Saturday, September 13, 2014

RCSS/SSA နှင့် SNDP ပါတီတို့ ပူးပေါင်းကာ လူသစ်စုဆောင်းနေပြီလား ?


ရှမ်းပြည်နယ် တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဟဲဆိုင် ကျေးရွာအုပ်စု၊ ကန်အွန်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS / SSA)မှ ဒေသခံပြည်သူများအား ခေါ်ယူတွေ့ဆုံကာ စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်နေ့အထိ အစည်းအဝေးပြုလုပ်ပြီး လူသစ်စုဆောင်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ လဲချားမြို့နယ်၊ SNDP ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ နှင့်ပါတီဝင်များ၊ လဲချားမြို့နယ်နှင့် မိုင်းနောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

``လဲချားနဲ့ မိုင်းနောင်မြို့နယ်ထဲကရွာတွေကို တစ်ရွာတစ်ယောက်ခေါ်ထားတာဆိုတော့ အစည်းအဝေး တက်ရောက်တာ လူပေါင်း ၃၀၀ လောက်ရှိမယ်၊ ခေါ်တုန်းက ရှမ်းစာပေသင်ဖို့လို့ပြောတာဘဲ၊ ဒါပေမယ့် နိုင်ငံရေးစကားတွေနဲ့ လူသစ်ပေးဖို့ပဲပြောနေတာ´´ဟု မိုင်းနောင်မြို့ခံ ဦးစိုင်းတိန်ဝိန်ကပြောသည်။

RCSS/SSA မှဦးဆောင်လုပ်သော အစည်းအဝေးသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ မြို့နယ်ပါတီဝင်များ တက်ရောက်မှုအပေါ် အံ့အားသင့်ရကြောင်း ပင်လုံမြို့ခံ တစည ပါတီဝင်တစ်ဦးကဆိုသည်။

``တစ်ခုထူးခြားတာက အဲဒီအစည်းအဝေးကို ရှမ်းတွေပဲ တက်ဖို့ခေါ်တာ၊ ကျန်တဲ့တိုင်းရင်းသားတွေမပါဘူး၊ ကြားတာကတော့ ရွက်ဆစ်အဖွဲ့က လူသစ်တောင်းတယ်၊ ပြီးတော့ ရှမ်းလူထုကို စည်းရုံးတာပေါ့၊ သူတို့အဖွဲ့ထဲ ၀င်ဖို့ SNDP ပါတီဝင်တွေကလည်း တိုက်တွန်းတယ်လို့သိရတယ်´´ဟုဝိန်းကောင်ကျေးရွာနေ ကိုခွန်သာထွန်း ကပြောကြားသည်။

RCSS/SSA အဖွဲ့မှ ဒေသခံရှမ်းလူထုအား ရှမ်းလူမျိုးစတင်ဖြစ်ပေါ်လာပုံ၊ ရှမ်းစော်ဘွားများက ရှမ်းပြည်နယ် မြို့များအား အုပ်ချုပ်ခဲ့ပုံနှင့် ၎င်းတို့အဖွဲ့အနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုထားသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် လုပ်ဆောင်နေခြင်းကို အားပေးရန်လိုကြောင်း၊ ၎င်းတို့အဖွဲ့လိုအပ်သော လူသစ်၊ ဆက်ကြေးနှင့် ရိက္ခာများကို ယခင်ထက်ပိုမိုထောက်ပံ့ပေးရန် လိုအပ်ကြောင်းပြောဆိုစည်းရုံးနေသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သော ဒေသခံတစ်ဦးက ပြောကြားသွားသည်။


မိုးညှင်းသတင်းအဖွဲ့ blog လိပ်စာ www.mohnyinnews.blogspot.com သတင်းပေးပို့ရန်gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment