Saturday, September 19, 2015

WFP က မူလတန်းကျောင်းသူ/သားများအား ကျောင်းတွင်းရိက္ခာများ ထောက်ပံ့မည်

WFP က မူလတန်းကျောင်းသူ/သားများအား ကျောင်းတွင်းရိက္ခာများ ထောက်ပံ့မည်
Saturday, September 19, 2015
မြန်မာနိုင်ငံရှိ မူလတန်းအရွယ် ကျောင်းသား နှစ်သိန်းနှစ်သောင်းကျော်ကို ယခုပညာသင်နှစ်တွင် ကျောင်းတွင်းရိက္ခာများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)နှင့် ပညာ ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊မကွေးတိုင်းနှင့် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများရှိ မူလတန်းကြို နှင့် မူလတန်းကျောင်း နှစ်ထောင့်သုံးရာခန့်တွင် ဗီတာမင်နှင့် သတ္တုဓာတ်ပြည့်ဝပြီး အာဟာရဖြည့်ဘီစကွတ်များကို စက်တင်ဘာမှ စတင် ထောက်ပံ့ပေးမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

‘‘ဘီစကွတ်ကို ကျောင်းစ မတက်ခင်အချိန်မှာ ဖြန့်ဝေပေးမယ်။ ဒါက စာသင်ခန်းအတွင်း မှာ ကလေးငယ်တွေရဲ့ အာရုံစူး စိုက်မှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမို ကောင်းမွန်လာအောင် အကူအညီပေးနိုင်သလို ကျောင်းအပ်နှုန်း၊ ကျောင်းတက်နှုန်း၊ ကျောင်းနေပျော်၍ သင်ယူနိုင်မှုစွမ်းအားလည်း တိုးတက်လာစေမှာဖြစ်ပါတယ်’’ဟု WFP ဌာနေကိုယ်စားလှယ် Dom Scalpelli က ပြော သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)သည် ယခုနှစ်တွင် မကွေးတိုင်း စေတုတ္တရာမြို့နယ်မှ မူလတန်းကျောင်း ၆၀ ၊ ရခိုင်ပြည်နယ် မင်းပြား၊ မြေပုံ၊ပေါက်တောမြို့နယ်ရှိ မူလတန်းကျောင်း ၁၀၈ ကျောင်းနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မူလတန်းကျောင်း ၃၀ တို့တွင် ကျောင်းတွင်းရိက္ခာများကို ယမန်နှစ်ကထက် တိုးမြှင့်ထောက်ပံ့ပေးမည် ဖြစ်သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)၏ ကျောင်းတွင်းရိက္ခာထောက်ပံ့ခြင်း အစီအစဉ်ကို ရန်ပုံငွေလိုအပ်ချက် ကြောင့် ၂၀၁၄ နိုဝင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီအထိ ရပ်ဆိုင်းခဲ့ပြီး နောက် တစ်နိုင်ငံလုံးဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး အဆိုပါ အစီအစဉ်ကို ပြန် လည်စတင်ရန် နှောင့်နှေးခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ကျောင်းတွင်းရိက္ခာများ ထောက်ပံ့မည့် အစီအစဉ်ကို ပညာရေးဝန်ကြီးက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် မူလတန်းကြိုနှင့် မူလတန်းကျောင်းလေးထောင်ရှိ ကျောင်းသားငါးသိန်းအထိ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ သိရသည်။
7day



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment