ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၅၆၊ ဆရာZဖေ၀င်း ဆောင်းပါး ...
စိုးရိမ်စိတ်၊ သံသယစိတ်များနဲ့ သွားနေရတဲ့ ရွေးကောက်ပွဲ
မြန်မာ့ အပြောင်းအလဲအတွက် ကြုံတောင့်ကြုံခဲအဖြစ် မျှော်လင့်နေကြရတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ ရက် ၂၀ တောင် မလိုတော့ပါဘူး။ ရွေးကောက်ပွဲအတွက် မဲဆွယ်ရက် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ ပညာပေးရေး ဟောပြောပွဲတွေကစလို့ လူထုအတွင်း ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်တွေ တိုးပွားလာတာပါ။ နောက်ပိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ရွေးကောက်ပွဲ မွဲဆွယ်မှုတွေ တွေ့လာရတယ်။ နောက်တော့ ပုတ်ခတ်မှုတွေ၊ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်မှုတွေနဲ့ ဆိုးဝါးသည်းသန်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားများအဖို့တော့ အမှားအယွင်းများလှတဲ့ ရွေးကောက်ပွဲမဲစာရင်းများ၊ ကော်မရှင်ရဲ့ ချွတ်ယွင်းချက်များကို ပြောဆိုဝေဖန်ရင်းနဲ့ပဲ မဲပေးရက်ကို ရောက်လာတော့မှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကော်မရှင်ရဲ့ ကတိတွေ၊ အစိုးရနဲ့ တပ်မတော်ဘက်က ပေးခဲ့တဲ့ အာမခံချက်တွေ ဆိုတာလည်း ထပ်ပြောစရာ မလိုလို့လား မသိ၊ သိပ်မကြား ရတော့ပါဘူး။ နောက်မှာ အမှားအယွင်းတွေ၊ ကြိုတင် အကွက်ချမှုတွေ ရှိလာခဲ့ရင်တောင် မြန်မာလူမျိုးက ပွဲပြီး မီးသေ စိတ်ဓာတ်မျိုး ရှိတဲ့အတွက် ပြဿနာ သိပ်တာမရှည် လောက်ဘူးလို့ ယူဆကြတာလည်း ဖြစ်နိုင်ပါတယ်။
၁၅ ရက်နေ့လောက်ကစလို့ စင်ကာပူနဲ့ တောင် ကိုရီးယားမှာ ကြိုတင်မဲတွေ ပေးနေကြပါပြီ။ မီဒီယာတွေမှာ တက်လာတဲ့ ပုံတွေအရ စင်ကာပူမှာ ရှိတဲ့ မြန်မာများရဲ့ စိတ်လှုပ်ရှားစရာကောင်းလောက်တဲ့ ထက်သန်မှုတွေကို တွေ့ရပါတယ်။ မဲပေးခွင့် ဆုံးရှုံးမှာစိုးလို့ ညအိပ်ပြီး တန်းစီ ရတယ် ဆိုတာ ဘယ်နိုင်ငံရဲ့ ရာဇ၀င်မှာမှ ရှိမယ် မထင်ပါဘူး။ တစ်ဖက်က မြန်မာလူငယ်များရဲ့ ချီးကျူး လေးစားဖွယ်ရာ စိတ်ဓာတ်ကို တွေ့ရတာ ဖြစ်ပေမယ့် တစ်ဖက်ကတော့ သူများ တိုင်းပြည်မှာ ကျန်တဲ့သူတွေအတွက် အံ့သြဖွယ်ရာ (သို့မဟုတ်) အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေနိုင်တာ ဖြစ်ပါတယ်။ အဓိက ကတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းလှကြောင်း ဖော်ပြနေတာပဲ ဖြစ်တယ်။ အပေါ်ကလာတဲ့ ညွှန်ကြားချက် တွေနဲ့ပဲ ယဉ်ပါးလာတဲ့ ပုံစံဟာ အခုလည်း ဒီအတိုင်းပဲ ဆိုတာ ဖော်ပြနေတာပါ။ ရေဘူးပေါက်ရင် ရေမပါနိုင်ပါဘူး။ ရေဘူး မပေါက်အောင် အရင် လုပ်ဖို့ လိုတယ်ဆိုတဲ့ အသိအမြင်ကို ရဖို့ လိုနေတာပါ။ အဝေးရောက် မဲများဟာ ပြည်မကို ရောက်တဲ့အခါမှာ ပင်မ မဲစာရင်းနဲ့ ဘယ်လို ပေါင်းစပ်သွားကြမလဲ၊ ကြိုတင် မဲများအဖြစ် မဲရုံတွေကို ဖြန့်ခွဲ ရောက်ရှိသွားမယ်ဆိုရင် ပေးလိုက်တဲ့ မဲစာရင်း (ဥပမာ-စင်ကာပူဆိုရင် နှစ်သောင်းကျော်လောက်)နဲ့ ကိုက်မကိုက် ဘယ်လို တာဝန်ယူ စစ်ဆေးနိုင်မလဲ ဆိုတာလည်း သိဖို့ လိုနေတာပါ။ အခု ပြည်ပရောက် မဲဆန်္ဒရှင်များ စိတ်ပူတာက သူတို့ ပေးလိုက်တဲ့ မဲတွေ ပြောင်းလဲသွားမှာနဲ့ လူပိုတွေ ပါလာမှာကို စိုးရိမ်ကြတာ ဖြစ်တယ်။ ဒီလို ကိစ္စမျိုးကို ကော်မရှင်က တာဝန်ယူ ရှင်းလင်းပေးဖို့ လိုပါတယ်။
အရင့်အရင် အတွေ့အကြုံများကြောင့် တစ်နိုင်ငံ လုံးက သံသယနဲ့ သွားနေကြရတာပါပဲ။ ရွေးကောက်ပွဲ ရလဒ်ကို ရိုးရိုးသားသား လက်ခံတယ်ဆိုတာ လူအတွေရဲ့ အလုပ်ပဲလို့ တချို့က ယူဆကြတာ ဖြစ်တယ်။ လူထု ထောက်ခံမှု များတယ်ဆိုရင် လူတွေက ရူးလို့ ထောက်ခံ နေကြတာပါလို့ ဆိုသူကလည်း ရှိခဲ့တာပါပဲ။ ဟိုတလောက ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြဖို့ သမ္မတက အရေးတကြီး တိုက်တွန်း သွားတာ တွေ့လိုက်ရပါတယ်။ သူပြောတာက လူထုက သဲသဲလှုပ် အားပေးကြသည့်တိုင် စင်ကာပူ ရွေးကောက်ပွဲလို အရင်လူတွေပဲ အနိုင်ရသွားခဲ့ရင် ဆူဆူ ပူပူ မလုပ်ဘဲ လက်ခံကြဖို့ဆိုတဲ့ သဘောမျိုး ပေါက်နေ ပါတယ်။ အခုတွေ့ရတဲ့ ထူးခြားချက်က ပါတီကြီးဆိုတဲ့ သူတွေက သူတို့ နိုင်မယ်လို့ပဲ အပိုင် ယူဆနေမှုတွေ ဖြစ်တယ်။ ဒီလို ယူဆဖို့အတွက် ဘယ်လို အပိုင်ကွက်တွေ ရှိထားသလဲ ဆိုတဲ့ စဉ်းစားစရာတောင် ဖြစ်လာပါတယ်။ အမှန်တရားက နောက်မှ ပေါ်တာဖြစ်တဲ့အတွက် အရေးကြီး သဘောထား စရာ မလိုဘဲ တစ်နည်းနည်းနဲ့ အနိုင်ရ ဖို့က ဦးစားပေး လုပ်ဖို့လိုတယ်လို့ ယူဆမှုတွေရှိတဲ့ တိုင်းပြည် တိုင်းမှာ ပြဿနာတက်တာကိုပဲ တွေ့ကြရတာ ဖြစ်တယ်။
ရွေးကောက်ပွဲ မဲဆွယ်မှုတွေက အစမှာတော့ အေးအေးဆေးဆေး၊ နောက်တော့ တက်တက်ကြွကြွ၊ နောက် အသည်းအသန်နဲ့ နောက်ဆုံး သွေးရူးသွေးတန်း ဖြစ်လာလေ့ ရှိပါတယ်။ အခုလည်း ဒီလိုပဲ တွေ့မြင်နေရတာ ဖြစ်တယ်။ လက်ရှိ ခေါင်းဆောင်တချို့ဟာ နိုင်ငံရေး မဲဆွယ်မှု ဆိုတာကို ပုဂ်္ဂိုလ်ရေး ထိုးနှက်မှုလုပ်မှ နိုင်ငံရေးလို့ မြင်နေပုံ ရတယ်။ ခေတ်အကြောင်း၊ စနစ်အကြောင်း၊ အပြောင်းအလဲ အကြောင်း ပြောတာထက် အတိုက်အခံ ခေါင်းဆောင်အပေါ် ထိပါး ပြောဆိုလိုက်ရမှ ကျေနပ်သွားကြပုံ ရှိနေတယ်။ ဒါပေမဲ့ လူထုရဲ့ နိုင်ငံရေး ရေချိန်က အရမ်းမြင့်နေတဲ့အတွက် ဒီလို စကားတွေလောက်နဲ့ လူထုကို ဆွဲဆောင်လို့ရမှာ မဟုတ်ပါဘူး ဆိုတာ သူတို့ မသိဘဲ ဖြစ်နေပါတယ်။
လက်ရှိ ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ အပြောင်းအလဲ တစ်ရပ် ဖော်ဆောင်နိုင်မလား ဆိုတာအပေါ် လူထုတွေက မျှော်လင့်ချက် ကြီးမားစွာ ထားနေတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်တရားပွဲတွေမှာ သဲသဲလှုပ် တက်ရောက်လာကြတဲ့ လူထုပရိသတ်ကို ကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါ့အပြင် စင်ကာပူနဲ့ တောင်ကိုရီးယားမှာ ရှိကြတဲ့ ပြည်ပရောက် မြန်မာလူငယ်၊ လူလတ်များရဲ့ မဲပေးပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို ရိုးသားစွာ လက်ခံကြဖို့ ဆိုတာက အတိုက်အခံနဲ့ ပြည်သူလူထုကြီးက အာဏာရ ပုဂ်္ဂိုလ်များကို တိုက်တွန်း တောင်းဆိုရမှာပါ။
ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ် ကျမှုနဲ့ အတူ အစိုးရနဲ့ တပ်မတော်ရဲ့ ကြားနေ ကူညီပေးမှု ကလည်း အရေးကြီးလှတာ ဖြစ်ပါတယ်။ ကာချုပ်ရဲ့ ပြောဆိုချက်တစ်ခုမှာ မဲများများ ရသူက သူတို့ကို လာပြီး မဟာမိတ်လုပ်ဖို့ ပြောလာပါလိမ့်မယ်ဆိုတဲ့ စကားတစ်ခွန်း ပါဝင်ပါတယ်။ ဒီစကားက အကြီးဆုံး ပါတီကြီးနှစ်ခုကို ရည်ဩန်းတာလို့ ယူဆနိုင်ပါတယ်။ ရွေးကောက်ခံစရာ မလိုဘဲ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ဘိုင်သေရထားတဲ့ တပ်မတော်ဟာ အမတ်နေရာ ၂၀ ရာခိုင်နှုန်း အထက် ရလာတဲ့ ဘယ်ပါတီမဆိုအတွက် အရေးပါတဲ့ မဟာမိတ် ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။ တပ်မတော်ကသာ အစစ်အမှန် ကြားနေဖို့ စိတ်ဓာတ်ရှိတယ်ဆိုရင် ၂၀ ရာခိုင်နှုန်းကျော် ရတဲ့ ဘယ်ပါတီကိုမဆို လက်ခံနိုင်မှာ ဖြစ်တယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သာလျှင် အခိုင်မာဆုံး ခံကတုတ်ထဲမှာ ရှိနေနိုင်တာဖြစ်တယ်။ Educational Initiative အဖွဲ့က “အီဂေါဗလာဇီဗစ်”ရဲ့ ဆောင်းပါးတစ်စောင်မှာ တပ်မတော်ဟာ ကြံ့ခိုင်ရေးပါတီ၊ မဘသကဲ့သို့ ဘာသာရေးဆိုင်ရာများနဲ့ တောင့်တင်းလှတဲ့ စီးပွားရေးလုပ်ငန်းများဆိုတဲ့ အလွှာအထပ်ထပ်နဲ့ ကာကွယ် ပြီး အလယ်မှာ ရှိနေတာ ဖြစ်တယ်လို့ ဆိုထားတာပါ။ ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ တပ်မတော်အနေနဲ့ အတိုက်အခံ ပါတီသာ မဲအများစု အနိုင်ရခဲ့မယ်ဆိုရင်၊ ၎င်းင်းပါတီနှင့် လက်တွဲခြင်းကသာ တိုင်းပြည်ရဲ့ အနာဂတ်ကို ချစ်ခင်ရာ ကျပါလိမ့်မယ်။ အခု လွှတ်တော်သက်တမ်း တစ်လျှောက် လုံးမှာ အတိုက်အခံဘက်က တပ်မတော်ကို ချဉ်းကပ်ဖို့ ကြိုးစားမှုတွေ အားလုံး မအောင်မြင်ခဲ့တာ တွေ့ရမှာပါ။ နှစ်ပေါင်း ၃၀ နီးပါး နိုင်ငံရေးခရီးမှာ ဒေါ်အောင်ဆန်း စုကြည် ဟာ ကွေ့ကွေ့ကောက်ကောက် နိုင်ငံရေးသမားမျိုး မဟုတ်ဘဲ သူ ယုံကြည်ရာကို ရိုးရိုးရှင်းရှင်း လုပ်နေတဲ့ နိုင်ငံရေးသမား ဆိုတာ တပ်မတော်ဘက်ကလည်း တွေ့မြင် နိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိ တပ်မတော် ခေါင်းဆောင်များ ကိုယ်တိုင် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှု၊ ပညာ အရည်အချင်း စတာတွေကြောင့် အရင် ပုဂ်္ဂိုလ်များလို တစ်ယူသန် မဟုတ်တော့ဘူးလို့ ပြည်သူများက ယူဆ ချင်ကြတာပါ။
အခု ကြားရတဲ့ သတင်းများအရ ပြည်ပမှာ မဲပေးကြတဲ့ အခြေအနေဟာ အတော် ဆိုးပါတယ်။ စင်ကာပူမှာ ညအိပ် တန်းစီပြီး မဲပေးကြရတဲ့ လူငယ်တွေရဲ့ နိုင်ငံကို ပြောင်းလဲ လိုစိတ်၊ နိုင်ငံကြီးသား ပီသမှုနဲ့ နိုင်ငံချစ်စိတ်တွေဟာ စိတ်ထိခိုက်စရာ ကောင်းလောက်အောင် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေမယ့် ဒါဟာ နိုင်ငံတကာမှာ အစိုးရအတွက် ရုပ်ပျက် ဆင်းပျက် ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ စင်ကာပူမှာ လူဦးရေ သိန်းနဲ့ချီရှိတဲ့ မလေးရှား၊ အိန်္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ သူတို့နိုင်ငံသားတွေ မဲပေးဖို့ လနဲ့ချီပြီး ကြိုတင် မဲပေးနိုင်အောင် လုပ်ပေးထား တာပါ။ မြန်မာနိုင်ငံက မဲပေးသူ နှစ်သောင်းလောက်ကိုတောင် စနစ်တကျ မစီစဉ်နိုင်တာဟာ ရွေးကောက်ပွဲကော်မရှင်ရော သက်ဆိုင်ရာ သံရုံးနဲ့ အခြား သက်ဆိုင်ရာ တာဝန်ရှိသူများ အလွန် ညံ့ဖျင်းတယ် ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ တပ်ထွက်တွေ ဦးစီးရင် ဘယ်လုပ်ငန်းမှ မအောင်မြင်ဘူး ဆိုတာ ပြောစမှတ်ကို ဖြစ်နေတော့တာပါပဲ။
ဒါဟာ တည်ငြိမ်အေးချမ်းတဲ့ ဒေသက မဲတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မတည်ငြိမ်၊ မအေးချမ်းလို့ ရွေးကောက်ပွဲ ကျင်းပလို့ မရတဲ့ ကျေးရွာအုပ်စု ၄၀၀ ကျော်နဲ့ “၀”နယ်၊ မိုင်းလားတို့က မြို့နယ် ၅ ခု ရှိပါသေးတယ်။ နောက်တစ်ခု အဆိုးဆုံးက ရွေးကောက်ပွဲ တကယ်တမ်း သမာသမတ် ဖြစ်ပါ့မလားဆိုတဲ့ စိုးတထိတ်ထိတ် ဖြစ်နေရတဲ့ ကိစ်္စပါ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးဟာ အသက် ၇၀ လောက် ရှိနေပါပြီ။ သူ့ရဲ့ အင်တာဗျူးတွေမှာ ပြောဆိုချက်တွေအရ တိုင်းပြည်အရေးဟာ သူနဲ့ အင်မတန် သက်ဆိုင်နေပြီး၊ အလွန် တာဝန်ယူလိုစိတ် ရှိသလို တွေ့မြင်ရတာ ဖြစ်ပါတယ်။ တကယ် တိုင်းပြည်ကို ချစ်တယ် ဆိုရင်တော့ ဦးဘဌေး ကော်မရှင်လို လုပ်မလား၊ ဘက်တစ်ဖက်ကို ညစ်ပြီး အနိုင်ရအောင် လုပ်သွားတဲ့ ဦးသိန်းစိုး ကော်မရှင်လို လုပ်မလား ဆိုတာ ရွေးချယ် ရတော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ဖက်သတ်၊ မတရား အနိုင်ယူတဲ့သူ မည်သူကိုမဆို ပြည်သူလူထုကတော့ ဂဠုန်ဦးစောလိုပဲ ရှုမြင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်စွန်းတစ်စ မြင်နေရပြီဖြစ်တဲ့ ဒီမိုကရေစီ ခရီးလမ်းမှာ ဂဠုန်ဦးစော လက်သစ်များ ပေါ်မလာဖို့ ဆုတောင်းကြရမှာပဲ ဖြစ်ပါတယ်။
Zဖေ၀င်း
No comments:
Post a Comment