Tuesday, September 9, 2014
ဗုဒ္ဓသာသနာတော် ဘယ်လို မှေးမှိန်ခဲ့ရသလဲ
နိဒါန်း
သဗ္ဗညူ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံတော်မူသည့် နှစ်ကို သာသနာ သက္ကရာဇ် ၁ နှစ်ဟူ၍ စတင် ရေတွက်ခဲ့ရာ ယခုအခါ သာသနာ သက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ ကျော်လေပြီ။ ဤမျှ ရှည်လျားသော နှစ်ပရိစ္ဆေဒ ကာလအတွင်း ဖြတ်သန်း ချီတက်လာခဲ့ရသော ဗုဒ္ဓသာသနာတော်၏ ၂၅၀၀- ခရီး လမ်းမ တလျှောက် ပြန်လည်မျှော်ကြည့်၍ အတိတ်လှန် ဇာတ်ကြောင်းပြန်ရပါမူ ရွှင်လန်း အားတက်ဖွယ်၊ ဝမ်းနည်း ကြေကွဲဖွယ်၊ အံ့သြ ထိတ်လန့်ဖွယ်၊ အောက်မေ့တသ လွမ်းဆွတ်ဖွယ်တို့နှင့် ပြည့်လျှမ်းနေသော ဝတ္တုရှည်ကြီး တစ်ပုဒ်နှင့် တူလှပေတော့သည်။
သာသနာ ၂၅၀၀- ခရီးစဉ် သမိုင်းတလျှောက်၌ ဗုဒ္ဓသာသနာတော်သည် မှိန်ခဲ့ တစ်ခါသာ ချီတစ်လှည့်၊ ခေါက်ရှာဌက်ပျံသလို နိမ့်တုံမြင့်တုံ ကြုံခဲ့ရသည်။ ခေတ်အဆက်ဆက် အတွင်းရန်သူ အပြင်ရန်သူတို့၏ တိုက်ခိုက်ထိုးနှက်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ အဖျက်အဆီးများကို ဖယ်ရှား၍ အတားအဆီးများကို ဖြတ်ကျော်ခဲ့ရသည်။ သာသနာပြင်ပ အညတိတ္ထိယ တို့သည် ရံခါပြင်ပမှ ဝါဒချင်း ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြ၍ ရံခါသာသနာတွင်း ဝင်ကာ ပူးသတ်ခဲ့ကြသည်။ သာသနာ့ ဝန်ထမ်း ရဟန်းတော်များ အထဲမှလည်း သာသနာ့ ရန်ဆူးရန်ငြောင့်များ ပေါ်ထွက်ခဲ့ပြန်သည်။ အသားထဲမှ လောက်ထွက်၍ သံကိုသံဖျက် သံချေးတက်ခဲ့သည်။ ယင်းသာသနာ့ ဆူးငြောင့် ခလုတ်များကို ဖယ်ထုတ်ရာမှ ဂိုဏ်းကွဲများ ဖြစ်ပေါ်ခဲ့ရသည်။ ဆေးကြောဖယ်ရှား ပစ်လိုက်သော အညစ်အကြေး များကပင် အင်အားစုကာ တစ်စင် ထောင်လာကြပြန်သည်။
ဗုဒ္ဓသာသနာတော်သည် ရံခါသာသနာ့ ဒါယကာ ဘုရင်မင်းမြတ်တို့၏ ချီးမြှောက်ထောက်ပံ့မှု ခံရ၍ ရံခါ ဆန့်ကျင်ဘက် ဘုရင်တို့၏ ဖိနှိပ်ညှဉ်းပန်းမှု ခံခဲ့ရသည်။ ရံခါ လျစ်လျူရှုခြင်းခံခဲ့ရပြီး၊ ရံခါ အုပ်စိုးသူ တို့၏ လိုလိုလားလား ပင့်ဖိတ်မှုကိုခံရ၍၊ ရံခါ ပြည်နှင်ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည်။ တစ်ခေတ်တစ်ခါက ဗုဒ္ဓဘာသာ ကိုးကွယ်ပါမှ ခေတ်မီသည်ဟု ယူဆခဲ့ကြရာမှ တစ်ဖန် ခေတ်ပြောင်းသောအခါ ဗုဒ္ဓဘာသာကို ခေတ်နောက်ကျသည်ဟု ယူဆလာကြပြန်သည်။ ဘုရင်မင်းမြတ်တို့၏ ဘွဲ့တံဆိပ် နာမံကို ပါဋ္ဌိဘာသာဖြင့် ခံယူကြ၍ စကားပြောရာ၌ပင် ပါဋ္ဌိစကားလုံးများများ ညှပ်ပြောနိုင်မှ ဂုဏ်ရှိသည်ဟု ယူဆခဲ့ကြရာမှ တစ်ဖန် အခြားခေတ်တစ်ခု၌ ပါဋ္ဌိဝေါဟာရများကို တတ်နိုင်သမျှ ရှောင်ကွင်းဖယ်ထုတ်ရန် ကြိုးပမ်းကြပြန်သည်။
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် တစ်ခေတ်တစ်ခါက အနောက်သို့လားသော် ဂန္ဓာရတိုင်းခေါ် ပါကစ္စတန်ပြည်၊ အာဖဂန်နစ်စတန်ပြည်၊ ခိုတန်ခေါ် တာကစ္စတန်ပြည်နှင့် ယောနကလောက ခေါ်သော တူရကီ၊ ဂရိတ်နိုင်ငံများ အထိ ပျံ့နှံ့ထွန်းကားခဲ့သည်။ ဂင်္ဂါမြစ်မှ ဗော်လဂါမြစ်သို့ တိုင်အောင် သာသနာ ရောင်ဝါ ထွန်းကားခဲ့ပေသည်။ မြောက်သို့လားသော် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ တိဗက်ပြည်၊ မွန်ဂိုလျပြည်၊ ဆိုဗီယက် ရုရှားနိုင်ငံ ဆိုက်ဗေးရီးယားအထိ ပျံ့နှံ့ခဲ့၍ ယခုတိုင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ အရှေ့သို့လားသော် သုဝဏ္ဏဒီပ (အင်ဒိုနီးရှားနှင့်) သုဝဏ္ဏဘုမ္မိ ခေါ် မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယား၊၊ ဂျပန်အထိ ပျံ့နှံ့၍ ယခုအထိ အချို့နိုင်ငံများ၌ သာသနာ တည်ရှိ နေလေသည်။
ဤသို့လျှင် နေမဝင်သော ဗုဒ္ဓနိုင်ငံတော်ကြီး တည်ရှိခဲ့ပုံကို ပြန်လည် မှန်းဆကြည့်နိုင်ရန် ရာစုနှစ် အလိုက် အတိတ်ကိုလှန်၍ ဇာတ်ကြောင်းပြန်ရပါမူ-
သာသနာနှစ် - ၁
ရာဇဂြိုဟ်ပြည်တွင် အဇာတသတ် မင်းကြီး၏ ကာကွယ်စောင့်ရှောက် ထောက်ပံ့မှုကို ခံယူ၍ အရှင် မဟာ ကဿပ၊ အရှင် ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာ ၅၀၀- တို့ စုပေါင်းညီညာ ပထမ သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဘုရားဟော ဒေသနာတော်ကို နုတ်ပယ်၊ ဖြည့်စွက် ပြင်ဆင်ခြင်း မပြုကြရန်မူ ချမှတ်တော်မူခဲ့ကြသည်။
သာသနာနှစ် - (၁) ရာစု
ဝေသာလီပြည်တွင် ကာလာသောကမင်းကြီး၏ အထောက်အပံ့ ခံယူ၍ အရှင်မဟာယသနှင့်တကွ ရဟန္တာမထေရ် ၇၀၀- တို့ ဒုတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ဝဇ္ဇီ တိုင်းသား ရဟန်းများသည် ဝိနည်း တရားတော်ကို ပြင်ဆင်ဖြည့်စွက်လိုကြ၍ မဟာသံဃိက ဂိုဏ်းအဖြစ်ဖြင့် သီးခြားခွဲထွက်ခဲ့ကြသည်။
သာသနာနှစ် - (၂) ရာစု
မဟာ သံဃိကဂိုဏ်း၏ ရှေ့ဆောင်လမ်းပြမှုကြောင့် ဂိုဏ်းကွဲများ ဆက်ကာဆက်ကာ ပေါ်ထွက် ခဲ့သည်။ မဟာသံဃိက ဂိုဏ်းမှ ဂိုဏ်းကွဲ ၅- ခုထွက်ပေါ်ခဲ့၍ ထေရဝါဒမှ ၁၁- ဂိုဏ်း ကွဲထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေးအဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာ့ ဂိုဏ်းပေါင်း ၃၀- အထိ အကွဲအပြဲ ခေတ်စားခဲ့သည်။
ထို့ခေတ်က မြန်မာနိုင်ငံ သရေခေတ္တရာမြို့တွင် ဗုဒ္ဓသာသနာ ထွန်းကား၍ ဒွတ္တပေါင်မင်းကြီး လက်ထက် စေတီကြီး ၁- ဆူတည်ခဲ့ကြောင်း မြန်မာ့သမိုင်း၌ ပြဆိုထားသည်။
သာသနာနှစ် - (၃) ရာစု
အရှင်မဟာ မောဂ္ဂလိ ပုတ္တတိဿထေရ် အမှူးပြုသော ရဟန္တာ မထေရ်ကြီး တစ်ထောင်တို့သည် အသောကမင်းကြီး၏ ကာကွယ်စောင့်ရှောက် ထောက်ပံ့မှုခံယူ၍ တတိယ သင်္ဂါယနာ တင်တော်မူ ခဲ့ကြသည်။ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ အယူဝါဒ အားလုံးကို ထေရဝါဒဘက်မှ ပြန်လည်ဖြေရှင်း ပယ်ဖျက် နှိမ်နင်းသော ကထာဝတ္တု ကျမ်းကြီးကို အရှင်မဟာ မောဂ္ဂလိ ပုတ္တတိဿထေရ်က ရဟန်းတော် ၁၂- သိန်း တို့၏ အလယ်၌ ဟောကြားတော်မူခဲ့သည်။ အနောက်သို့ လားသော် ဂန္ဓာရတိုင်းနှင့် တူရကီ ဂရိတ်တို့ ဒေသ ယောနကလောက တိုင်အောင် လည်းကောင်း၊ အရှေ့သို့ လားသော် သုဝဏ္ဏဘူမိခေါ် မြန်မာနှင့် ထိုင်းနိုင်ငံ တိုင်အောင် လည်းကောင်း၊ တောင်သို့လားသော် သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်း တိုင်အောင် လည်းကောင်း၊ မြောက်သို့လားသော် ဟိမဝန္တာ တောင်တန်းဒေသ တိုင်အောင် လည်းကောင်း ဗုဒ္ဓ သာသနာတော် ပျံ့နှံ့စေရန် ရဟန္တာမထေရ်ကြီး များ၏ အမိန့်အရ အသောကမင်းကြီးသည် ကိုးတိုင်း ကိုးဌာနသို့ သာသနာပြု စေလွှတ်တော်မူခဲ့ရသည်။
သာသနာနှစ် - (၄) ရာစု
အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြှင့်ထောက်ပံ့သော သာသနာ့ ဒါယကာ မောရိယ မင်းဆက်ပြုတ်၍ ဗြာဟ္မဏ ဘာသာဝင် ဘုရင်များ နန်းတက်ခဲ့သည်။ ဗြာဟ္မဏ ဘုရင်တို့၏ နှိပ်စက် မှုကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းမှာ အိန္ဒိယ အနောက်ပိုင်းသို့ ပြေးခဲ့ရ၍ ထေရဝါဒ ဂိုဏ်းမှာ အိန္ဒိယ တောင်ပိုင်း ဆံချီသို့ ရွှေ့ခဲ့ရသည်။ ဗြာဟ္မဏ ဘုရင်တို့သည် သက္ကတဘာသာကို ဦးစားပေးရာ ၎င်းတို့၏ မျက်နှာသာ ပေးခံလိုမှုကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒ ဂိုဏ်းသည် ဘုရားဟော ပါဋ္ဌိတော်များကို ပါဋ္ဌိဘာသာမှ သက္ကတ ဘာသာသို့ ပြောင်းလဲခဲ့ကြသည်။ ထိုခေတ်မှာပင် သီဟိုဠ်ကျွန်းကို စောဋ္ဌတိုင်းမှ ဧဋ္ဌာရ မည်သော ဗြာဟ္မဏဘုရင်သည် ကျူးကျော်တိုက်ခိုက် သိမ်းပိုက်၍ ဗုဒ္ဓသာသနာတော်ကို နှိပ်စက် ဖျက်ဆီးခဲ့သည်။ ဒုဋ္ဌဂါမဏိမင်းကြီးက မိစ္ဆာဒိဋ္ဌိကျေးကုလားတို့ကို တိုက်ခိုက်နှိမ်းနင်း၍ ဗုဒ္ဓ သာသနာ တော်ကို ကာကွယ်စောင့်ရှောက် ချီးမြှောက်ခဲ့သည်။
သာသနာနှစ် - (၅) ရာစု
ပန်ဂျပ်ပြည်နယ် သာဂလမြို့တော်တွင် ဂရိတ်နွယ်ဝင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာ အရှင် နာဂသိန်က ဖြေဆိုသော မိလိန္ဒပဥှာ ပါဋ္ဌိတော် ကျမ်းကြီး ပေါ်ထွန်းခဲ့သည်။
သီဟိုဠ်ကျွန်းတွင် ဗြာဟ္မဏ အနွယ်ဝင်များ သူပုန်ထ၍ ထမီလ်စစ်တပ်၏ ကျူးကျော် ဝင်ရောက် နှိပ်စက်မှုကို ၁၄- နှစ် ခံစားကြရသည်။ ဝဋဂါမဏိ မင်းကြီးက နှိမ်နင်း တိုက်ခိုက်အောင်မြင်၍ တိုင်းပြည် အေးချမ်း သာယာသောအခါ ပါဋ္ဌိတော်နှင့် အဋ္ဌကထာ ပီကတ်ကျမ်းစာများကို စတုတ္တ သင်္ဂါယနာ တင်၍ ပေထက် အက္ခရာ တင်တော်မူခဲ့ကြသည်။
သာသနာနှစ်- (၆) ရာစု
ဂန္ဓာရတိုင်းတွင် ထေရဝါဒ သာသနာတော်အပေါ် ဟီနယာန သဗ္ဗတ္ထိ ဝါဒဂိုဏ်းက လွှမ်းမိုး လာသည်။ (ဂျေရုစလင်မြို့တွင် ခရစ်ယာန် ဘာသာကို စတင် တည်ထောင်သော ခရစ်တော် ပေါ်ထွန်း ခဲ့သည်။)
သာသနာနှစ်- (၇) ရာစု
ဂန္ဓာရတိုင်း ပက်သျှဝါမြို့တွင် သကမင်းများ စိုးစံသည်။ အိန္ဒိယပြည် မထုရာ၊ ဥဇ္ဇေနီ၊ ဒက်ကန်ဒေသတို့ တိုင်အောင် အာဏာစက် ပျံ့နှံ့သည်။
သရေခေတ္တရာပြည်တွင် သုမုန္ဒရီမင်းက သာသနာနှစ် ၆၂၂- ကို ချေ၍ သက္ကရာဇ် (၁) နှစ်ဟု စတင် ရေတွက်သည်။ အလားတူပင် အိန္ဒိယနိုင်ငံ သကမင်းများကလည်း သာသနာနှစ် ၆၂၂- ကိုချေ၍ သကနှစ် (၁) နှစ် ဟု စတင်ရေတွက်သည်။
သကမင်းဆက်၌ ကနိသျှက ဘုရင်ကို ဒါယကာပြု၍ ဟီနယာန သဗ္ဗတ္ထိ ဝါဒဂိုဏ်းက သင်္ဂါယနာ တင်ခဲ့သည်။ မဟာယာနဂိုဏ်းက လေးစားသော အဋ္ဌကထာ ဆရာ အဿဃောသ ပေါ်ထွန်းခဲ့သည်။ ဈာနီ ဗုဒ္ဓများနှင့် ဗောဓိသတ္တ ဘုရားလောင်း နတ်သားများ စတင်ပေါ်ပေါက်ခဲ့သည်။
သာသနာနှစ် ၆၀၈- ခုနှစ် တပေါင်းလပြည့်နေ့ ညတွင် မင်တီ အမည်ရှိ တရုတ်ဘုရင်ကြီးသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်သည်။ အရပ်တော် ၁၆- ပေ ရှိ၍ ဦးခေါင်းတော်တွင် ရောင်ခြည်တော် စက်ဝန်း ထွန်းလင်းနေသော ပုဂ္ဂိုလ်ထူး တစ်ဦးသည် ရွှေသင်္ကန်း ရုံလျက် မင်းကြီး ရှေ့မှောက် ကြွရောက်လာသည်ဟု အိပ်မက် မြင်မက်သည်။ ထိုအိပ်မက်နှင့် စပ်လျဉ်း၍ ပညာရှိ တရုတ် အမတ်ကြီးများက မဇ္ဇျိမ ဒေသတွင် သဗ္ဗညုဘုရား ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြောင်း၊ သာသနာနှစ် တစ်ထောင် နောက်၌ တရုတ်ပြည်တွင် ဗုဒ္ဓသာသနာတော် ထွန်းလင်းမည်ဟု ဗျာဒိတ်တော် ထားခဲ့ကြောင်းကို လျှောက်ထားရာ တရုတ်ဘုရင်သည် ဗုဒ္ဓရှင်တော် မြတ်ဘုရားကို ပင့်ရန် အနောက်ဘက် တိုင်းပြည်များသို့ တမန်တော်များ စေလွှတ်သည်။ ခိုတန်ပြည်သို့ ရောက်သောအခါ အရှင်ကဿပ မာတင်္ဂ (မိုထင်) ကို တွေ့၍ တရုတ်ပြည်သို့ ပင့်ခဲ့သည်။ ဗုဒ္ဓပုံတော်ကို ပိတ်ဖြူပေါ်တွင် ရေး၍ ပိဋက ကျမ်းစာများနှင့် အတူတကွ မြင်းဖြူထက်၌ တင်ဆောင်၍ ပင့်ခဲ့ကြသည်။
သာသနာနှစ် - (ဂ) ရာစု
အိန္ဒိယနိုင်ငံတွင် နာဂအဇ္ဇုန ရဟန်းတော်သည် နဂါးပြည်မှ ပိဋကများ ရရှိခဲ့သည်ဟု ဆို၍ မဇ္ဇျိမိက သုညဝါဒ ကျမ်းများကို ရေးသားသည်။ ၎င်းမှ မဟာယာနဂိုဏ်း ပေါ်ထွန်းခဲ့သည်။ အိန္ဒိယ တစ်ပြည်လုံးတွင် မဟာယာနဝါဒ ပျံ့နှံ့သည်။ သီဟိုဠ်ကျွန်းတွင် ဝေါဟာရတိဿမင်းက ဝေတုလ္လပိဋက (သဒ္ဓမ္မ ပုဏ္ဍရိက ကျမ်း) ကို မီးရှို့ ဖျက်ဆီး၍ မဟာယာနဂိုဏ်းကို တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။
သာသနာနှစ် - ( ၉) ရာစု
သီဟိုဠ်ကျွန်းတွင် မဟာသေနမင်းသည် အဘယဂိရိ ကျောင်းနေ မဟာယာန ရဟန်းတော်များကို ကြည်ညို၍ ထေရဝါဒဂိုဏ်း၏ ဗဟိုဌာနဖြစ်သော မဟာဝိဟာရ ကျောင်းနေ ရဟန်းများကို ဆွမ်းမလောင်း စေရ၊ ဆွမ်းလောင်းသူကို ဒဏ်ငွေတစ်ရာ ပေးဆောင်စေသည်။ ဒုဋ္ဌဂါမဏိ မင်းကြီး တည်ဆောက်ခဲ့သော လောဟပါသာဒ ကြေးပြာသာဒ် ကျောင်းတော်ကြီးကို ဖျက်ဆီးသည်။ ကျောင်းတိုင်ပါ နုတ်စေ၍ ကျောင်းဝင်းကို ပြောင်းခင်းလုပ်စေခဲ့သည်။
အိန္ဒိယပြည်တွင် ကလိင်္ဂတိုင်း ဒန္တပူရမြို့တွင် ဂုဟသီဝမင်းကို ဟိန္ဒူဘုရင်များက တိုက်ခိုက်ရာ ဂုဟသီဝမင်း စစ်ပွဲ၌ ကျဆုံးသည်။ သမီးတော် ဟေမမာလာသည် မြတ်စွာဘုရား၏ စွယ်တော်ကို ဆံထုံးကြား၌ ဝှက်၍ သီဟိုဠ်ကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ သီဟိုဠ်ဘုရင် ရိတ္တိသိရိမေဃမင်းက ကြိုဆို လက်ခံ၍ စွယ်တော်ကို လက်ခံ ထိန်းသိမ်း စောင့်ရှောက်ခဲ့ရာ ယနေ့အထိ သီဟိုဠ်ကျွန်း စွယ်တော်တိုက်၌ ဆက်လက် တည်ရှိသည်။
သာသနာနှစ် - ( ၁၀) ရာစု
မဟာယာန ဝိညာဏဂိုဏ်းကို စတင် တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ဝသုဗန္ဓု ညီနောင် နှစ်ပါး ပေါ်ထွန်းခဲ့သည်။ အိန္ဒိယပြည်တွင် ဂုတ္တမင်းများက နာလန္ဒ တက္ကသိုလ် စသော မဟာယာန တက္ကသိုလ်ကျောင်းကြီးများ တည်ထောင်ပေးသည်။ ဂုတ္တမင်းများမှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြ၍ ထိုခေတ် အိန္ဒိယပြည် ဗုဒ္ဓဘာသာမှာလည်း ဟိန္ဒူဝါဒနှင့် ညီအစ်ကို ဖြစ်နေသည်။
ထေရဝါဒဂိုဏ်း၌ အဋ္ဌကထာ ဆရာကြီး အရှင်မဟာ ဗုဒ္ဓဃောသ ပေါ်ထွန်းသည်။
အိန္ဒိယပြည်သား ရဟန်းတော်များသည် တရုတ်ပြည်သို့ သာသနာပြု ကြွခဲ့ကြ၍ တရုတ် ရဟန်းတော်များလည်း အိန္ဒိယသို့ ပညာတော်သင် ကြွခဲ့ကြသည်။ တရုတ်ရဟန်းတော် ဖာဟိယန်သည် ဂိုဘီ သဲကန္တာရကြီးကို အဖော်မပါ တစ်ယောက်တည်း ဖြတ်သန်းခဲ့၍ အိန္ဒိယပြည်သို့ အရောက် ၆- နှစ် ကြာ ခရီးနှင်ခဲ့သည်။ အိန္ဒိယပြည်တွင် ၇- နှစ်ကြာ ပညာသင်ခဲ့၍ တရုတ်ပြည်သို့ ပိဋကတ်တော်များ သယ်ဆောင်ခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှား ကမ္ဘောဒီးယား တို့တွင် မဟာယာန ဗုဒ္ဓသာသနာ ထွန်းကားကြောင်း မှတ်တမ်းတင်ခဲ့သည်။ အရှင်ကုမာရဇီဝ တရုတ်ပြည်သို့ ကြွ၍ သာသနာပြုခဲ့သည်။ သာသနာ့ ဒါယကာ ချင်းမင်းဆက် ပြုတ်၍ မွန်ဂိုမင်းနှင့် တောင်ပိုင်း ဆွန်းမင်းများက ဗုဒ္ဓသာသနာကို ညှဉ်းပန်း နှိပ်စက်ကြသည်။ မွန်ဂိုဘုရင်သည် ဆင်းတုတော်များကို ဖျက်ဆီး၍ ပိဋကတ် ကျမ်းစာများကို မီးတိုက်သည်။ ဘုန်းကြီး ရဟန်းများကို သတ်သည်။ ပြည်သူလူထု မကျေနပ်သဖြင့် လူထုကို နှစ်သိမ့် စေရန် ပေ ၅၀- မြင့်သော ကြေးဆင်တုကြီး တစ်ဆူ သွန်းလုပ်၍ ရွှေချပေးသည်။ တစ်မြို့လျှင် ကျောင်းတိုက် တစ်ခုစီ ဆောက်လုပ်၍ ရဟန်း ၅၀ ၊ သီလရှင် ၅၀- ပြုခွင့်ပေးပြန်သည်။
သာသနာနှစ် - (၁၁) ရာစု
တရုတ်ပြည်တွင် ကျောင်းတိုက်ပေါင်း ၁၃၀၀၀- ရှိ၍ မဟာယာန ဗုဒ္ဓဘာသာ ရွှေခေတ်ဟု ခေါ်လောက်သည်။ အရှင်ဗောဓိဓမ္မ တရုတ်ပြည်သို့ ကြွ၍ ဈင်ဂိုဏ်းကို တည်ထောင်သည်။ ကိုရီးယား ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိသည်။ ဂျပန်နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည်။
သာသနာနှစ် - (၁၂) ရာစု
အိန္ဒိယပြည်တွင် မဟာယာန ကန္တရယာန ဝိဇ္ဇာယာန အဖြစ်သို့ ပြောင်းလဲခဲ့၍ ဝိဇ္ဇာဘုန်းကြီးများ ခေတ်စားခဲ့သည်။
အာရေဗျပြည် မက္ကာမြို့တွင် တမန်တော် မိုဟာမက် ပေါ်ထွန်း၍ အစ္စလာမ်ဘာသာ ပေါ်ပေါက် လာသည်။ အစ္စလာမ်ဘာသာဝင် အာရပ် တစ်မျိုးသားလုံး စည်းလုံးညီညွတ်၍ တူရကီ၊ ပါရှား၊ အာဖဂန် နစ္စတန် အထိ အောင်နိုင်၍ အစ္စလာမ် သာသနာတော်အောက် ရောက်စေခဲ့သည်။
တရုတ်ပြည်တွင် တန်မင်းဆက် ကော်စုဘုရင်က ဘုန်းကြီးနှင့် မယ်သီလများ ရှိခြင်းကြောင့် တိုင်းပြည်၌ လူဦးရေ နည်းပါး၍ စီးပွားရေး ဆုတ်ယုတ်သည်ဟု ယူဆသဖြင့် ရဟန်း မဝတ်ရန်၊ သီလရှင် မဝတ်ရန် ချုပ်ချယ်သည်။ ယူအန်ဆောင် ဘုရင့်လက်ထက်၌ ရဟန်း ၁၂၀၀၀- ကို လူထွက်စေ၍ တစ်ဖန် ထိုမင်းသည်ပင် သာသနာ ကြည်ညို၍ သာသနာ့ ဒါယကာ ခံယူပြန်သည်။ တရုတ် ရဟန်းတော် ဟူယင်ဆန် (ဟိယင်ဆိုင်=ယွန်ချွမ်း=ယွန်ချောင်း) သည် အိန္ဒိယပြည်သို့ ကြွ၍ ၁၄-နှစ်ကြာ ပညာသင် ခဲ့သည်။
ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) ဘုရင်မကြီး လက်ထက် ရှိုတိုကုတိုင်းရှိ မင်းသားကြီး၏ ကြိုးပမ်း မှုကြောင့် ဂျပန်တစ်ပြည်လုံး မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကို ရေးဆွဲခဲ့သည်။
တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိသည်။ ဘုရင်ကိုးကွယ်ခံရ၍ နိုင်ငံတော် ဘာသာ ဖြစ်ခဲ့သည်။ အရှင် သန္တရက္ခိတနှင့် ပဒုမသမ္ဘဝ တို့က စတင် သာသနာပြုခဲ့သဖြင့် တိဗက် လားမား ဗုဒ္ဓဘာသာ စတင်ပေါ်ပေါက်ခဲ့သည်။ လားမား ဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ မွန်ဂိုလျပြည်၊ ဆိုဗီယက်နိုင်ငံများသို့ ပျံ့နှံ့ခဲ့သည်။
မြန်မာနိုင်ငံတွင် ပုပ္ပါး စောရဟန်းမင်းက သုမုန္ဒရီ မင်းဖြိုကြွင်း သက္ကရာဇ် ၅၆၀- (ခ ဆ ပဉ္စကိန်း) ကို ချေ၍ ၂- ခု ကြွင်းထားကာ မြန်မာသက္ကရာဇ် ၂- နှစ်ဟု စတင်ရေတွက်သည်။ ယနေ့ လက်ရှိ မြန်မာ သက္ကရာဇ်၏ အစဖြစ်သည်။
သာသနာနှစ် - (၁၃) ရာစု
အိန္ဒိယတစ်ပြည်လုံရှိ ရဟန်းများသည် ဝိဇ္ဇာဂိုဏ်းသို့ ဝင်ကြသည်။ နတ်ရုပ်၊ ဘီလူးရုပ်များကို ကန်တော့ပွဲထိုး၍ ဆေးဝါး မန္တရား စီရင်ကြသည်။ သင်္ချိုင်း၌ နေ၍ လူဦးခေါင်းခွင်တွင် ထမင်းထည့် စားသောက်ကြသည်။ လူတို့ကို ခြောက်လှန့် ညာဖြန်း စားသောက်ကြသည်။ ဟိန္ဒူဗြာဟ္မဏ ဘာသာမှ ပညာရှိ ရှံကရ ဆရာကြီးသည် ဟိန္ဒူဘုရင်တို့၏ အကူအညီဖြင့် တန္တရ- မန္တရဂိုဏ်းဝင် ဗုဒ္ဓဘာသာ ရဟန်းတော်များကို နှိပ်ကွပ်လေရာ အိန္ဒိယပြည် တောင်ပိုင်း၌ သာသနာကွယ်ပခဲ့သည်။ အာရဗီ စစ်ဗိုလ် မိုဟာမက် ဘိန်ကာစင်သည် ဣန္ဓုမြစ်ဝှမ်း တစ်ဝိုက်ကို တိုက်ခိုက်သိမ်းပိုက်သည်။
တရုတ်ရဟန်းတော် အိဈင် (ယိကျင်) သည် ရေလမ်းခရီးဖြင့် အိန္ဒိယသို့ ကြွ၍ ၂၂- နှစ်ကြာ ပညာသင်ကြားခဲ့သည်။ တရုတ်ပြည်တွင် မင်းညီ မင်းသား၊ မူးမတ်၊ သူဌေး သူကြွယ်၊ ကုန်သည်၊ လယ်လုပ် လူတန်းစား အားလုံးမှ ရဟန်းဝတ်သူ, သီလရှင်ဝတ်သူ အလွန်များပြားသည်။ ဂျပန်ပြည်တွင် ဘုရင်များက ဘုရားတည်, ကျောင်းဆောက် ပြုလုပ်ခဲ့ကြသည်။
သာသနာနှစ် - (၁၄) ရာစု
တရုတ်ပြည်တွင် ဝူဆောင်း ဘုရင်သည် တာအိုဘာသာဝင်ဖြစ်၍ ဘုန်းကြီးကျောင်းပေါင်း ၄၀၀၀၀ ကျော် ဖျက်ဆီးသည်။ ရဟန်းပေါင်း ၄၆၀၀ အသတ်ခံရသည်။ ရဟန်းနှင့် သီလရှင် ၂၆၀၀၀၀ လူဝတ်လဲ ကြရသည်။ ကြေးစည် ခေါင်းလောင်းများကို ဒင်္ဂါး ပိုက်ဆံ သွန်းခဲ့သည်။ ဤသို့ ပြုလုပ်၍ ၂ နှစ်အကြာတွင် ဘုရင်ကြီး မကျန်းမာ၍ နှုတ်ဆွံ့အ စကားမပြောနိုင်ဖြစ်သွားသည်။ ထိုအခါ ဘုရင်ကြီး ထိတ်လန့်၍ အမိန့်တော်ကို ပြန်လည် ရုပ်သိမ်းပြီးလျှင် အကန့်အသတ်ဖြင့် ရဟန်းပြုခွင့်ပေးသည်။
တိဗက်ပြည်တွင် ဗုဒ္ဓသာသနာတော်ကို တရားလွန် ချီးမြောက် ထောက်ပံ့သော ရာလ်ပချန်ဘုရင် နတ်ရွာစံပြီးနောက် ဘုရင်လံဓရ်မသည် ဘုန်းကြီးကျောင်းများကို ဖျက်ဆီး၍ ပိဋကတ် ကျမ်းစာများကို မီးရှို့သည်။ ဗုဒ္ဓရုပ်တုများကို မြေမြုပ်ပစ်သည်။ ဥပုသ်စောင့်မှု ရဟန်းခံ ရှင်ပြုမှုများကို တားမြစ် ပိတ်ပင်သည်။ ရဟန်းများကို ပြည်နှင်ဒဏ်ပေး၍ ထွက်မပြေးနိုင်သော ရဟန်းများကို လူဝတ်လဲစေ၍ မုဆိုး တံငါ လုပ်စေသည်။
သာသနာနှစ် - (၁၅) ရာစု
ပုဂံပြည်တွင် ညောင်ဦးစောရဟန်း (တောင်သူကြီး) မင်းဖြစ်၍ ရှင်မထီး အရည်းကြီး ဂိုဏ်းကို ချီးမြှောက် ထောက်ပံ့သည်။ အိန္ဒိယပြည် မထုရာမြို့ ဟီနယာန သဗ္ဗတ္ထိဝါဒဂိုဏ်းက တည်ထောင်ခဲ့သော ဝလဘိ တက္ကသိုလ်၊ မဂဓတိုင်း မဟာယနဂိုဏ်းက တည်ထောင်ခဲ့သော နာလန္ဒ တက္ကသိုလ်၊ ဘင်္ဂေါနယ်ရှိ သြဒန္တပူရီတက္ကသိုလ် ကျောင်းတိုက်ကြီးများကို ဝိဇ္ဇာဂိုဏ်းဝင် အရည်းကြီး ရဟန်းများ လွှမ်းမိုးလေသည်။
သာသနာနှစ် - (၁၆) ရာစု
ဝိက္ကမသီလာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး အတိဆာခေါ် ဒီပင်္ကရ သီရိဉာဏသည် တိဗက်ပြည်သို့ သာသနာပြု ကြွသည်။
ခိုတန်ပြည်ကို ယူဆစ်ကဒရ်ခန် ဦးဆောင်သော တူရကီစစ်တပ်က သိမ်းပိုက်ရာ ဗုဒ္ဓသာသနာ ကွယ်ပ၍ တာကစ္စတန်နိုင်ငံ အဖြစ်သို့ ရောက်သည်။
သုဝဏ္ဏ ဘုမ္မိ သထုံပြည်တွင် မနူဟာမင်းကြီးသည် ဝိဇ္ဇာဂိုဏ်းဝင် ဘုန်းကြီးတစ်ပါးကို နန်းဦး ဆရာတော်ပြု ကိုးကွယ်သည်။ ဇော်ဂျီ ဖိုဝင်သား စားရလျှင် လူစွမ်းကောင်း ဖြစ်နိုင်သည်ဟု မက်လုံးပြု၍ ဝိဇ္ဇာဂိုဏ်းက ဘုရင်ကို စည်းရုံးထားရာ သထုံပြည်တွင် ထေရဝါဒ သာသနာ မျက်နှာငယ်နေသည်။ ထိုအချိန်တွင် ရှင်အရဟံသည် သထုံမှ ပုဂံပြည်သို့ ကြွ၍ သာသနာပြုရာ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို အမှီရ၍ ရှင်မထီးတို့၏ အရည်းကြီး သာသနာကို နှိပ်ကွက်၍ ထေရဝါဒ သာသနာကို ချီးမြှောက် ထောက်ပံ့သည်။ သထုံမှ ကျမ်းဂန်တတ် ဆရာတော် သံဃာတော်များနှင့် ပိဋကတ်တော်များကို ပုဂံပြည်သို့ ပင့်ဆောင်၍ ကိုးကွယ်ချီးမြှောက်ထောက်ပံ့သည်။
သာသနာနှစ် - (၁၇) ရာစု
သီဟိုဠ်ကျွန်းတွင် ပရက္ကမဗာဟု မင်းကြီးလည်း တမီလ်နိုင်ငံကိုပါ တိုက်ခိုက်အောင်နိုင်သည်၊ မဟာ ယာန အနွယ် အဘယဂိရိ ဂိုဏ်းသားများကို လူဝတ်လဲစေသည်။ သီဟိုဠ်ကျွန်းရှိ သံဃာ အားလုံးကို မဟာဝိဟာရ ဂိုဏ်း တစ်ခုတည်းဖြစ်အောင် ပူးပေါင်းစေသည်။ သီဟိုဠ် တစ်ကျွန်းလုံးတွင် ဂိုဏ်းကွဲမရှိ၊ မဟာဝိဟာရ တစ်ဂိုဏ်းတည်းသာ ရှိစေသည်။
အလောင်းစည်သူ မင်းကြီးလက်ထက်တွင် သီဟိုဠ်ကျွန်းမှ ပြန်ကြွလာသော မြန်မာပြည်သား ရဟန်းတော် အရှင်ဆပ္ပဒက ဂိုဏ်းသီးခြား တည်ထောင်သဖြင့် ပုဂံပြည်တွင် ပုရိမ သံဃာနှင့် ပစ္ဆိမ သံဃာဟူ၍ နှစ်ဂိုဏ်း ကွဲကြသည်။ သထုံမှလာသော ရှင်အရဟံ အနွယ်များကို ပုရိမ သံဃာဟု ခေါ်ကြ၍ အရှင်ဆပ္ပဒ အဆက်အနွယ် သံဃာတော်များကို ပစ္ဆိမ သံဃာဟု ခေါ်ကြသည်။ ပုဂံနှင့် သီဟိုဠ်တို့ အချင်းချင်း သာသနာရေး ဆက်သွယ်မှု ပြုကြသည်။
အိန္နိယ အနောက်ပိုင်းနှင့် အလယ်ပိုင်း မဂဓတိုင်း တို့ကို တူရကီ အနွယ်တို့က သိမ်းပိုက်သည်။ နာလန္ဒ တက္ကသိုလ်၊ ဝိက္ကမသီလာ တက္ကသိုလ်၊ ဇဂဒ္ဒလ တက္ကသိုလ် စသည်ဖြင့် ဗုဒ္ဓဘာသာ တက္ကသိုလ် ကျောင်းတော်ကြီးများ ဖျက်ဆီးခံရသည်။ အိန္ဒိယပြည်တွင် ရဟန်းတော်များ ထောင်သောင်းချီ၍ အစုလိုက် အပြုံလိုက် အသတ်ခံကြရသည်။
သာသနာနှစ် - (၁၈) ရာစု
ဘင်္ဂလား (ဝင်္ဂတိုင်း) ပြည် ပါလမင်းများ အနေဖြင့် တိုင်းပြည်လုံခြုံမှု ကာကွယ်ရေးအတွက် ကိုးကွယ်အားထားနေသော သြဒန္တ ပူရိတက္ကသိုလ် ကျောင်းကြီးအတွင်းရှိ ဝိဇ္ဇာဘုန်းကြီးများကို မိုဟာ မေဒင် မြင်းစီးတပ်သား ၂၀၀ က သတ်ဖြတ်မီးရှို့ ဖျက်ဆီး၍ ဘင်္ဂလား တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့သည်။ ဝိဇ္ဇာဘုန်းကြီးများ၏ နတ်ရုပ်များ၊ မန္တန်များ၊ အင်းအိုင် ခါးလှည့်များသည် တစုံတရာ အကာအကွယ် မပေးနိုင်သဖြင့် ဝိဇ္ဇာဘုန်းကြီးများ၏ လိမ်ညာဝါကြွားမှု ပေါ်သွားသည်။ ဗုဒ္ဓသာသနာတော်သည် အိန္ဒိယ ပြည်မှ လုံးဝပျောက်ကွယ်သွားလေသည်။
ဂျပန်ပြည်တွင် အမိတာ ဘုရား ကိုးကွယ်သော ဂျိုဒိုဂိုဏ်းဝင် ဂျပန်မင်းမျိုး မင်းနွယ်မှ ရဟန်း ပြုသော ရှိုနင်သည် အိမ်ထောင်ပြုသော ဘုန်းကြီးဂိုဏ်းကို စတင်တည်ထောင်သည်။ ထိုဂိုဏ်းကို “ရှင်” ဂိုဏ်း ဟု ခေါ်သည်။ နောက်ပိုင်းတွင် ဂျပန်ပြည်ရှိ အခြားသော ဗုဒ္ဓဘာသာ ဂိုဏ်းဝင် ရဟန်းများ သည်လည်း “ရှင်” ဂိုဏ်းကို အတုယူ အားကျ၍ အိမ်ထောင်ပြုကြသည်။ ဤခေတ်၌ ဂျပန်ပြည် ဗုဒ္ဓဘာသာ ဘုန်းကြီးအားလုံးမှာ လူဝတ်ကြောင်များနှင့် အနေအထိုင် အကျင့်သီလ ထူးခြားမှု မရှိချေ၊ ဘုရားတရား ကြည်ညို၍ ဘာသာရေး စာပေကို တတ်ကျွမ်းသူကို (ဘုန်းကြီး=ဘိုစံ) ဟု ခေါ်၍ ဘာသာရေး ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုကြသည်။
ထိုင်းနိုင်ငံသည် စစ်အင်အား ကောင်းလာ၍ ကမ္ဘောဒီးယား သြဇာရိပ်မှ လွတ်ကင်းခဲ့သည်။ ထေရဝါဒ သာသနာကို ချီးမြှောက်ထောက်ပံ့သည်၊ သီဟိုဠ်နှင့် သာသနာရေး ဆက်သွယ်မှု ပြုခဲ့သည်။
သာသနာနှစ် - (၁၉) ရာစု
မြန်မာနိုင်ငံ ပင်းယနေပြည်တော်တွင် ဂါမဝါသီ ရဟန်း၊ အရညဝါသီ ရဟန်းနှင့် အရည်းကြီး အနွယ်ဝင် ရဟန်းများ အင်တူအားတူ ရှိနေခဲ့သည်။
တရုတ်ပြည်တွင် ကူဗလိုင်ခန် မင်းကြီးသည် မဟာယာန ဗုဒ္ဓဘာသာနှင့် တိဗက်လားမား ဗုဒ္ဓ ဘာသာကို ချီးမြှင့် ထောက်ပံ့ခဲ့သည်။ တိဗက်ပြည်ကို ရဟန်းမင်း (ဘုန်းကြီးဘုရင်) များက အုပ်စိုး ကြသည်။ အဝလောကိတေသရ ဘုရားလောင်းသည် လူဝင်စား ဖြစ်လာ၍ ရဟန်းမင်း အဖြစ် အုပ်ချုပ် ရသည်။ သာသနာပိုင် ရဟန်းမင်းကြီး သေဆုံးလျှင် အသစ်တစ်ဖန် ပြန်လည်ဝင်စား၍ ဆက်လက် အုပ်ချုပ်ရသည်။
သာသနာနှစ် - (၂၀) ရာစု
ထိုင်းနိုင်ငံတွင် သီရိဓမ္မ စက္ကဝတ္ထိတိလက ရာဇာဓိရာဇာသည် ဇင်းမယ်မြို့၌ သင်္ဂါယနာ တင်ပွဲ ပြုလုပ်ခဲ့သည်။
ပဲခူး ဟံသာဝတီ နေပြည်တော်တွင် ဓမ္မစေတီမင်းကြီးသည် ရဟန်းတော် ၄၀ ကို သီဟိုဠ်သို့ လွှတ်၍ သိက္ခာအသစ်ယူ (ရဟန်းခံ) စေသည်။ သီဟိုဠ်မှ ပြန်ကြွလာသော ရဟန်းသစ်များဖြင့် ကလျာဏီ သိမ်ကြီးကို သမုတ်သည်။ အောက်မြန်မာနိုင်ငံရှိ ရဟန်းတော် အားလုံးကို သိက္ခာချစေ၍ ထိုသိမ်၌ သိက္ခာ အသစ်ယူ (ရဟန်းခံ) စေသည်။ သံဃာတော်များကို ပရိယတ္ထိ ပဋိပတ္ထိ လုပ်ငန်း နှစ်မျိုး၌သာ အားထုတ်စေ၍ ဗေဒင်ဟော၊ ဆေးကု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး လုပ်သော ရဟန်းအားလုံးကို လူဝတ်လဲစေခြင်းဖြင့် သာသနာတော် သန့်ရှင်းစင်ကြယ်ရေးကို ဆောင်ရွက်ခဲ့သည်။
မလ္လာယုကျွန်းဆွယ်နှင့် သုဝဏ္ဏဒီပခေါ် အင်ဒိုနီးရှားနိုင်ငံ၌ အာရဗ်သဘောင်္သား ကုန်သည်များ ရောက်ရှိ၍ အစ္စလာမ် သာသနာပြုကြသည်။
သာသနာနှစ် - (၂၁) ရာစု
အင်ဒိုနီးရှားနှင့် မလ္လာယုကျွန်း၌ ဗုဒ္ဓသာသနာတော် ကွယ်ပ၍ အစ္စလာမ် သာသနာ ထွန်းကား သည်။
အင်းဝ နေပြည်တော်တွင် သိုဟန်ဘွား နန်းစံ၍ ရဟန်း ၃၀၀၀ ခန့် သတ်ဖြတ်ခံရသည်။ ပိဋကတ် ကျမ်းစာများကို မီးတိုက်သည်။
သာသနာနှစ် - (၂၂) ရာစု
သီဟိုဠ်ကျွန်းတွင် ပထမ ရာဇသီဟ ဘုရင်သည် ဖခင်ကို သတ်၍ နန်းတက်သည်။ ဟိန္နူ အယူသို့ ကူးပြောင်းပြီး ရဟန်းများကို သတ်၍ ပိဋကတ် ကျမ်းဂန်တို့ကို မီးရှို့သည်။ ထိုမင်း နန်းကျ၍ ဝိမလဓမ္မ သူရိယမင်း လက်ထက်၌ ယိုးဒယားနှင့် ရခိုင်မှ သံဃာတော်များ ပင့်၍ သီဟိုဠ် သာသနာကို ပြန်လည် အသက် ဆက်ရသည်။
မြန်မာနိုင်ငံတွင် ငဇင်ကာသည် သန်လျင်၌ အခြေစိုက်၍ ဘုရားပုထိုးများ ဖျက်သည်။ ဗုဒ္ဓဘာသာဝင် လူထုကို ဘုရင်ဂျီဘာသာသို့ အဓမ္မ အနိုင်အထက် ပြုလုပ် သွတ်သွင်းခဲ့သည်။
သာသနာနှစ် - (၂၃) ရာစု
တရုတ်ပြည်တွင် မန်ချူးမင်းဆက် ကန်ဆီဘုရင်က ရဟန်းတစ်ပါးလျှင် သာမဏေ တစ်ပါးသာ ထားခွင့်ပြုသည်။ ကျောင်းတိုက်ကြီးများ၌သာ ရဟန်းခံခွင့်ပြုသည်။ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်တွင် တုံဂိုဏ်း ရုံဂိုဏ်းများ ကွဲပြားခဲ့သည်။
သာသနာနှစ် - (၂၄) ရာစု
သီဟိုဠ်ကျွန်းသည် အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့သည်။ ဘိုးတော် မင်းတရားကြီး လက်ထက်တွင် သီဟိုဠ်ကျွန်းမှ ရဟန်းများသည် အမရပူရ နေပြည်တော်သို့ ကြွလာ၍ သိက္ခာ တင်ကြသည်။ သီဟိုဠ်သို့ ပြန်၍ အမရပူရ ဂိုဏ်း သီးခြား တည်ထောင်သည်။
ယိုးဒယားပြည်တွင် အယုဒ္ဓယမြို့ ပျက်စီးပြီးနောက် သင်္ဂါယနာ တင်ပွဲကို တစ်နှစ်ကြာ ပြုလုပ် ကျင်းပခဲ့သည်။
သာသနာနှစ် - (၂၅) ရာစု
မန္တလေး နေပြည်တော်တွင် မင်းတုန်းမင်း တရားကြီး၏ အထောက်အပံ့ ခံယူ၍ ပဉ္စမ သင်္ဂါယနာ တင်ခဲ့သည်။ မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့၍ ဂိုဏ်းကွဲမှုများ ပေါ်ထွန်းခဲ့သည်။
ဂျပန်ပြည်တွင် မေဂျီဘုရင်ခေတ်၌ ဘာသာတရား အားလုံးကို တန်းတူ ညီမျှ လွတ်လပ်ခွင့် ပြုလိုက်ရာ ဗုဒ္ဓဘာသာ အားနည်း၍ ရှင်တို ဘာသာ အားကောင်းလာသည်။
တရုတ်ပြည်တွင် ဒေါက်တာ ဆွန်ယက်ဆင် ဦးဆောင်၍ သမ္မတနိုင်ငံ ထူထောင်ပြီးသောအခါ ဘုန်းကြီးကျောင်းများကို ပြည်သူပိုင် သိမ်း၍ စာသင်ကျောင်း ပြုလုပ်ရာ ပြည်သူတို့ မကျေနပ်သဖြင့် အလျှော့ပေးခဲ့ရသည်။
လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံတွင် မြန်မာ၊ သီဟိုဠ်၊ ယိုးဒယား၊ ကမ္ဘောဒီယား၊ လာအို ထေရဝါဒ ငါးနိုင်ငံ စုပေါင်း၍ ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီး ကျင်းပခဲ့သည်။
ပြန်လည်သုံးသပ်ချက်
တစ်ချိန်တုန်းက ဗုဒ္ဓသာသနာတော်သည် အာရှတိုက်ကြီး တစ်ခုလုံးကို သင်္ကန်းရောင် ဖုံးအုပ်ခဲ့၍ ယခုအခါ တည်ရာဒေသအားဖြင့် ကျဉ်းမြောင်းလာချေပြီ။ အရေအတွက် အားဖြင့်လည်း ရှေးခေတ်က ကမ္ဘာ့လူဦးရေ ၅ ပုံ ၄ ပုံတို့၏ ကိုးကွယ်မှုခံ ဘဝမှ ယခုအခါ ကမ္ဘာ့ လူဦးရေ ၁၀ ပုံ ၁ ပုံ၏ ကိုးကွယ်မှု ကိုသာ ခံယူရသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ။
အချို့ကဆိုကြသည် "တိုးတက်နေသော စက်မှုခေတ်, အနုမြူခေတ်နှင့် ကိုက်ညီအောာင် မြတ်ဗုဒ္ဓ၏ တရားတော်များကို နုတ်ပယ် ဖြည့်စွက် ပြုပြင်ကြရမည်" ဟု ဆိုကြသည်။ ထိုသို့ ပြုပြင် ကြစတမ်းဆိုပါက မိမိဆန္ဒနှင့် မကိုက်ညီတိုင်း ဖြုတ်လိုက်ကြ၊ ဖြည့်စွက်လိုက်ကြ၊ ဆက်ကာဆက်ကာ ပြုပြင်နေကြလျှင် မကြာမီအတွင်း မူရင်း တရားတော် အစစ်အမှန် ကျန်တော့မည် မဟုတ်ချေ။ ဒုတိယ သင်္ဂါယနာ တင်ပွဲ၌ ဂိုဏ်းခွဲ ထွက်ခဲ့ကြသော မဟာသံဃိက ဂိုဏ်းနှင့် မဟာယာန ဂိုဏ်းများသည် ဗုဒ္ဓ သာသနာတော်ကို ဒေသအလိုက်၊ ခေတ်အလိုက် ကိုက်ညီအောင် ပြုပြင်ခဲ့ကြသဖြင့် ၎င်းဂိုဏ်းတို့၌ မူရင်း ပါဠိတော်အစစ် ပျောက်ဆုံးခဲ့ရလေသည်။ မိမိလက်ထက်၌ မိမိ စိတ်ကြိုက် ပြင်ဆင်ပါက နောင်လာ နောက်သားများကလည်း မိမိချမှတ်ခဲ့သော မူဝါဒအရ သူတို့ စိတ်ကြိုက် ပြင်ကြပေလိမ့်ဦးမည်။ ဤသို့ အားဖြင့် ဘာသာယုံကြည်ချက်နှင့် လူတို့၏ အကျင့်စာရိတ္တသည် အသားမကျ အနယ်မထိုင်ဘဲ အမြဲ ယိမ်းယိုင် ပြောင်းလဲနေလေတော့မည်။ ထို့ကြောင့် ဘုရားဟော ဒေသနာတော်ကို ခေတ်နှင့် လိုက်လျော အောင် ပြုပြင်ရန် မလိုချေ၊ နိမ့်ကျသော လူတို့၏ အကျင့်စာရိတ္တနှင့် ဘာသာ အယူဝါဒကို ဗုဒ္ဓ တရားတော်နှင့် ကိုက်ညီအောင် မြှင့်တင်ပေးခြင်း သည်သာလျှင် နည်းမှန် လမ်းမှန် ဖြစ်ပေမည်။
တစ်ဖန် အချို့က ဆိုကြပြန်သည်၊ "မြေကြီးက တစ်လက်မလောက် လွတ်အောင် ဈာန်ပျံပြနိုင်လျှင် ကမ္ဘာတစ်ခွင်လုံးကို ဗုဒ္ဓဘာသာဝင် ဖြစ်အောင် သာသနာပြုနိုင်မည်" ဟု ဆိုကြ၏။ ဈာန်ပျံပြခြင်းမှာ တန်ခိုးပြခြင်း ဖြစ်၏။ မြတ်စွာဘုရားရှင်သည် တန်ခိုးပြ၍ သာသနာပြုနည်းကို နှစ်သက်တော် မမူချေ။ မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်က နာလန္ဒမြို့နေ ဒါယကာ တစ်ဦးက လျှောက်ထားဖူး၏။ "မြတ်စွာဘုရား ဤနာလန္ဒမြို့နေ လူအားလုံး သာသနာတော်ကို ယုံကြည် သက်ဝင်အောင် တန်ခိုး ပြာဋိဟာ ပြသော ရဟန်း တစ်ပါးကို အမြဲ ခန့်ထားပေးတော်မူပါဘုရား- တဲ့"။ ထိုအခါ မြတ်စွာဘုရားရှင်က "ဤသို့ မြေလျှိုး မိုးပျံ တန်ခိုးပြ၍ သာသနာပြုပါက ထိုရဟန်းကို ဂန္ဓာရီ ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ်ထူး အဖြစ်ဖြင့်သာ ကိုးကွယ်ဆည်းကပ်ကြ လတ္တံ့။ ထိုရဟန်း၏ သီလ၊ သမာဓိ၊ ပညာတို့ကို ကြည်ညို မြတ်နိုးရကောင်းမှန်း သိမည်မဟုတ်" ဟု မိန့်တော်မူ၍ တန်ခိုးပြ၍ သာသနာပြုနည်းကို ပယ်မြစ်တော်မူခဲ့သည်။
ထို့ပြင် မြေလျှိုး မိုးပျံစသော တန်ခိုးများသည် အံ့သြစရာကောင်းရုံမှ တစ်ပါး အားကို အားထားစရာ မဟုတ်ချေ။ စားနပ်ရိက္ခာအတွက် လယ်သမားကိုသာ အားထားရပေမည်။ ကုန်ထုတ်လုပ်ငန်းအတွက် အလုပ်သမားကိုသာ အားထားရပေမည်။ တိုင်းပြည် ကာကွယ်ရေးအတွက် စစ်သည် သူရဲကောင်း များကိုသာ အားထားရပေမည်။ မှန်ကန်၍ တရားမျှတသော လူမှု ဆက်ဆံရေး၊ လူ့ကျင့်ဝတ်များ ထွန်းကားရေးအတွက် ရဟန်းတော်များကိုသာ အားထားရပေမည်။ လူများစု မခိုးမဝှက်၊ မလိမ် မကောက်အောင် ရဟန်းတော်များက ကိုယ်တိုင် ကျင့်သုံး၍ ဟောကြား ဆုံးမကြရမည် ဖြစ်ပေသည်။
ရဟန်းတော်များသည် လူဒါယကာများ အယူဝါဒ မှန်ကန်၍ အကျင့် စာရိတ္တကောင်းအောင် ဟောကြား ဆုံးမ သွန်သင်မှုကို မပြုဘဲ တန်ခိုးပြရုံသာ ပြနေကြပါက ဗုဒ္ဓသာသနာတော် အမြန် ကွယ်ပရန်သာ ဖြစ်၏။
သာသနာနှစ် ၁၀၀၀- ကျော်က အိန္ဒိယပြည်တွင် တန္တရ, မန္တရ ဂိုဏ်းဝင် ဘုန်းတော်ကြီးများသည် မန္တန်များ၊ အင်းအိုင်၊ ခါးလှည့် လက်ဖွဲ့များ၊ အဆောင်များ၊ နတ်ရုပ်များ၊ မယ်တော်ကြီး ရုပ်များ၊ ကန်တော့ပွဲများဖြင့် ဟိတ်ဟန်ထုတ်ကာ တန်ခိုးပြ၍ စားခဲ့ကြသည်။ ယင်းတန်ခိုးရှင်ကြီးများသည် ထွက်ရပ်ပေါက် (သိဒ္ဓိရှင်) ဝိဇ္ဇာဓိုရ် စသည်ဖြင့် အမည်ခံ၍ အညွှန့် ခူးခဲ့ကြသည်။ ပြည်သူလူထုကလည်း ယင်းပုဂ္ဂိုလ်ကြီးများအား ပန်းဦးလွှတ် (ပူဇော်) သည်အထိ အရူးထခဲ့ကြသည်။ သာသနာနှစ် ၁၃၀၀ ကျော်သောအခါ အိန္ဒိယပြည်ကြီးကို တူရကီ အနွယ်တို့က တစ်မြို့ပြီး တစ်မြို့ တိုက်ခိုက် သိမ်းပိုက် လာသည်။ ကောသလတိုင်းနှင့် မဂဓတိုင်းတို့ ကျဆုံးသွားသော်လည်း အဆိုပါ သိဒ္ဓိရှင်ကြီးများကား အရှိန်မပျက် ကြွားကောင်းနေဆဲပင်ဖြစ်၏။ နောက်ဆုံးပိတ် ဘင်္ဂလားပြည် (ဝင်္ဂတိုင်း) ၏ ဘုရင်ပါလ မင်းကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment