်ဖြစ်ဖို့ အလွန်တရာ အရေးကြီးသည်။ လျှပ်စစ်ဓာတ်အားပေးရေးသာမက တရားရေးနယ်ပယ်တွင်လည်း လူမှန်နေရာမှန်ဖြစ်မှု အလွန် အားနည်းသဖြင့် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို မရရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ စစ်အာဏာရှင် အစိုးရလက်ထက် ၁၉၇၀ ခုနှစ်လွန်မှစ၍ ယင်းလုပ်ရပ်များ ပေါ်ထွန်းလာခဲ့သဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံကြား၌ မဖြစ်ပေါ်သင့်သည့် ပြဿနာများ ဖြစ်ပေါ်လာခဲ့သည်။

လျှပ်စစ်နှင့်ပတ်သက်သော စီမံခန့်ခွဲမှု ပြဿနာကိစ္စ ဖြစ်သောကြောင့် လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာရန် ၀ါယမ မည်မျှစိုက်ထုတ်ခဲ့ပြီး အချိန်မည်မျှ ပေးစွန့်ခဲ့ရသည်ကို ဆောင်းပါး၏ ရှေ့ပိုင်းတွင် ရှည်ရှည်ဝေးဝေး ရေးခဲ့ခြင်းဖြစ်သည်။ ပြီးတော့ ယင်းသို့ ဖော်ပြရေးသားခြင်းဖြင့် နိုင်ငံတိုး တက်ဖွံ့ဖြိုးမှုတွင် အင်ဂျင်နီယာများ၏ နည်းပညာနှင့်ယှဉ်သော ကိုယ်တိုင်စီမံခန့်ခွဲမှု မည် မျှ အရေးတကြီး လိုအပ်နေကြောင်းကို သိသာစေရန် မီးမောင်းထိုး သက်သေ ပြလိုက်ခြင်းလည်း ဖြစ်သည်။

သို့ဖြစ်၍ လျှပ်စစ်ဓာတ်လိုက်ခြင်းသည် ဗို့အားကြောင့်လား၊ လျှပ်စီးကြောင့်လား ကွဲပြားသူဖြစ်ပါက ပိုမို အပ်စပ်မည် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်မိပါသည်။

Writer: 

တက္ကသိုလ်မိုးဝါ

Opinions



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment