Thursday, September 11, 2014

ကိုယ်ချစ်သောနိုင်ငံ


ဒီကမ္ဘာမှာ ကိုယ်အချစ်ဆုံးနိုင်ငံကို ပြောပါဆိုရင် “မြန်မာနိုင်ငံ” လို့ မဆိုင်းမတွ ဖြေဆိုလိုက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ ကိုယ်မွေးဖွားကြီးပြင်းလာခဲ့ရာ နိုင်ငံတစ်ခုဖြစ်နေလို့ပါပဲ။

နိုင်ငံသားတစ်ယောက်ဟာ မိမိနိုင်ငံကို စိတ်ဝင်စားပါမှ နိုင်ငံသားပီသမယ်လို့ ထင်ပါတယ်။ ကိုယ်ဟာ ကိုယ့်နိုင်ငံကို စိတ်ဝင်စားပါတယ်။ ကိုယ့်နိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမ အားလုံးကိုလည်း စိတ်ဝင်စားပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံထဲက သစ်ပင်တောတောင်၊ အင်းအိုင်မြစ်ချောင်းတွေ အားလုံးကိုလည်း စိတ်ဝင်စားပါတယ်။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ရင် အပ်ကျတာကအစ သိချင်ပါတယ်။

မီဒီယာလွတ်လပ်ခွင့် ပွင့်လင်းလာပြီးနောက်ပိုင်း ပုဂ္ဂလိကသတင်းစာ တွေထွက်လာတဲ့အတွက် ကိုယ့်နိုင်ငံအကြောင်း ကို အရင်ထက် ပိုသိလာရပါတယ်။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ပြီး သတင်းကောင်းရော သတင်းဆိုးရော အကုန်ကြားသိနေရပါတယ်။ မကောင်းလည်း ကိုယ့်နိုင်ငံ၊ ကောင်းလည်း ကိုယ့်နိုင်ငံဆိုတော့ အားလုံးကို လက်ခံရမှာပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ကောင်းတာ တွေကြားတော့ ဝမ်းသာကြည်နူးရပြီး ဆိုးတာတွေကြားတော့ စိတ်မချမ်းမသာဖြစ်ရ ပါတယ်။

ဒီဆောင်းပါးထဲမှာ ကိုယ်အဓိကရေးချင်တာက ကိုယ့်နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေရဲ့ စိတ်ဓာတ်အကြောင်းပါ။ “ဗုဒ္ဓဘာသာနိုင်ငံလို့လည်း ဆိုရဲ့၊ မနာလိုဝန်တိုစိတ် အားကြီးလိုက်တာလည်း လွန်ပါရော” ဆိုတဲ့ အပြောမျိုးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်လာရင် ကိုယ်တို့မြန်မာလူမျိုးတွေ ဟာ တစ်ယောက်နဲ့တစ်ယောက် မညှာတာနိုင်ကြဘဲ ဦးသူက ယူစတမ်း၊ နိုင်သူက သိမ်းပိုက်စတမ်း၊ အင်အားကြီးသူက ဖိနှိပ်စတမ်း ပြုမူနေကြတဲ့ စိတ်ဓာတ်တွေကို ရည်ညွှန်းပြီး ပြောကြပုံရပါတယ်။

တကယ်လည်း ယခုလက်ရှိ ကိုယ်တို့ရဲ့အပြုအမူတွေဟာ အဲဒီလိုအပြောခံရတဲ့ အခြေအနေကို ရောက်နေကြတာပဲ မဟုတ်လား။ ကိုယ့်ထက်အရည်အချင်း သာနေမှန်းသိပါရက်နဲ့ နေရာမပေးချင်တာမျိုး၊ ကိုယ့်အခွင့်အရေးကို သူများယူသွားမှာကို မနာလို ဝန်တိုဖြစ်နေတာမျိုး၊ ရတုန်းလေး ယူထားရတာဆိုပြီး နိုင်ငံ့ဂုဏ်သိက္ခာ၊ မျိုးရိုးအစဉ်အလာ ဂုဏ်သိက္ခာကို မငဲ့ဘဲ “တာဝန်” ကို “လုပ်ပိုင်ခွင့်” လို့ ထင်မြင်ယူဆ နေကြတာမျိုး၊ အတ္တကိုရှေ့တန်းတင်ပြီး အများအကျိုးကို လျစ်လျူရှုကာ နေဆိတ်နိုင်ကြတာမျိုး၊ ကိုယ်ကျင့်တရားကို အလေးမထားဘဲ “သိက္ခာ” နဲ့ “ရိက္ခာ” ကို လဲလှယ်နေကြတာမျိုးစတဲ့ အပြုအမူမျိုးတွေဟာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အချက်တွေပါပဲ။

တကယ်တော့ ကိုယ်တို့မြန်မာနိုင်ငံရဲ့ အတိတ်က သမိုင်းကြောင်းတွေ၊ အစဉ်အလာတွေကို ပြန်ပြောင်းငဲ့ကြည့် စေချင်ပါတယ်။ မြန်မာလူမျိုးဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနဲ့အတူ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်မှာ သိမ်မွေ့နူးညံ့စွာ နေထိုင်လာခဲ့ကြတာပါ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့ သဘောမျိုးပြောတာ မဟုတ်ပါဘူး။ ကိုယ်တို့ရဲ့ ဘိုးဘွားဘီဘင်တွေလို့ဆိုရမယ့် ရှေးမြန်မာလူ မျိုးတွေဟာ စိတ်ဓာတ်အဆင့်အတန်း ယဉ်ကျေးသိမ်မွေ့ပြီး အားလုံးကို ဖော်ဖော်ရွေရွေ ချစ်ချစ်ခင်ခင်နဲ့ ပြုမူဆက်ဆံတတ်ကြသူတွေပါ။

ဒီဆောင်းပါးကို ရေးနေစဉ်မှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ မိန့်ခဲ့ဖူးတာတစ်ခု သွားသတိရမိပါတယ်။ ဆရာတော်က မန္တလေးမှာရှိတဲ့ အမရပူရမြို့မှာ နေထိုင်ခဲ့ကြတဲ့ ရှေးမြန်မာလူမျိုးတွေအကြောင်း ပြောပြရာမှာ ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ လုပ်ငန်းတူစီးပွားရေးသမား အချင်းချင်း ပြိုင်ဘက်လိုသဘောမထားဘဲ စိတ်ကောင်းမွေးကြပုံကို အဆင်လေးတစ်ခု ဈေးကွက်ထဲမှာ အဝယ်လိုက်နေပြီဆိုရင် “ကိုရင် အဲဒီအဆင်လေး တင်ကြည့်ပါလား၊ အခုအရမ်း အဝယ်လိုက်နေတယ်” ဆိုပြီး လက်တို့ပြောကြသတဲ့။ ကိုင်း-ကြည့်စမ်း ဘယ်လောက်စိတ်သဘောထား ကောင်းလိုက်ကြသလဲ” လို့ ဆရာတော်ကမိန့်ပါတယ်။ ကိုယ်တို့ရဲ့ ဘိုးဘေးတွေဟာ အဲဒီလို စိတ်သဘောထား ကောင်းခဲ့ကြသူတွေပါ။ မြန်မာလူမျိုးတွေဟာ မနိမ့်သော စိတ်ဓာတ်အဆင့်အတန်းနဲ့ နေထိုင်လာခဲ့ကြတာပါ။ “တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား” ဆိုသလို ကိုယ်တို့ခေတ်ရောက်မှ ဘယ်လိုဖြစ်သွား ကြကုန်တာလဲ။

မြန်မာလူမျိုးတွေဟာ “သဒ္ဓါမချို့လေတဲ့ မြန်မာတို့” ဆိုတဲ့ သီချင်းထဲကအတိုင်း စေတနာ၊ သဒ္ဓါတရား အင်မတန်ကောင်းခဲ့ကြတဲ့လူမျိုးပါ။ မရှိဆင်းရဲတဲ့သူတွေ့ရင် (ဘာသာယဉ်ကျေးမှု တူတူ မတူတူ) ပေးကမ်းထောက်ပံ့ကူညီဖို့ ဝန်မလေးတဲ့လူမျိုးပါ။ မြန်မာလူမျိုးဟာ အင်မတန် သနားကရုဏာ အားကြီးတဲ့လူမျိုးပါ။ ၁၉၄၁ ခုနှစ် ဂျပန်ခေတ်လောက်က စစ်ဘေးရှောင်ရန်အတွက် ဆရာကြီး ရွှေဥဒေါင်းတို့ မိသားစုဟာ ရန်ကုန်မှ ရွှေဘိုသို့ ရထားစီးလာကြပါတယ်။ လမ်းတစ်လျှောက်ရှိ ဘူတာတိုင်းလိုလိုမှာ စောင့်ဆိုင်းနေကြတဲ့ မြန်မာလူမျိုးတွေဟာ ရထားပေါ်ပါလာတဲ့ ခရီးသည်တွေကို “စစ်ပြေးဒုက္ခသည်များ” ဆိုတဲ့အနေနဲ့ ကရုဏာသက်စွာ ကြည့်နေကြတာကို တွေ့ရပါတယ်။ အဲဒီလူတွေဟာ ကြည့်ရုံသက်သက် မဟုတ်ဘဲ သူတို့လက်ထဲမှာပါလာတဲ့ ထန်းလျက်၊ မြေပဲ၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ပဲ၊ စိမ်းစားဥ၊ ထမင်းထုပ်၊ ဆေးလိပ်စတာတွေကို ရထားတွဲပေါ်က ဒုက္ခသည်တွေအား ဝေငှပေးကမ်းကြပါတော့တယ်။ ခရီးသည်တွေထဲမှာ ပေးကမ်းသူတွေကလည်း လူမျိုးမရွေး၊ ဘာသာမရွေး ပေးကမ်းကြပါတယ်။ ကိုယ့်လူမျိုးမို့လို့ ပိုပေးခြင်း၊ သူ့လူမျိုးမို့လို့ လျှော့ပေးခြင်းမရှိဘဲ ညီတူညီမျှ ကြည်ဖြူရက်ရောစွာ ပေးကမ်းလိုက်ကြပါတယ်လို့ ဆရာကြီးက သူ့ရဲ့ အတ္ထုပ္ပတ္တိထဲမှာ ထည့်ရေးခဲ့ပါတယ်။ ကိုယ်တို့ မြန်မာလူမျိုးဟာ အဲဒီလို သဒ္ဓါတရား အားကောင်းခဲ့ကြတဲ့ လူမျိုးပါ။

ဒုက္ခရောက်နေတဲ့ လူမျိုးကို ကူညီတတ်သူအဖြစ် အစဉ်အလာရှိခဲ့တဲ့ ကိုယ်တို့လူမျိုးဟာ ယခုလက်ရှိ ကိုယ့်ပြည်တွင်းထဲမှာ စားစရာမဲ့၊ နေစရာမဲ့၊ အာဏာမဲ့၊ အခွင့်အရေးမဲ့၊ ခိုကိုးရာမဲ့၊ မျှော်လင့်ချက်မဲ့နေတဲ့ ကိုယ့်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပစ်မထားသင့်ဘူးလို့ ထင်ပါတယ်။ တစ်ချိန်က ကိုယ်တို့ရဲ့ ဘိုးဘွားတွေကျင့်သုံးခဲ့တဲ့ စိတ်ဓာတ်ကောင်းတွေကို ပြန်လည်မွေးမြူ ထိန်းသိမ်းထားသင့်တယ်လို့ ထင်ပါတယ်။

အဲဒီလို အစဉ်အလာကောင်း၊ စိတ်ဓာတ်ကောင်းတွေကို ပြန်လည်ထူထောင်နိုင်ပြီဆိ ရင်ဖြင့် လက်ရှိအချိန်မှာ ကိုယ်တို့မျှော်လင့်နေတဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာရေး၊ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး၊ အခွင့်အရေး တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးစတဲ့ လမ်းစဉ်တွေကို မလွဲမသွေ အကောင်အထည် ဖော်နိုင်မှာ သေချာပါတယ်။ အဲဒီလိုဖြစ်လာ ခဲ့မယ်ဆိုရင်တော့ ကိုယ်ချစ်တဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပန်းတိုင်နဲ့ သိပ်မဝေးတော့ဘူးလို့ ထင်ပါတယ်။

-မောင်ကြည်

No comments:

Post a Comment